All News interview

“(ထွေ/အုပ် ဝန်ထမ်း ၈၀၀ ထွက်မယ်ဆိုတဲ့) ကောလာဟလ ပြောကြတယ်လို့ ထင်တယ်။ ဒီဘက်မှာတော့ ထွက်မယ်၊ ပြုမယ် တစ်ယောက်မှ ကျနော်မကြားမိပါဘူး”

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

NLD အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ရှိနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ စစ်တပ်ကအဆိုပြုသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ်ထားရချိန်တွင် NLD အစိုးရက ထွေ/အုပ်ကို ပြည်ထဲရေးအောက်မှ ဆွဲထုတ်ခြင်းကြောင့် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ရသော အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပိုမိုချောမွေ့လာနိုင်မည်လား၊ မည်ကဲ့သို့သော အကျိုးရလဒ်များ ရနိုင်မည်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ပြည်ထဲရေးလက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၊ ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ဖို့ ရှိနေတဲ့အပေါ် ဘယ်လိုသုံးသပ်လဲ။

ဖြေ ။ ။ အခုလို မျိုး လုပ်တာကောင်းပါတယ်။ သူရဲ့ အလုပ်သဘော ၊ သဘာဝအရ အခုလိုမျိုးတိုက်ရိုက်ကွပ်ကဲတာက ဖြစ်သင့်တာပဲလေ ။

မေး ။ ။ ထွေအုပ်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အဓိကဘာလို့ ပြောမလဲ။ သူရဲ့ အဓိက လုပ်ဆောင်ချက်ကဘာလဲ ။

ဖြေ ။ ။ ကျနော်တို့ကတော့ အဓိကက အဆင့်ဆင့် အုပ်ချုပ်မှုပိုင်းတွေမှာ တာဝန်ယူပြီးတော့ ပြည်သူ့တွေရဲ့တရားဥပဒေစိုးမိုးမှု ၊ ရပ်ရွာအေးချမ်းသာယာရေး ၊ ဒေသဖွံ့ဖြိုးရေး ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေး တို့ ဒါတွေ ကျနော်တို့ လုပ်ရတာ ။

မေး ။ ။ ဝန်ကြီးဌာန ပြောင်းရွှေ့သွားတဲ့ အပေါ်မှာ အားသာချက် ၊ အားနည်းချက်တွေက ဘာတွေ ဖြစ်လာမလဲ ။

ဖြေ ။ ။ ဒါတော့ ကျနော်တို့က ပြောလို့ မရသေးဘူး။ ကျနော်တို့ကို ဘယ်လိုတာဝန်ပေးမလဲ ၊ အောက်မှာ ထားပြီး ဘယ်လို့စီမံခန့်ခွဲမှာလဲ ဆိုတာ မသိရသေးဘူး။ သိပြီးမှ ပြောလို့ရမှာ ။

မေး ။ ။ ထွေအုပ်က အုပ်ချုပ်ရေးမှာ တပ်ရဲ့ အုပ်ချုပ်မှုအောက်က ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရား ပုံစံနဲ့ သွားနေတာဆိုတော့ အခု အရပ်သား အစိုးရဝန်ကြီးဌာနအောက် အစားထိုးဖြစ်တော့ ဘာတွေ ပြောင်းသွားမယ်ထင်လဲ။

ဖြေ ။ ။ ကောင်းပါတယ်။ ကျနော်တို့ လက်ရှိဆောင်ရွက်နေတဲ့ အစိုးရ ၊ သူတို့ရဲ့ တာဝန်ပေးအပ်မှုအပေါ် မူတည်သွားမှာပေါ့။ သူတို့က ပြည်သူ့အတွက်က ထိရောက်တဲ့ အကျိုးပြုနိုင်ဖို့ လုပ်ငန်းတွေ တာဝန်ပေးအပ်ရင် ၊ ဆောင်ရွက်စေရင် ကျနော်တို့ ပိုပြီးကောင်းလာမှာပါ။

မေး ။ ။ အခု အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး ဘာတွေ မျှော်လင့်လဲ။

ဖြေ ။ ။ အဲဒါကတော့ သူကအရင်က သီးခြား ပြည်ထဲရေးအောက်မှာ ရှိတာလေ ။ အခုကျတော့ ပြည်ထောင်စုအစိုးရအဖွဲ့အောက်မှာ ကျနော်တို့ တာဝန်ထမ်းဆောင်ရမယ်။ သူတို့ရဲ့ လုပ်ငန်းအပိုင်းတွေ ၊ ပိုမိုထိရောက်အောင် လုပ်ပေးနိုင်မယ်လို့ ကျနော်တို့ထင်မိတယ်။

မေး ။ ။ အရင်က ထွေအုပ်ရဲ့ လုပ်ပိုင်ခွင့်တွေက အများကြီး ကျယ်ပြန့်တာတွေ ရှိတယ်။ အစိုးရရဲ့ လုပ်ငန်းဆောင်တာအဆင့်ဆင့်တွေမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာတွေ ရှိခဲ့တယ်။ ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနလက်အောက်ထဲ ရောက်သွားတာက ဘယ်လို ပြောင်းလဲသွားနိုင်လဲ။ လုပ်ပိုင်ခွင့် နည်းသွားမလား။

ဖြေ ။ ။ ကျနော်တို့ အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ လုပ်ပိုင်ခွင့် နဲ့ အခြားဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့် ၊ ဒါတွေကတော့ ဆက်ပြီး လုပ်နေရမှာပဲ ။သူတို့အောက်ကို ရောက်သွားရင် ကျနော်တို့ ဌာနလုပ်ငန်းက ဌာနလုပ်ငန်းအနေနဲ့ ရှိနေမှာပဲ ။ အဓိက ပိုပြီး တော့ အစိုးရ အဖွဲ့တစ်ခုတည်းရဲ့ အောက်မှာဆိုတော့ ပိုပြီး ထိရောက်စွာဆောင်ရွက်နိုင်လာနိုင်မယ်လို့ ထင်ပါတယ်။

မေး ။ ။ အခုသတင်းတွေ ကြားမိနေတဲ့ ထွေ/အုပ် ဝန်ထမ်း ၈၀၀ လောက်ထွက်မယ်ဆိုတာ သတင်းတွေထွက်နေတယ်။ တကယ်ထွက်ကြမလား။

ဖြေ ။ ။ ကျနော်က အဲဒါတော့(ထွေ/အုပ် ဝန်ထမ်း ၈၀၀ ထွက်မယ်ဆိုတဲ့) ကောလဟလ ပြောကြတယ်လို့ ထင်တယ်။ ဒီဘက်မှာတော့ ထွက်မယ် ၊ ပြုမယ် တစ်ယောက်မှ ကျနော် မကြား မိပါဘူး။

မေး ။ ။ ပြည်သူတွေကို တိုက်ရိုက်ထိတွေ့ အုပ်ချုပ်တဲ့အခါ ထွေ/အုပ်က အာဏာရှင်ဆန်တယ်ဆိုပြီး ပြောခဲ့တာတွေလည်းရှိတယ်။ အခု ဘယ်လို ဖြစ်လာမယ်ထင်လဲ။

ဖြေ ။ ။ ဒါကလည်း ပြည်ထဲရေးအောက်မှာ သူအလုပ်နဲ့ သူ သွားတာပေါ့။ ပြည်ထောင်စုအစိုးရအောက်မှာ လုပ်တော့လည်း ဒါမျိုးတွေက ကောင်းတဲ့သူ ပြောကြသလို ၊ မကောင်းတဲ့ ပြောကြတာတွေလည်း ပြောကြမှာပဲလေ။ ဒါတွေက ကြုံရမှာပဲ။ အဲဒါတော့ ရှိနေမှာပဲ။

မေး ။ ။ စနစ်ကတော့ ပြောင်းလိုက်ပြီ ။ ထွေ/အုပ် ဝန်ထမ်းတွေဘက်ကရော ပြောင်းလဲမှုအပေါ် လိုက်ပြီး ပြောင်းလိုက်နိုင်ပါ့မလား။

ဖြေ ။ ။ ဒါကတော့ ခုနက ကျနော်ပြောသလို သူတို့ဘယ်လို့ တာဝန်ပေးအပ်မှာလဲ ။ ကျနော်တို့ကို ၊ အဲဒီအပေါ် မူတည်သွားမှာပါ။ အဓိက ကျနော်တို့က ခေတ်အဆက်ဆက် နေလာခဲ့တာ ။ ကျနော်ဆိုရင်လည်း ပင်စားသွားခါနီးပြီ ။ ကျနော်တို့ အရင်တုန်းက ပြည်ထဲရေးအောက်မှာ ရုံးအဖွဲ့လိုမျိုး လုပ်ရတာ။ အခုလည်း ရုံးအဖွဲ့လိုမျိုး လုပ်ရမှာပဲ ၊ ကျနော်တို့က ပြည်ထောင်စုအစိုးရအဖွဲ့အောက်မှာ လမ်းကြောင်းက မှန်ကန်ပြီးတော့ ဖြောင့်တန်းစွာ ပိုထိရောက်လာမယ်လို့ ယုံကြည်မိပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com