Local News political news

တပ်မတော်က ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များထံသို့ ရိက္ခာပေးပို့မှု တားဆီးသည့်အပြင် အတင်းအကျပ် နေရပ်ပြန်ခိုင်းနေ

နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရခိုင်စစ်ဘေးရှောင်များအတွက် ပရဟိတအဖွဲ့အစည်းများက ရိက္ခာပေးပို့မှုများကို တပ်မတော်က တားဆီးနေသည့်အပြင် စစ်ဘေးရှောင်ဒုက္ခသည်များကိုလည်း နေရပ်များဆီသို့ အတင်းအကျပ် ပြန်ခိုင်းနေကြောင်း ဒုက္ခသည်များကို ကူညီနေသည့် ပရဟိတအဖွဲ့အစည်းများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ရှိနေသည့် သလူချောင်း၊ ငစရိုင်းကိုင်း စသော ရိုးချောင်းအထက်ပိုင်းကျေးရွာများဆီသို့ သွားရောက်ခွင့် မပေးကြောင်းသင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ဦးအမ်းသားကြီးက ပြောဆိုသည်။

“ကျနော်တို့က သွားပြီး ကူညီထောက်ပံ့မှုတွေ ပေးမှာပါ။ ကျနော်တို့မှာ ဒုက္ခသည်တွေ သွားရောက်ကူညီနိုင်ဖို့ စားနပ်ရိက္ခာတွေက အဆင့်သင့်ရှိနေပါတယ်။ သွားလို့ရတယ်လို့ သူတို့ ပြောဆိုတာနဲ့ ကျနော်တို့က ချက်ချင်းသွားကူညီကြမှာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်မယ်ဆိုရင် အဲ့ဒေသမှာ လုံ့ခြုံရေးအတွက် ဘယ်လောက်အာမခံချက် ပေးနိုင်မလဲ ။ နောက်တစ်ခုက အစိုးရက အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ (၄ လတာ) အတွင်း ပြောတယ်လေ။ အဲ့ဒီပြောတဲ့နေမှာပဲ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရရဲ့စကားကို ကျနော်တို့ ယုံရမလား။ ယုံကြည်ရရင် ကျနော်တို့ ပို့ပေးမယ်။ နောက်ပြီး ပြည်သူ့တွေကို သူတို့ နေဖို့ ၊ ထိုင်ဖို့ ၊ စားဖို့သောက်ဖို့ အဆင်ပြေအောင် အနည်းဆုံး ၁၀ ရက်စာလောက် ကူညီထောက်ပံ့ပေးထားတယ်” ဟု ဦးအမ်းသားကြီးက ဆိုသည်။

အစိုးရတပ်မတော်က ၄ လတာ စစ်ဆင်ရေး ရပ်ဆိုင်းကြောင်း ကြေညာချက်ထွက်ရှိလာသည့် နောက်ပိုင်း ရခိုင်ပြည်နယ်ဘက်မှ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ တိုးပွားနေကြောင်း သိရှိရသည်။

ကျောက်တော်မြို့နယ် ကန်စောက်၊ တောင်မင်းကုလား၊ သလူချောင်း၊ ငစရိုင်းကိုင်း စသည့် ကျေးရွာများတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော်ရှိနေပြီး တပ်မတော်ဘက်ကလည်း ယိုးချောင်းဖျားကျေးရွာများဆီသို့ သွားလာခွင့်နဲ့ စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်ထားကြောင်း သိရှိရသည်။

ကန်စောက် အုပ်ချုပ်ရေးမှူး ဦးသင်္ဂကျော်က “ကန်စောက်နဲ့ တောင်မင်းရွာသာ ကူညီဆောင်ရွက်မှုတွေ ရနေသေးတယ်။ အခြားနေရာတွေတော့ သွားလို့မရသေးဘူး ။ဒီနေ့တော့ ဘီလူးချောင်းအပေါ်ဘက်တွေတော့ ဆရာတော်တွေတော့ သွားကြတယ်။ ဆန် ၊ အဝတ်တွေ ပါသွားတယ်။ နောက်ပြီးတော့ ငါးခြောက် ၊ ငါးပိ ၊ ဟင်းချိုမှုန့် ၊ စားသောက်ကုန်ပစ္စည်း ၊ အဲဒီလိုတွ သွားပေးတာ ကြားတယ်။ နေရပ်ပိုဖို့တော့ မကြားသေးဘူး။ ဒါပေမဲ့ ဒီမှာ တခြားလူမှုရေးကိစ္စ ၊ ကျန်းမာရေးပိုင်းဆိုင်ရာ ၊ ရေသန့်ရေကောင်းရရှိရေး အားလုံး ကျနော်တို့က ဦးဆောင်လုပ်ပေးထားပါတယ်” ဟု ပြောဆိုသည်။

ကန်စောက်ဘုန်းတော်ကြီးကျောင်းက ကံဇောက်ဆရာတော်က “အခုအခြေအနေအထိတော့ ယာယီအဆောင်တွေ ထိုးဖို့လိုနေတယ်။ လက်ရှိ ဒုက္ခသည် ၄၆၀ ကျော် လက်ခံထားတယ်” ဟု ပြောဆိုသည်။

တပ်မတော်က စစ်ဘေးရှောင်းဒုက္ခသည်များကို နေရပ်သို့ အတင်းအကျပ်ပြန်ခိုင်းနေပြီး ဒုက္ခသည်များကမူ နေရပ်ပြန်ရန် ငြင်းဆန်နေကြဆဲဖြစ်ကြောင်း သိရှိရသည်။

“ဟိုတလောက တပ်ကနေ ပြောသံကြားတယ်။ သူတို့ ရောက်လာတယ်။ သူတို့က ပြန်ဖို့ ပြောလာတယ်။ နေရပ်ပြန်ပို့ ဖို့ပေါ့။ ဒါပေမဲ့ ဒုက္ခသည်တွေက မပြန်ဖူးပေါ့ ။ တခြားနေရာတွေမှတော့ ရှိမယ်ထင်တယ် ၊ ဘယ်နေရာ ၊ ဘယ်နေရာမှ ဦးဇင်းက အတိအကျမသိတာ။ ရှိတော့ ရှိမယ်ထင်တယ်” ဟု ကံဇောက်ဆရာတော်က ပြောဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်ထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်း မရှိပေ။

စစ်ဘေးရှောင်ဒုက္ခသည်များသည် ကျွန်းသာယာ၊ ချင်းမဝန်တောင်း၊ တွင်းပညာ၊ ခရုမော် စသည့် ကျေးရွာများမှဖြစ်ပြီး စစ်ရှောင်အရေအတွက် ၁၀၀၀ ကျော်ရှိလာနေကြောင်း သိရှိရသည်။

တပ်မတော်က စစ်တိုင်း ၅ တိုင်းတွင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ၄ လတာ ရပ်ဆိုင်းထားသော်လည်း ရခိုင်ပြည်နယ်တွင် AA နှင့် တိုက်ပွဲများ အရှိန်အဟုန်မြင့်တက်လျက်ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com