All News interview

တပ်မတော်က ငြိမ်းချမ်းရေးအတွက် ၄ လတာ စစ်ဆင်ရေး ရပ်ဆိုင်းခြင်းအပေါ် ကရင်လက်နက်ကိုင်တွေအကြား အမြင်ကွဲလွဲ

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးအတွက် စစ်တိုင်း ၅ တိုင်းမှာ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမယ်ဆိုတဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ကရင်လက်နက်ကိုင်တွေကြားမှာ အမြင်ကွဲလွဲမှုရှိနေပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကတော့ သတိနဲ့ ကြိုဆိုပြီး DKBA နဲ့ KNU/KNLA ကတော့ တပ်မတော်ရဲ့ ကြေညာချက်ကို အပြည့်အဝယုံကြည်ကြိုဆိုကြောင်း ပြောဆိုပါတယ်။ ရန်ကုန်ခေတ်သစ်က KNU ၊ KNU/KNLA နဲ့ DKBA က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပဒိုစောတာဒိုမှူး
အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားအစည်းအရုံး(KNU)

ကျနာ်တို့က အမြဲတမ်းအကောင်းပဲ မျှော်လင့်နေတာပါ။ ဒါပေမယ့် တပ်မတော်က ဒီလို့လုပ်တယ်ဆိုတာကလည်း ကျနော်တို့ အရင်တုန်းက တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလေ ။ တစ်ခါမျှ မတွေ့ခဲ့ဖူးတဲ့ ဒီလိုမျိုး စစ်ရေး လုပ်ရှားမှုတွေ ရပ်ဆိုင်းပေးတာ ကျနော်တို့ အမြင်ကတော့ အင်မတန်မှပဲ ကြားမိတာ အားရှိပါတယ်။ အကောင်းလည်း မြင်ပါတယ်။

ပထမဦးဆုံးကတော့ အပစ်ရပ်ရမှာပေါ့ ။ အပစ်အခတ်ရပ်ဆဲရေးကို အရင်လုပ်ပြီးမှ နောက်ပိုင်းမှ အပစ်အရပ်ရပ်ဆဲရေးက ဒီလောက်အထိ ဦးတည့်မလဲဆိုတဲ့ ကိစ္စကို စကားပြောဖို့ လိုတာပေါ့ ။ ဥပမာ- ၄ လ တာ ရပ်ဆိုင်းတယ်ဆိုတာက နည်းပညာအရဆိုရင် Truce လုပ်တယ်လို့ ခေါ်တယ်။ Truce ဆိုတာ အချိန်အကန့် အသတ် တစ်ခုကို အခြေခံပြီးတော့ ရည်ရွယ်ချက်တစ်ခု တစ်ခုပေါ်မှာ လုပ်တဲ့ အပစ်အခတ်ရပ်စဲရေး မျိုး ဖြစ်တာကိုး။ အဲ့တော့ နိုင်ငံရေး အနှစ်သာရ တစ်ခု ပို ပါရအောင် ၊ နိုင်ငံရေး ပိုင်းဆိုင်ရာလည်း ဘယ်လို့ မျိုးများ ၊ နှစ်ဖက်ကြား မှာ ဘယ်လို့ဆွေးနွေးရသလဲ ၊ ရှေ့ဆက်ဘယ်လို့ နိုင်ငံရေး အဖြေရှာနိုင်တဲ့ လမ်းကြောင်း ဘယ်လို့ ရှာထုတ်လို့ရမလဲ ဒီလို့ဟာမျိုးတော့ဆွေးနွေးရင်တော့ သင့်တော်တာပေါ့ ။

အမှန်ကတော့ ကျနော်တို့ ဒီနိုင်ငံကတော့ ငြိမ်းချမ်းရေး ရသင့်နေပါပြီ ။ အဲဒီတော့ ငြိမ်းချမ်းရေးရနိုင်ဖို့ အတွက် ယုံကြည်မှုအခြေခံတွေကို ဖန်တီးတဲ့ လုပ်ရပ်မှန်သမျှတော့ လုပ်နိုင်ရင် ကောင်းနိုင်လေပဲ ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နိုင်ငံရေးကို အခြေခံပြီး တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ၄ လဆိုတဲ့ အချိန်ကာလကတော့ ကျနော်တို့ နိုင်ငံတော်ဘက်က တာဝန်ရှိတဲ့ ခေါင်းဆောင် တွေရဲ့ ဘယ်လောက်အထိ မူဝါဒပိုင်းဆိုင်ရာ ဖြေလျော့မှု လုပ်လဲဆိုတာကို မူတည်လိမ့်မယ် ထင်ပါတယ်။ အဲ့တောကြောင့် ပြောချင်တာကတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေလည်း ရှိနေတာပေါ့ ။နောက်ပိုင်းဆိုရင် အာ့သာ လည်း ရှိတဲ့အတွက်ကြောင့် ဒီလို့မျိုး အပစ်အခတ်ရပ်ဆဲရေး မကြေညာရခြင်း ဖြစ်ပါတယ် ပုံစံမျိုး ကျနော်တို့ သတင်းတွေမှ တွေ့ရတာကိုး ။ အဓိက EAO တွေနဲ့ လုပ်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းတွေဖြစ်တယ်အတွက်ကြောင့် ဒီထက်ရှင်းလင်းမယ့် Statement တွေလုပ်နိုင်ရင် ပိုပြီး သင့်တော့်တာပေါ့။

အားလုံးခြုံငုံကြည့်မယ်ဆိုရင် ကျနော်တို့ အရွေ့လေးတစ်ရွေ့ တစ်ခုတော့ ရှိလာတာပေါ့ ။ အဲ့ဒီအပေါ်မှာ အားလုံးက ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ တစ်နိုင်ငံလုံးအတွက် စီးပွားရေး ၊ လူမှုရေး ၊ ဖွံ့ဖြိုးရေး အခြေခံ အကုန်လုံးက ဒီငြိမ်းချမ်းရေးက ကျနော်တို့ ဘယ်လောက်အထိ တည်ဆောက်နိုင်သလဲဆိုတာ မူတည်နေတာအတွက်ကြောင့် ဒီ Stakeholder အကုန်လုံးက ငြိမ်းချမ်းရေးကို ရေးရှုပြီးတော့ ကျနော်တို့ ဖြေလျော့မှုတွေနဲ့ အဖြေရှာပြီး အလျော့အတင်းလုပ်တဲ့ ကိစ္စမျိုး ကျနော်တို့ လမ်းရှာပြီး သွားမယ်ဆိုရင် အနှေးအမြန် ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ရောက်သွားမှာပါ

ဗိုလ်မှူးကြီး စောကျော်ညွန့်
တွဲဘက်အတွင်းရေးမှူး ၊ KNU/KNLA (ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)

ကျနော်တို့ နားလည်တာက စစ်ဆင်ရေး ၄ လ ရပ်နားတယ်ဆိုတာက အဲ့ဒီမှာ သူရပ်နားထားတဲ့ နယ်မြေ ၅ ခုမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ NCA မှာပါလာဖို့ ၊ ညှိနှိုင်းဆွေးနွေးဖို့ ၊ NRPC နဲ့ ညှိနှိုင်းဆွေးနွေးဖို့အချိန် ပိုပြီးတော့ မြင့်တင်ပေးလိုက်တဲ့သဘောပေါ့။

ကျနော်တို့ကတော့ ရိုးရိုးသားသားပဲ တွေးတယ်။ ဒီတောင်ဘက်မှ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက အများအားဖြင့် NCA မှ ပါပြီးသားဆိုတော့ သူဟာသူ အပစ် ရပ်နေပြီးသားပဲလေ ။ NCA ထဲမှာ မပါသေးတဲ့ စစ်တိုင်း ၅ တိုင်းမှာ ရှိတဲ့ ဟာတွေတော့ NCA ထဲမှာ ပါလာဖို့ သူတို့ က ညှိနှိုင်းဆွေးနွေးတာပေါ့။ အဲ့လို့ဆွေးနွေးတဲ့ အချိန်မှာ ဒီတပ်မတော်ဘက်ကနေ စစ်ဆင်ရေး ၊ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ပေးလိုက်တယ်ဆိုတာ ကျနော်တို့အမြင်က ဒီဆွေးနွေးမှု အားကောင်းအောင် လုပ်ဆောင်တာပေါ့။
AA နဲ့ ပစ်ခတ်နေတာကတော့ အရှေ့ ခြမ်းနဲ့ အနောက်ခြမ်း ဆိုတော့ ကျနော်တို့က တကယ် မမြင်ဖူးဘူးလေ ။ ဒါပေမဲ့ ကြားတာကတော့ ရခိုင်ပြည်နယ်ဆိုတာက ဒါ ထိလွယ်ရှလွယ်ဒေသပေါ့ ။ ဒါ့ကြောင့်မို့ ရခိုင် ပြည်နယ် ၊ အနောက်ပိုင်းတိုင်းကို တိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဗိုလ်ချုပ်ကြီးစောမိုရှေး
စစ်ဦးစီးချုပ်၊ DKBA

၄ လကျော်ရင် ဘာဖြစ်မလဲတော့ အတိအကျ မပြောနိုင်သေးပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အစုအဖွဲ့တစ်ခုဖြစ်တဲ့ တပ်မတော်အနေနဲ့ အခုလို အပြုသဘောဆောင်တဲ့ ထုတ်ပြန် ကြေညာချက် အပေါ် ကျနော်တို့ DKBA အနေနဲ့ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းလို့ လည်းယုံကြည်ပြီးတော့ အခုလို ကောင်းမွန်တဲ့ လုပ်ရပ်အတွက် ကောင်းမွန်တဲ့ အကျိုးဆက်ကို မပြောခင် မျက်ဝါးထင်ထင်မြင်တွေ့ရမယ်လို့လည်း ယုံကြည်ပါတယ်။ ယခုလို တိုးတက်ပြောင်းလဲလာတဲ့ ဖြစ်စဉ်အပေါ်တော့ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။

ငြိမ်းချမ်းရေးပန်းတိုင်ကို ခြေတစ်လှမ်းစီသွားရမှာဖြစ်ပြီး စိတ်ရှည်သည်းခံဖို့လည်း လိုပါတယ်။ နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကနေ ချက်ချင်းငြိမ်းချမ်းရေးရဖို့ကတော့ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာ အားလုံးလည်းသိပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့ တုံ့ဆိုင်းနေတယ်လို့ ကျနော်မထင်မိပါဘူး။ ခြေတစ်လှမ်းစီ သွားမယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်များလည်းပဲ ခြေလှမ်းတစ်လှမ်းစီသွားကြတာဖြစ်ပါတယ်။ အဖွဲ့အားလုံး NCA လက်မှတ်ရေးထိုးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ AA ရခိုင်ကိစ္စနဲ့ တပ်မတော်တို့ တိုက်ပွဲများအပေါ် ကျနော်အနေနဲ့ ကြားဝင်သဘောထားပေးပို့ဖို့ မသင့်တော်ဘူးလို့ထင်ပါတယ်။ ကာယကံရှင်များနဲ့ သဘောထားကို တိုက်ရိုက်မေးသင့်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts