interview political news

“တပ်မတော်ကြောင့်ပဲဖြစ်ဖြစ်၊ အစိုးရကြောင့်ပဲဖြစ်ဖြစ် ဘယ်သူကြောင့်ပဲဖြစ်ဖြစ် ဒီကိစ္စက မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ ယူဆတယ်”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်ဆက်သွယ်မေးမြန်းချက်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးထားသော ကျောင်းသားတပ်မတော် ABSDF မှ အဖွဲ့ဝင် ၃ ဦးကို တပ်မတော်က မတရားအသင်း ဆက်သွယ်မှု ဥပဒေဖြင့် ဖမ်းဆီးပြီး တရားရုံးတင် အမှု စစ်ဆေးလျက်ရှိရာ ယင်းအခြေအနေနှင့်ပတ်သက်ပြီး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မိုးညှင်းမှာ အဖမ်းခံထားရတဲ့ ABSDF အဖွဲ့ဝင် ၃ ဦးရဲ့ နောက်ဆုံးအခြေအနေသိချင်ပါတယ်။
ဖြေ။ ။ အခုကတော့ ကျနော်တို့ရဲဘော်တွေကို ၁၇ (၁) ဆိုတဲ့ မတရားအသင်းဥပဒေဆက်သွယ်မှုနဲ့ အမှုတင်ထားတယ်။ အဲဒီအတွက် မိုးညှင်းတရားရုံးကနေပြီးတော့ ထောင်ကြီးချုပ်ကို ပို့ပါတယ်။ရမန်ယူပါတယ်။ ၁၄ ရက်ကြာတယ်။ အဲဒီအတွက် ကျနော်တို့က အပြင်းအထန်ကန့်ကွက်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အစိုးရဆီကို အဖမ်းဆီးခံထားရတဲ့ အဖွဲ့ဝင်တွေကိစ္စ စာတင်ထားတာရှိတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က တုံ့ပြန်တာရှိပြီလား။

ဖြေ။ ။ အခုအချိန်အထိ ကျနော်တို့ကသာလျှင် တရားဝင်စာတင်တာဖြစ်ပါတယ်။ အဲဒီစာတွေကို ရရှိကြောင်း စာသာလျှင် ကျနော်တို့ ပြန်လည်ရရှိပါတယ်။ တရားဝင်တုံ့ပြန်တဲ့ စာမရရှိသေးပါဘူး။

မေး။ ။ ၂၀၁၇ တုန်းကလည်း ABSDF က ရဲဘော်မင်းဌေးကို ဒီလိုပဲ ဖမ်းဆီးခဲ့ဘူးတယ်။ အခုတစ်ခါလည်း ထပ်ဖမ်းတယ်ဆိုတော့ အဲဒါက တပ်မတော်ကြောင့်လား အစိုးရကြောင့်လား။ ဘာကြောင့် ABSDF က လူတွေခဏခဏ အဖမ်းခံနေရတာလဲ။

ဖြေ။ ။ ကျနော်ပြောချင်တာက တပ်မတော်ကြောင့်ပဲဖြစ်ဖြစ်၊ အစိုးရကြောင့်ပဲဖြစ်ဖြစ် ဘယ်သူကြောင့်ပဲဖြစ်ဖြစ် ဒီကိစ္စက မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ ယူဆတယ်။ စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့တယ်ဆိုတာ အစိုးရလည်းမဟုတ်ဘူး၊ တပ်မတော်လည်းမဟုတ်ဘူး။ နှစ်ဦးနှစ်ဖက်ပဲ ချုပ်ဆိုရတာဖြစ်ပါတယ်။ ကျနော်တို့ရဲ့စာချုပ်ထဲမှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ၊ NCA ဆိုတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်အဆင့်မှာ နှစ်ဖက်ထိုးတာဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်ပြောချင်တာက ဒီစာချုပ်တွေရဲ့ ကတိကဝတ်မှာ အားလုံးပါပြီးသားဖြစ်ပါတယ်။ ဘယ်သူ့အပြစ်ဆိုတာထက် ဒီစာချုပ်တွေရဲ့ ကတိကဝတ်အတိုင်းလိုက်နာဖို့ဆိုတာက ဒီနေ့တာဝန်ရှိတဲ့ တပ်မတော်ရော အစိုးရမှာရော အားလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်ယူဆပါတယ်။

မေး။ ။ ဒီလိုခဏခဏ အကြိမ်ကြိမ်ဖြစ်နေတာ စာချုပ်ကို မလေးစားတာလား။ NCA စာချုပ်ကျိုးပေါက်မှု ဖြစ်နိုင်လား။

ဖြေ။ ။ စာချုပ်စာတမ်းတွေရော မတရားအသင်းအဖွဲ့အဖြစ်မှ ထုတ်ပယ်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပယ်ခြင်းတို့ ပြန်တမ်းတွေရောပေါ့။ ကတိကဝတ်တွေ ပြန်တမ်းတွေဆိုတာက တကယ်လိုက်နာဖို့ လိုပါတယ်။ အဲဒီလို လိုက်နာဖို့ဆိုတာ အစိုးရမှာရော၊ တပ်မတော်မှာရော၊ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာရော နှစ်ဦးနှစ်ဖက်မှာ တာဝန်ရှိပါတယ်။ ဘယ်သူက ချိုးဖောက်လဲဆိုတာ နှစ်ဦးနှစ်ဖက်ညှိနှိုင်းဖို့လိုပါတယ်။ အဲဒီအတွက် ကျနော်တို့ တရားဝင်လည်း စာတင်ထားပါတယ်။ ကျနော်တို့ဘက်ကတော့ ဘယ်တော့မှလည်း မချိုးဖောက်ခဲ့ဘူးဆိုတာ ကျနော် ကတိပေးရဲပါတယ်ခင်ဗျ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts