Local News political news

တပ်မတော်ကို အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရသော ကချင် တက်ကြွလှုပ်ရှားသူ ၃ ဦး အမြန်ဆုံးပြန်လွှတ်ရန် အရပ်ဘက် အဖွဲ့အစည်း ၅၄၃ ဖွဲ့ တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများကို ကယ်ဆယ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကချင်တိုင်းရင်းသား ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနှင့်ဒေါ်နန်ပူတို့ကို တပ်မတော်ကို အကြည်ညိုပျက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၀ ဖြင့်ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခြင်းကို အရပ်ဘက်အဖွဲ့အစည်း ၅၄၃ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

၂၀၁၈ ခုနှစ်ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် တရားရုံးက ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနှင့် ဒေါ်နန်ပူတို့ကို ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ၆ လ၊ ငွေဒဏ် ၅ သိန်း ကျခံရန် အမိန့်ချမှတ်ခဲ့ဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်ခွင့်သည် လူတိုင်း၏ မွေးရာပါ ရပိုင်ခွင့်ဖြစ်၍ အပြည်ပြည်အဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၀ တွင် အတိအလင်း ပြဋ္ဌာန်းထားပြီး မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ရေးသားဖြန့်ဝေခွင့်တို့ကို ပြဋ္ဌာန်းထားကြောင်း၊ စစ်ပွဲအတွင်း ပိတ်မိပြည်သူများကို ကယ်ဆယ်ပေးရန် ဆန္ဒပြတောင်းဆိုခြင်းသည် အခြေခံ အခွင့်အရေးကို အသုံးပြုခြင်းသာဖြစ်ပြီး တရားဥပဒေချိုးဖောက်ခြင်း၊ အသရေဖျက်မှု ကျူးလွန်ခြင်းမဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦးကို ဖမ်းဆီးထောင်ချ၊ ငွေဒဏ် ချမှတ်ခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ထောင်ထဲတွင် ထည့်ပြီး ထိန်းချုပ်ထားနိုင်ရန် ကြိုးစားသကဲသို့ ဖြစ်နေကြောင်း၊ ကချင်တိုင်းရင်းသားများ၏ အခြေခံ လူ့အခွင့်အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို ချိုးနှိမ် နှိပ်ကွပ်ရာကျနေသဖြင့် တရားစွဲဆိုသူနှင့် တရားရေးမဏ္ဍိုင်ကို အရပ်ဘက်အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့အစည်း ၅၄၃က တောင်းဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts