Local News political news Uncategorized

တပ်မတော်ကို အကြည်ညိုပျက်စေသည်ဟုဆိုကာ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦး ထောင်ချခံရမှု ဥရောပသမဂ္ဂ၊ AI အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ရှုတ်ချ

ရန်ကုန်၊ ဒီဇင်ဘာ ၈

တပ်မတော်ကို အကြည်ညိုပျက်စေသည်ဟုဆိုပြီး ထောင်ဒဏ် ၆ လနှင့်ငွေဒဏ် ၅ သိန်း ကချင် တက်ကြွလှုပ်ရှားသူ ၃ ဦးအပေါ် ချမှတ်လိုက်မှုကို ရှုတ်ချကြပြီး ထောင်သွင်းအကျဉ်းချထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်ဥရောပသမဂ္ဂ(EU) ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။

ဥရောပသမဂ္ဂ (EU) က ကချင်ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုလွမ်းဇောင်း ၊ ကိုဇော်ဂျတ် နှင့် ဒေါ်နန်ပူ တို့ကို ရာဇသတ်ကြီး ပုဒ်မ (၅၀၀) ဖြင့် မြန်မာစစ်တပ်ကို အသရေဖျက်မှုဖြင့် ထောင်ဒဏ် ခြောက်လ နှင့် ဒဏ်ငွေ မြန်မာငွေ ငါးသိန်းချမှတ်လိုက်သည့်သတင်းသည် မြန်မာနိုင်ငံတွင်း အရပ်ဖက် လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာ သတင်းတစ်ရပ်ပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်မှု ပဋိပက္ခများတွင် ပိတ်မိနေသည့် ပြည်သူများအတွက် ဆန္ဒထုတ်ဖော်မှုများကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ကြောင်း၊ ဥရောပသမဂ္ဂသည် တရားရုံး၏ ဆုံးဖြတ်ချက်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပြီး သက်ဆိုင်ရာ အာဏာပိုင်များကို ပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ရန်နှင့် တက်ကြွလှုပ်ရှားသူများအတွက် ယင်းတို့၏ လူ့အခွင့်အရေးများကို ဥပဒေအရ အရေးယူမည်ကို စိုးရိမ်စေခြင်းမရှိစေဘဲ ဆန္ဒထုတ်ဖော်ခွင့် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်များရရှိစေရန် တောင်းဆိုကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ကလည်း ငြိမ်းချမ်းစွာဆန္ဒပြသူများကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် အစိုးရနှင့်စစ်တပ်၏လုပ်ရပ်အပေါ် ဝေဖန်မှုများကို ပါးစပ်ပိတ်သွားစေချင်စေသည့် သဘောထားကို ပြသရာရောက်ကြောင်း ထုတ်ပြန်သည်။

အလားတူ ပြည်တွင်းအခြေစိုက် Rvwang New Generations အဖွဲ့ကလည်း ကချင်တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်ချမှတ် တရားစီရင်မှုသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ထုတ်ပြန် ကြေညာသည်။

Rvwang New Generation ဥက္ကဌနန်ဆိန်ဆိုင်းလင်းအောင်က “ပြည်သူတွေရဲ့လှုပ်ရှားမှုကြောင့်လွတ်မြောက်လာသူတွေသူရှိတယ်။ သူတို့သာ မလှုပ်ရှားခဲ့ရင် တိုက်ပွဲတွေကြားမှာ ကိုယ်ဝန်သည်မိခင်တွေ ၊ ဒုက္ခ သည်တွေ ၊ ကျန်တဲ့သူတွေဘဝတွေက တမျိုးပြောင်းလဲသွားနိုင်တယ်။ သူတို့ရဲ့ လွတ်မြောက်ခြင်းအတွက် လှုပ်ရှားခဲ့သူတွေကို ကျနော်တို့အသိအမှတ်ပြုတယ်။ အခုလို ဖြစ်သွားတဲ့အပေါ် ဒါဟာ မဖြစ်သင့်ဘူးလို့ထင်တယ်” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးကလည်း ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦး ထောင်ဒဏ်ချမှတ်ခြင်းကို ရှုတ်ချကြောင်း သဘောထားကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts