Local News political news

တပ်မတော်ကို အကြည်ညိုပျက်စေမှုဖြင့် ထောင်ချခံရသော ကချင်အရေးလှုပ်ရှားသူ ၃ ဦး အမှု တိုင်ကြားလျှင် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမည်ဟုဆို

 

ရန်ကုန်၊ ဒီဇင်ဘာ ၇

တပ်မတော်ကို အသရေဖျက်သည်ဆိုသော ပုဒ်မ ၅၀၀ ဖြင့် ကချင်လူငယ် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်၊ မနန်ပူတို့ကို မြစ်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ၅ သိန်းပေးဆောင်ရန် ယနေ့ အမိန့်ချမှတ်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် တိုင်ကြားမှုရှိလာပါက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင်မှ ဦးယုလွင်အောင်က ပြောသည်။

၂၀၁၈ ခုနှစ် မေလ တိုက်ပွဲကြား ပိတ်မိနေသော စစ်ဘေးသင့် ပြည်သူများ လွတ်မြောက်ရေး ဆန္ဒပြစဉ် တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခဲ့ခြင်းဖြစ်ပြီး ယနေ့ ထောင်ဒဏ်နှင့်ငွေဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းသည် အခြေခံ လူ့အခွင့်အရေးဖြစ်ပြီး ယင်းအခွင့်အရေး ပိတ်ပင်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း၊ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦး ထောင်ဒဏ်ချမှတ်ခံရမှု တိုင်ကြားလာပါက မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး လိုအပ်ပါက ကာကွယ်ရေးဝန်ကြီးဌာနသို့ မေးမြန်းစုံစမ်းမည်ဖြစ်ကြောင်း ဦးယုလွင်အောင်က ရှင်းပြသည်။

“ဖမ်းရတဲ့အကြောင်းတရားက ဘာလဲဆိုတာ မသိတော့လေ။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတော့ မဖမ်းသင့်ဘူးပေါ့။ သူတို့က ဘယ်လိုလုပ်လို့ ဖမ်းလဲ မသိတဲ့အခါကျတော့လေ။ ဆန္ဒပြတယ်ဆိုတဲ့အခါကျတော့လည်း ဘယ်လိုသဘောလဲပေါ့။ အဲဒါတွေက မှန်းဆရခက်တယ်။ သာမန်အားဖြင့် လူရဲ့ ရင်ထဲမှာရှိတဲ့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ရှိတာက ဒါက လူ့အခွင့်အရေးပါပဲ။ ဒါကို ပိတ်ပင်တယ်ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်တာပါပဲ။ သို့သော် သူတို့တွေက ဘယ်လိုပုံစံနဲ့ လုပ်လဲ။ ဘာကြောင့် ဖမ်းလဲ။ ဒါတွေက ကျနော်တို့ မမြင်ရ မသိရတော့ ပြောမှ သိရတာကိုး။ ကျနော်တို့ဆီကို အမှုတွဲနဲ့တကွ တိုင်တဲ့ တောတဲ့ ဖြစ်စဉ်နဲ့တကွ တိုင်တာမရှိဘူး။ Reiview လုပ်ဖို့က ကော်မရှင် အစည်းအဝေးကို တင်ပြပြီးတော့ ဒါကို ကွင်းဆင်းလေ့လာသုံးသပ်ဖို့ လိုတယ်ဆိုရင် လုပ်ရမှာပေါ့။ ဒါမှမဟုတ်ရင်လည်း ကာကွယ်ရေးဝန်ကြီးဌာနကို ဖြစ်စဉ် အခြေအနေ မေးရမယ်ဆိုရင်လည်း မေးရမှာပေါ့။ ဘယ်သူပဲ တိုင်တိုင် တိုင်လို့ရတယ်။ တိုင်တဲ့ အပေါ် မူတည်ပြီး တော့ လုပ်ပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားပြု၍ ဖြစ်စေ ပြည်သူလူထုကို ကိုယ်စားပြု၍ ဖြစ်စေ အကုန်တိုင်လို့ရပါတယ်” ဟု ဦးယုလွင်အောင်က ဆိုသည်။

ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦး ကို တပ်မတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၆ လ၊ ငွေဒဏ် ၅ သိန်းချမှတ်မှုကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် အာဏာရှင်ဆန်သော လုပ်ရပ်အဖြစ် ဝေဖန်မှုများ မြင့်တက်နေပြီး ယင်းအခြေအနေသည် အနာဂတ် ငြိမ်းချမ်းရေးအလားအလာနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် မကောင်းသော လက္ခ္ခဏာအဖြစ် ရှုမြင်နေကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts