All News Local News

စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့သည့် ဦးသန့်အရေးအခင်း မျိုးဆက်သစ်များ သိရှိရန် လိုအပ်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာ ဖြစ်ပွားခဲ့သည့် ဦးသန့်အရေးအခင်းသည် စစ်အာဏာရှင်ကို ရင်ဆိုင်တော်လှန်ခဲ့သည့် သမိုင်းကြောင်းတစ်ခုအဖြစ် မျိုးဆက်သစ်လူငယ်များ သိရှိစေရန် လိုအပ်ကြောင်း ဦးသန့် အရေးအခင်း ၄၄ နှစ်မြောက် အခမ်းအနားတွင် ဝါရင့်နိုင်ငံရေးလှုပ်ရှားသူများက ပြောသည်။

ယနေ့ ၊ ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ၊ ပေါက်စေတီကျောင်းတိုက်ဝန်းတွင် ပြုလုပ်သည့် ဦးသန့် အရေးအခင်း ( ၄၄ ) နှစ်မြောက် အခမ်းအနားတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးသန့် အရေးအခင်း၏ သမိုင်းကြောင်းကို မပျောက်စေရန် ၊ မျိုးဆက်သစ်လူငယ်များ ဦးသန့်၏ တန်ဖိုးကို သိရှိစေချင်ကြောင်း အခမ်းအနားတက်ရောက်လာသူ ၇၄ ကျောင်းသားဟောင်း ၊ ဦးသန့် ဈာပန အရေးအခင်းမှာ ပါဝင်ခဲ့သူ ဦးကိုကိုလေးက ပြောဆိုသည်။

“ယနေ့ မြန်မာနိုင်ငံရေးက လုံးဝပီပြင်တဲ့ နိုင်ငံရေးလုံးဝ မဟုတ်ဘူးကို မဖော်ဆောင်သေးဘူး။ ဒီမိုကရေစီဆိုတာကို မဖော်ဆောင်နိုင်သေးဘူး။ ဖယ်ဒရယ်ကို မဖော်ဆောင်သေးဘူး။ တိုင်းပြည်တိုးတက်တာနဲ့ စီးပွားရေးမူဝါဒတွေကို ကောင်းမွန်စွာ မချနိုင်သေးဘူး။ အဲ့ဒီအတွက် အဲ့လို့ချနိုင်ဖို့ လိုအပ်တာက တိုင်းပြည်ဖွံ့ဖြိုးဖို့ လိုတယ်။ အဲ့ဒီတိုင်းပြည်အုပ်ချုပ်ရေးကောင်းမွန်ဖို့ လိုတယ်။ အဲ့တိုင်းပြည်အုပ်ချုပ်ရေးကောင်းမွန်ဖို့က အခြေခံဥပဒေပေါ်မှာ မူတည်နေတယ်။ အဲ့ဒီအခြေခံဥပဒေကိုလည်း ၂၅ ရာခိုင်နှုန်းသောလူတွေက သိမ်းပိုက်ထားပြီးတော့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိသရွေ့တော့ ဖွံ့ဖြိုးတိုးတက်ဖို့ကော ၊ ငြိမ်းချမ်းရေးကော ရရှိဖို့က မလွယ်ဘူး“ ဟု ၇၄ ကျောင်းသားဟောင်း ၊ ဦးသန့်ဈာပန အရေးအခင်းတွင် ပါဝင်ခဲ့သူ ဦးကိုကိုလေးက ထောက်ပြပြောဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ဆက်တိုင်အောင် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာနိုင်ငံသား ဦးသန့်သည် အမေရိကန် – ရုရှား နယူးကလီးယားစစ်ပွဲမဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည့်အပြင် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် အဓိကစွမ်းဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်သည် ။

၁၉၇၄ ခုနှစ် ၊ ဦးသန့်အရေးအခင်း ( ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု) သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်အလောင်းကို ဂုဏ်ပြုထိုက်သည့်နေရာတွင် ဂုဏ်ပြုခြင်း မပြုသည့် စစ်အာဏာရှင်များ၏ လုပ်ရပ်ကို လက်မခံနိုင်သည့် တက္ကသိုလ်ကျောင်းသားများမှ ဆန့်ကျင်ကြတဲ့ ကျောင်းသားအရေးတော်ပုံကြီး ဖြစ်သည်။

ဦးသန့်အရေးအခင်းနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးတိုက်ပွဲများကို ကျောင်းသားတိုက်ပွဲ ၊ ထောင်တွင်းတိုက်ပွဲ ၊ လက်နက်ကိုင်တိုက်ပွဲ ၊ နိုင်ငံရေးတိုက်ပွဲ စသည်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံး အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com