All News Local News

စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းသည့် တိုင်းများတွင် အနောက်ပိုင်းတိုင်း(ရခိုင်ပြည်နယ်) မပါဝင်ခြင်းမှာ ARSA ကြောင့် ဟုဆို၊ AA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု တပ်ပြော

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

တပ်မတော်က NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အတွက် စစ်တိုင်း ၅ တိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းမည်ဖြစ်သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ(ရခိုင်ပြည်နယ်)တွင် စစ်ရေးလှုပ်ရှားမှု မရပ်ဆိုင်းခြင်းမှာ ARSA ကြောင့် ဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက ပြောသည်။

စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းသည့် စစ်တိုင်း ၅ ခုမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းပေးထားမည်ဖြစ်ကြောင်း ကြေညာသည်။

“အနောက်ပိုင်းတိုင်းမပါတာက ARSA ရှိနေလို့။ ARSA ရှိနေတော့ ဘယ်လိုလုပ်ပြီး စစ်ရေးရပ်လို့ရမလဲ။ AA(ရခိုင်တပ်မတော်) နဲ့ တော့ ဆွေးနွေးမှာပါ” ဟု ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရဟတ်ယာဉ်သုံး၍ AA တပ်ဖွဲ့ကို တိုက်ခိုက်မှုများရှိကြောင်း ၊ ယင်းသတင်းနှင့်ပတ်သက်၍ တပ်မတော်၏ အတည်ပြုချက် မရရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တချို့က တင်ပြမှုရှိသော်လည်း တပ်မတော်ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိပေ။

ARSA အဖွဲ့ ခေါ် ရိုဟင်ဂျာ ကယ်တင်ရေးတပ်သည် အစိုးရလုံခြုံရေး ကင်းစခန်းများတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်များ လုယူခြင်း၊ ဟိန္ဒူများကို သတ်ဖြတ်ခြင်းကြောင်း အစိုးရက အကြမ်းဖက်အဖွဲ့ ကြေညာထားသည့်အဖွဲ့အစည်းဖြစ်သည်။

တပ်မတော်သည် ရခိုင်ပြည်နယ် မွတ်စလင်များအပေါ် လူ့အခွင့်အရေး ချုးိဖောက်သည်ဆိုသော ပြောဆိုချက်များနှင့်ပတ်သက်၍လည်း တပ်မတော်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com