All News Local News

ခလရ ( ၁၀၂ ) တပ်ရင်းက မတရားပြောင်းရွှေ့ အနိုင်ကျင့်သိမ်းဆည်းထားသည့် အိမ်ခြံမြေများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

၁၉၉၁ ခုနှစ်ကတည်းက တပ်မတော် ခလရ ( ၁၀၂ ) တပ်ရင်းမှ မတရားပြောင်းရွှေ့ အနိုင်ကျင့်သိမ်းဆည်းထားသည့် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ၊ ရှမ်းပိုင်းရပ်ကွက်ရှိ အိမ်ခြံမြေ ၃၁.၄၉ ဧကအား တရားဥပဒေနှင့်အညီ ပြန်လည်ပေးအပ်ရန်၊ မပေးအပ်ပါက ငြိမ်းစုစီဥပဒေဖြင့် ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဖြစ်ကြောင်း အိမ်ခြံမြေ သိမ်းဆည်းခံထားရသည့် ဒေသခံပြည်သူများက တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ဒီမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ၊ ရှမ်းပိုင်းရပ်ကွက်၊ ကိုးမြို့ရှင်နတ်နန်းရှေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေသခံများက ပြောကြားခြင်းဖြစ်သည်။

“ကျနော်တို့က သမ္မတကြီးဆီ၊ ကာချုပ်ဆီလည်း စာတွေတင်ထားပါတယ်။ အခုလို့ တင်ပြတဲ့ဟာတွေကို ကျနော်တို့ က တိကျရေရာတဲ့အဖြေ မရရှိသေးတဲ့အတွက် စိစစ်ဆဲအဆင့်လေးသာ ကြားသိနေရတဲ့အတွက် ကျနော်တို့က ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ အခု ဒီသတင်းစာရှင်းလင်းပွဲ ပြီးရင်တော့ အခုဟာ တစ်စုံတစ်ခုအခြေအနေကို မထူးရင် ဆက်လက်ပြီးတော့ ငြိမ်းစုစီဥပဒေနဲ့အညီ ဆန္ဒဖော်ထုတ်ပြီးတော့မှ လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု ဒေသခံ ဦးကျော်ဝင်းက ပြောဆိုသည်။

၁၉၉၁ ခုနှစ်တွင် ငွေတောင်ကျေးရွာ၊ ရှမ်းပိုင်းရပ်ကွက်အနီး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဗုံးထောင်ခဲ့ခြင်းကြောင့် မတော်တဆဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ခလရ ( ၁၀၂ ) တပ်ရင်းမှ ရပ်ကွက်နေ ဒေသခံပြည်သူများအား ရပ်ကွက်အတွင်းမှ ၂ ရက်အတွင်း ပြောင်းရွှေ့ပေးရန် အတင်းအဓမ္မစေခိုင်းခဲ့ကြောင်း ဒေသခံ ဦးကျော်ဝင်းက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ ငွေတောင်ကျေးရွာ၊ ရှမ်းပိုင်းရပ်ကွက်ကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းလောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကနေ ဗုံးထောင်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ဗုံးထောင်တဲ့ကိစ္စမှာ ကျနော်တို့ ဒီ ခလရ ( ၁၀၂ ) တပ်ရင်းမှူးရဲ့သမီး ကလေးကျူရှင်ပို့ရင်း ပြန်လာတဲ့အခါ မတော်တဆ မိုင်းတက်နင်းမိတာပါ။ ကားကတော့ အနည်းငယ်ပဲ ပျက်စီးခဲ့တယ်။ လူကလည်း ထိခိုက်မှုမရှိပါဘူး။ အဲ့ဒီအချိန်ကစပြီး ရှမ်းသစ်ရပ်ကွက်ကို ၂ ရက်အတွင်း ဖျက်သိမ်းရမယ်ဆိုပြီး ရှမ်းသစ်ရပ်ကွက် ဝဲ/ယာ မှာ ရှိတဲ့ အိမ် ၃၈ လုံး ကို ၂ ရက်အတွင်း ပြောင်းရွှေ့စေခဲ့တယ်။ အဲ့လိုပြောင်းရွှေ့ပြီး သူတို့က ကျနော်တို့ကို အဲ့ဒီကတည်းက နေရာပြန်လည်ချထားပေးတာတို့၊ ကူညီဆောင်ရွက်ပေးခဲ့တာတွေ တစ်ခုမှမရှိခဲ့ပါဘူး။ အဲ့နောက်ပိုင်း လူတွေက ကိုယ်အစီအစဉ်နဲ့ကိုယ်၊ ဆွေးမျိုးတွေဆီ ကိုယ့်အိမ်ကိုယ်ဖြုတ်ပြီး ပြောင်းရွှေ့နေခဲ့ရတယ်။ အေးချမ်းရင်တော့ ပြန်နေရမယ်လို့ လူတွေက အဲ့ဒီလိုပဲတွေးထားတာ။ အဲ့ဒီလိုနဲ့ ကျနော်တို့ ကျေးရွာသူ၊ ကျေးရွာသားတွေ အဲ့လမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီးတဲ့ အချိန်ကစပြီး ၁ နှစ်ကျော် ၂ နှစ်နီးပါး ကျနော်တို့က မနက် ၄ နာရီထပြီး ထွန်တုံးတွေနဲ့ အဲ့ဒီလမ်းပေါ်မှာ မိုင်းရှင်းပေးရပါတယ်။ နောက်ပြီး ကျနော်တို့က တံမြက်စည်းလှည်း၊ ကင်းစောင့် အဲ့လိုမျိုးလုပ်ပေးခဲ့ရတာ ၁ နှစ်ကျော်ကြာခဲ့တယ်၊ အဲ့လိုမျိုး လုပ်ပေးခဲ့ရပါတယ်။ ဒီရွာမြေ ဗုံးကွဲတဲ့ကိစ္စ ကျနော်တို့ ကျေးရွာသူ၊ ကျေးရွာသားတွေမှာ လုံးဝအပြစ်မရှိပါဘူး။ ဒါဟာ ကျနော်တို့တွေလုပ်တာလည်း မဟုတ်ပါဘူး” ဟု ပြောသည်။

လက်ရှိတွင် ငွေတောင်ကျေးရွာအတွင်း တပ်ရင်း ခလရ ( ၁၀၂ ) မှ တပ်မြေအဖြစ် ပြုလုပ်ကာ အုတ်တံတိုင်းခတ်ခြင်း၊ ခြံခတ်ကာရံခြင်းများ လုပ်ဆောင်နေခြင်းကြောင့် အိမ်ခြံမြေ သိမ်းဆည်းခံထားရသည့် ဒေသခံများက ၎င်းတို့၏မြေများတွင် ပြန်လည်နေထိုင်ခွင့်ရရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

“ ဒီနေ့ဒီအခါမှတော့ ဒါဟာ ပွင့်လင်းမြင်သာတဲ့အချိန်လည်းရောက်ပြီ၊ အေးချမ်းသာယာနေပြီ။ အခု ငြိမ်းချမ်းရေးတွေလည်း ကျနော်တို့ ဆွေးနွေးပြီးတော့ အားလုံး ဒီအေးချမ်းတဲ့အချိန်ရောက်ပြီ။ ကျနော်တို့ ငွေတောင်လည်း အေးချမ်းနေပါပြီ။ ဒါကြောင့် ဒီနေရာမှာ ကျနော်တို့ ပြန်လည်နေထိုင်ခွင့်ပြုဖို့၊ ၁၉၉၄ မြေသိမ်းဥပဒေအရ ဥပဒေနဲ့အညီ သိမ်းဆည်းခဲ့တဲ့မြေလည်း မဟုတ်ပါဘူး။ ကျနော်တို့ကို မတရား အနိုင်အထက် ဖယ်ခိုင်းပြီးတော့ ဒီလိုလုပ်ဆောင်သိမ်းခဲ့တဲ့မြေဖြစ်ပါတယ်။ အခု ဒီတစ်ခါတော့ ကျနော်တို့က လွှတ်တော်အသီးသီးကို တင်ပြထားတဲ့အတွက် ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ပုံစံအတိုင်း ပြန်လည်နေထိုင်ဖို့ အခွင့်အလမ်း မရရှိခဲ့ဘူး။ အခု ဒီဟာ ပြန်လည်ရရှိရေးအတွက် တင်ပြတဲ့အခါ လယ်ယာမြေများနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုစိစစ်ရေးကော်မတီကနေ အခုအဆင့်ဆင့် စိစစ်ပြီး လုပ်ဆောင်နေတဲ့အချိန်၊ ကျနော်တို့ကလည်း ဥပဒေနဲ့အညီ လိုက်နာပါတယ်။ ရွာသားများကလည်း အဲ့ဒီလိုမျိုး အဓမ္မမလုပ်ပါဘူး။ ဒါပေမယ့် တပ်ကတော့ စိစစ်ဆဲမို့ တိုင်းတာတဲ့လုပ်ငန်းတွေ၊ ခြံကာတဲ့ လုပ်ငန်းတွေ ဆိုင်းငံ့သွားဖို့ မြို့နယ်ကနေ၊ လယ်ယာမြေအဖွဲ့ကနေ ဆိုင်းငံ့စာထုတ်ပေးတဲ့အပေါ် သူတို့က လုံးဝလိုက်နာခြင်းမရှိဘဲ တပ်ပိုင်မြေဆိုပြီးတော့ အုတ်တံတိုင်းတွေခတ်ပြီး ကာရံနေတယ်။ ဒီကိစ္စတွေ မဖြစ်သင့်ဘူး။ ကျနော်တို့ ပြောင်းရွှေ့ခံပြည်သူတွေက သမ္မတကြီးထံလည်း စာတင်ပြထားတယ်။ ကာကွယ်ရေးဦးစီးချုပ်ဆီကိုလည်း စာတင်ပြထားပါတယ်” ဟု ဒေသခံ ဦးကျော်ဝင်းက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts