interview Peace political news

“NLD အစိုးရ ရဲ့ ပြဌာန်းချက်ဆိုတာလည်း ခေတ်အဆက်ဆက်ကနေ အုပ်စိုးလာတဲ့ ၊ ပေါင်းစားလာတဲ့ ဒီပုဂ္ဂိုလ်တွေကိုများ မလွန်ဆန်နိုင်ဘူးလား”

နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးကျော်နှင့်ဆက်သွယ်မေးမြန်းချက်

NLD အစိုးရက ပြဋ္ဌာန်းလိုက်သည့် မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ဆန့်ကျင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ(UNA)က ပူးတွဲ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်လိုက်သည်။ အဆိုပါဥပဒေသည် အနာဂတ်တွင် မျှော်မှန်းတည်ဆောက်နေသော ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသည်ဟု ကြေညာချက်တွင် ဖော်ပြထားရာ UNA အဖွဲ့ ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးကျော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာမြေယာလုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးကို ဘယ်လိုဖျက်ဆီးနေလို့လဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာတော့ တောနယ်ကလူထု ၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှ မိရိုး ဖလာ ထုံးစံအရ ဘဲ မြေယာတွေကို ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတာပဲ ရှိတယ်။ စာရွက်စာတမ်းဆိုတာ မရှိဘူး ။ အထောက်အထားရဖို့ဆိုတာလည်း မလွယ်ဘူး ။ ရုံးလုပ်ငန်းဆိုတာလည်း တောနယ်လူထုတွေအနေနဲ့ ကျတော့ အရမ်းကို အလှမ်းမမှီဘူးပေါ့ ။အခုဒီမြေလွတ်မြေရိုင်း ဥပဒေကြမ်း အတည်ပြုလာမယ်ဆိုရင် သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့တဲ့ မြေတွေဟာ လွတ်လပ်သွားနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ နောက်တစ်ခါ အစိုးရအဆက်ဆက်မှ လုပ်ငန်းရှင်တွေ ၊ သူတို့ရဲ့ ခရိုနီတွေပေါ့ ။ ဒီဟာတွေကို သူတို့ရဲ့ မြေဧက ထောင်နဲ့ သောင်းနဲ့ချီ ပေးထားတဲ့ဟာတွေလဲ အများကြီးရှိတယ်လေ ။ ဒီဟာတွေက စီမံကိန်းကာလဆိုရင် ၊ အမှန်ဆိုရင် စီမံကိန်း သူတို့ လုပ်ရမယ့် ၊ မလုပ်လို့ ရှိရင် ပြန်ပြီးတော့ မူလပိုင်ရှင်ကို ပြန်ပေးရမယ့်ဆိုတဲ့ ဥပဒေ တွေလည်း ထွက်လာတာတွေ ရှိတယ်။ ဒါပေမယ့် ဒါတွေလည်း ထိထိရောက်ရောက်လုပ်ထားတာမရှိဘူး တနည်းအားဖြင့် အဲ့လူတွေကို အကာအကွယ်ပေးထားတာရောက်တဲ့အတွက် UNA နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒီထွက်လာမယ့် ဥပဒေကို ကန့်ကွက်ခြင်းဖြစ်ပါတယ်။

မေး။ ။ တိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှုက ဒီဥပဒေကြောင့် ဘယ်လိုဖြစ်လာမလဲ။

ဖြေ။ ။ တိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှု တွေကျတော့ ထိခိုက်တာပေါ့ ။ ဘာဖြစ်လဲဆိုတော့ အခုတောင် မြန်မာနိုင်ငံမှာ အရှုပ်ထွေးဆုံး ပြဿနာက မြေယာပြဿနာပဲ ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့အနေ သွားလာနေတဲ့ နေရာတွေမှ ဥပမာ – ရန်ကုန် ၊မန္တလေး အမြန်လမ်းမပေါ်ပဲ ကြည့်လိုက် ၊ အဲဒီလမ်းရဲ့ ဝဲယာတွေဟာ လက်ညိုးထိုး မလွဲ ၊ ပိုင်ရှင်နဲ့ ဖြစ်နေတယ်။ ဘာမှလည်း ထုတ်လုပ်တာမဟုတ်ဘူး ၊ ဆိုတော့ ဒီဟာတွေ ဘယ်သူတွေ ပိုင်လဲဆိုတော့ လူတစ်စုကပဲ လက်ညိုးထိုးပြီး မြေယာတွေကို သိမ်းပြီးတော့ ပိုင်ဆိုင်နေတာမျိုး ဖြစ်တယ်။ ဒီအတိုင်းနေပြီး မြန်မာပြည်မြေပုံ ကြည့်လိုက်ရင် ဒီအတိုင်းပါပဲ ။

မြေယာအကုန်လုံးဟာ ပိုင်ဆိုင်မှုတွ ဖြစ်နေကြတယ်။ ဒီတော့ တကယ်ကျတော့ ဒီဟာတွေက နိုင်ငံတကာက ရင်းနှီးမြှင်နှံမှု ဝင်လာမယ့်ဟာတွေကို သူတို့က ကြိုပြီးတော့ မြေတွေကို ဝယ်ပြီးတော့ ဈေးကြီးနဲ့ ပြန်ရောင်းမှာ ၊ ဘာတို့ညာတို့ဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အများကြီး အနှောင့်အယှက်ဖြစ်တယ်။ နောက်တစ်ခု တိုင်းရင်းသား တွေရဲ့ ဓလေ့ထုံးတမ်းတွေအရ ဥပမာ- တိုင်းရင်းသား တွေက ရွှေ့ ပြောင်းတောင်ယာလုပ်စားတာတို့၊ ဘိုးဘင်ဘောင်ဆက်နေပြီးတော့ ရေကြည်ရာ မြက်နုရာ ရွှေ့ ပြောင်းနေထိုင်တာတို့ ၊ ဒါမျိုးတွေ ရှိတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ပိုင်ဆိုင်မှု တွေကျတော့ မိရိုးဖလာအရ ဖြစ်တဲ့အတွက် ဥပမာ- တောင်တွေ ၊ တောတွေ နဲ့ ၊ ဘယ်ပင်ကနေ ဘယ်ကျွန်းအထိက ဘယ်သူပိုင်တယ် ဆိုတဲ့ဟာဘဲ မျိုးနွယ်စုက ပိုင်တယ်ဆိုတာဟာမျိုး ဘဲ ဓလေ့ ရှိတယ်လေ ။ ပြီးတော့ သူတို့ဆီမှာ ပုံစံ ၅ ၊ ပုံစံ ၇ ၊ ပုံစံ ၁၀၇ ဘာညာတွေ မြေယာနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု အထောက်အထား ၊ စာရွက်စာတန်းတွေ မရှိဘူး ။ ဒီဟာအပေါ်မှာ သွားပြီးတော့ အထောက်အထားရှိမှာ ပိုင်ဆိုင်ရမယ်ဆိုရင် ဒီလူတွေမှာ အထောက်အထားမရှိတဲ့အတွက် ကိုယ်လုပ်နေတဲ့ ပိုင်ဆိုင်မှုက လက်လွတ်နေရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ အခုဒီရက်ပိုင်းတွေ့မှ တွေ့နေရမှာပေါ့ ။ သတင်းမီဒီယာတွေမှာလည်း မကြာမကြာတက်တယ် ။ နှစ်ပေါင်းဆယ်နဲ့ ချီပြီး နေလာတဲ့ လူတွေကို ကုမ္မဏီတွေကနေ လာဖယ်ခိုင်းတာတို့ ၊ အင်အား သုံးဆွဲချနေတာတွေ တွေ့နေရတာဘဲလေ ။ ဆိုတော့ ဒီဟာမျိုး မဖြစ်ရအောင်လို့ ကျနော်တို့ UNA က ဒီကိစ္စကို ကန့်ကွက်ထားခြင်းဖြစ်ပါတယ်။

မေး။ ။ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းနဲ့ မြေလွတ်မြေလပ်မြေရိုင်းဥပဒေက ဘာကြောင့် ဆန့်ကျင်နေတာလဲ။

ဖြေ။ ။ ကျနော်တို့က ဖယ်ဒရယ်ဆိုတဲ့ တံဆိပ်ကနေ ဒီဥပဒေဟာ အချုပ်အခြာ ၊ ဒီဟာတွေနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှု အာဏာကိုက တိုင်းရင်းသားပြည်နယ်တွေမှာဘဲ ဒီဟာရှိရမယ်လေ ။ အခုချိန်မှာ နေပြီး ၊ တချို့ ဆိုရင် ဥပမာဆိုရင် – မြေယာနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ တွေ့နေရတာတွေက ထုတ်ပြန်ပြီးသားလဲ ဖြစ်တယ်။ KNU က ထုတ်ထားတဲ့ မြေယာဥပဒေတွေမျိုးဟာ ရှိတယ်လေ ။ သူတို့မှာ သူတို့ ဥပဒေတွေကနေ ပြီးတော့ ဥပမာ – မိသားစုတစ်စုကနေ ပြီးတော့ လုပ်စားဖို့ လယ်မြေဧက ဘယ်နှစ်ဧက ပိုင်ဆိုင်ရမလဲ ဆိုတာမျိုးတွေ သပ်သပ်မတ်မတ်ရှိတယ်။ ဒီလိုဟာမျိုးတွေ ရှိနေတယ်။ အခုဟာမျိုးတော့ အခုထုတ်ပြန်လိုက်တဲ့ ဟာမျိုးကျတော့ အများပြည်သူပိုင်ဆိုင်မှုကို ကာကွယ်မပေးဘူးပေါ့ ။ နောက်တစ်ခုက သူတို့က အဓိက အခက်အခဲက ကျနော်တို့ နိုင်ငံမှာ ဒီနေ့ ဖြစ်နေတဲ့ ဟာ က တရားဥပဒေ စိုးမိုးမှု မရှိဘူး ။ တရားဥပဒေစိုးမိုးမှု မရှိ ၊ မသမာမှုတွ အဘက်ဘက်မှာ ဖြစ်နေတယ်။ မသမာမှှုတွ ၊ ခြစားမှုတွ ဖြစ်နေတယ်။ ဒီအခက်အခဲတွေကြောင့် မြေယာက အောက်ခြေ လူတန်းစားတွေ တနည်းအားဖြင့် ပြောရရင် ဒီအာဏာခွဲဝေမှုမှာ အနှောင့်အယှက် အများကြီးဖြစ်နေကြတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ အခုလို့ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

မေး။ ။ NLD အစိုးရက ဘာကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းတယ်ထင်လဲ။
ဖြေ။ ။ အဲဒါကကတော့ သူတို့ကို မေးရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ဆီမှာ က ဥပဒေတစ်ခုကို သေသေချာချာ ပြင်ဆင်လာပြီး ပြဌာန်းလာတာ မဟုတ်ဘဲနဲ့ ၊ လူတွေက သိတဲ့အခါ ပြဌာန်းပြီးသား ဖြစ်နေတယ်။ ကျွံသွားတဲ့အခါ မှာ ဒီလိုဟာမျိုး ဖြစ်လာတာ.။ အမှန်ဆို ဒီကိစ္စတွေက သေသေချာချာ နေပြီး ရှင်းပြရမယ်။ နားလည်တတ်ကျွမ်းတဲ့သူတွေ ၊ CSO တွေ ၊ နိုင်ငံရေးးပါတီတွေ အဲလိုမျိုး နေပြီး ဒါတွေကို သေသေချာချာ အောက်ခြေအထိ ရှင်းပြပြီးမှာ ၊ ဥပဒေတစ်ခု ဖြစ်သင့်တာပေါ့။ အခုက ဥပဒေတစ်ခု ပြဌာန်းမယ် အခါ မှာသာ ဒီဟာတွေက ဖြစ်လာတယ်။ တစ်နည်း အားဖြင့် ပြောလျှင် တချို့ တချို့ တော့ ၊ အခု NLD အစိုးရ ရဲ့ ပြဌာန်းချက်ဆိုတာလည်း ခေတ်အဆက်ဆက်ကနေ အုပ်စိုးလာတဲ့ ၊ ပေါင်းစားလာတဲ့ ဒီပုဂ္ဂိုလ်တွေကိုများ မလွန်ဆန်နိုင်ဘူးလား ဆိုတာမျိုး ကျနော်တို့က တွေးမိတယ်။

မေး။ ။ လက်ရှိအစိုးရက ဒီဥပဒေကို မဖျက်သိမ်းဘဲ ဆက်ထားပြီး မြေတွေကို လုယူသလိုဖြစ်နေရင် ဘာဆက်လုပ်မလဲ။

ဖြေ။ ။ ဒါတွေကတော့ ကျနော်တို့လည်း အခုထုတ်ပြန်ထားတာလေ ။ UNA တစ်ဖွဲ့တည်း မဟုတ်ဘူး ။ UNA နဲ့ မိတ်ဖက်တွေ နဲ့ လုပ်တဲ့အတွက် ဒါတွေကတော့ ကျနော်တို့လည်း ဆက်ပြီးတော့ ဆွေးနွေးရအုံးမယ်ပေါ့ ။

မေး။ ။ တိုင်းရင်းသားတွေက ဒီဥပဒေကို ဘယ်လိုဗျူဟာနဲ့ ဆန့်ကျင်တိုက်ဖျက်မလဲ။

ဖြေ။ ။ ဒီဟာတာတော့ တိုင်းရင်းသားပါတီတွေလည်း ကျနော်တို့ UNA အနေနဲ့ ဒီဥပဒေကြမ်းကို ကန့်ကွက်တဲ့ စာထုတ်သလို ၊ တချို့ပါတီတွေကလည်း ထုတ်ပြန်နေတာတော့ တွေ့နေတယ်။ ပါတီခေါင်းဆောင်တွေလည်း ၊ ဒီအကြောင်းအရာအပေါ် မူတည်ပြီး ကန့်ကွက်တဲ့အကြောင်းတွေတော့ ပြောပါတယ်။ ဒါတွေက တစ်နိုင်ငံလုံးက တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးအခြေခံတဲ့ နိုင်ငံ လေ။ ဒီတော့ အောက်ခြေလူတန်းစာ ၊ လယ်ယာ လုပ်သားတွေ ၊ လယ်သမားတွေတော့ အဓိက ထိခိုက်တဲ့ဟာ ဖြစ်တာကြောင့် တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စကြီးတစ်ခုဖြစ်လာပါလိမ့်မယ်။

မေး။ ။ ဒီဥပဒေ ဖျက်သိမ်းဖို့ ကြိုးစားတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရော ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။

ဖြေ။ ။ အဓိက အဲဒီနေရာ တွေလည်း ပိုဆိုးတာပေါ့ ။ဘာဖြစ်လဲဆိုတော့ တရားဥပဒေ စိုးမိုးနေတဲ့နေရာ တွေတောင်မှ အခုလို့ မြေသိမ်းယာသိမ်းဖြစ်နေတဲ့အခါမှာ ဒီလက်နက်ကိုင်တွေ ရှိနေတဲ့ အဲဒီနယ်မြေတွေ ကျတော့ ဒီစာရွက်စာတမ်းဆိုတာ ပိုပြီးဝေးသွား ပြီလေ ။သူတို့နယ်မြေတွေမှတော့ ပိုပြီး အခက်အခဲ ဖြစ်မယ်။ ဒါကြောင့် သူတို့တွေလည်း ဒီကိစ္စကို တော့ ပူူးပေါင်းပါဝင်ပြီးတော့ လှုပ်ရှားမယ်ဖြစ်မယ် ဆိုတော့ ပြောချင်ပါတယ်။နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျနော်တို့က ဒါဟာ အများပြည်သူ ၊ တိုင်းရင်းသားပြည်သူတွေနဲ့ ဆက်စပ်နေတဲ့အတွင်းမှာတော့ ကျနော်တို့အနေနဲ့ ဒီဟာကို ဖျက်သိမ်းဖို့အတွက် တောင်းဆိုသွားဖို့ ရှိနေပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts