All News interview

“၂၀၂၀ မှာ တပ်နဲ့ ပေါင်းပြီး ၂၆ ရာခိုင်နှုန်းရရင် အစိုးရဖွဲ့မယ်ဆိုတဲ့ အစီအစဉ်မျိုး ပြည်ခိုင်ဖြိုးမှာ မရှိဘူး”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ၁၃ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးှနှင့်ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ ၃ ခု အနိုင်ရရှိထားရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကြားဖြတ်မှာ USDP က ၃ နေရာနိုင်တယ်။ ဆိုတော့ ဘယ်လိုမှတ်ချက်ပြုချင်ပါလဲ။

ဖြေ။ ။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျနော်တို့မျှော်လင့်ထားတဲ့အတိုင်းတော့မရဘူးပေါ့လေ။ သို့သော်လည်းပဲ ၂၀၁၅ နဲ့ ၂၀၁၇ ကြားဖြတ်ထက်စာရင်တော့ ကျေနာ်တို့ရဲ့ မဲရရှိမှု အခြေအနေက ပိုတက်လာတယ်ဆိုတာတွေ့ရတယ်။ ကျနော်တို့ မြင်တာက ကျနော်တို့ကြိုးစားရဦးမယ်။ ပြည်သူလူထုကို ပိုပြီး အလုပ်အကျွေးပြုရမယ်။ ကျနော်တို့ ကြိုးစားရဦးမယ်။ ဒီထက်ပိုပြီးအားထည့်ရဦးမယ်။ ကျနော်တို့ပါတီက ပြည်ခိုင်ဖြိုးဆိုပေမယ့် ပြည်ထောင်စုပါတီ။ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ပါတီဖြစ်တယ်။ ကချင်မှာဆိုရင် အဲဒီဒေသမှာ အများပြည်သူ လေးစားတဲ့ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်မျိုး၊ ဒေသခံတိုင်းရင်းသားကို ပါတီကိုယ်စားပြု ဝင်ရွေးတာပေါ့လေ။ ဒီအချက်ကလည်း ကိုယ်စားလှယ်ရဲ့ အရည်အသွေးပေါ်မှာလည်း ပြည်သူလူထုယုံကြည်တာလည်းပါမယ်။တိုင်းရင်းသားပါတီတွေအနေနဲ့ အစိုးရအဆက်ဆက်ကို ဖြတ်သန်းလာတာဖြစ်တဲ့အတွက် သူတို့တွေရဲ့ အနေအထားကို ရင်ဆိုင်နေရတာတွေကို ဘယ်ခေတ်ဘယ်ကာလ ဘယ်လိုအခြေအနေမျိုး မှာ သူတို့ တွေ့ကြုံရတဲ့ အခြေအနေတွေအပေါ်မှာ ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်မှုရှိတယ်ဆိုတာ သက်သေပြတဲ့သဘောပေါ့။ ကျနော်တို့အပေါ်မှာ ယုံကြည်လို့ မဲပေးတယ်။ တိုင်းရင်းသားတွေသည် ပြည်ခိုင်ဖြိုးပေါ်မှာ ယုံကြည်လို့ မဲပေးတယ်လို့ ကျနော်တို့မြင်တယ်။ အဲဒါကြောင့်လည်း ကချင်အမျိုးသားလွှတ်တော်နေရာကို နိုင်တာပါ။ ပြီးတော့ ကျနော်တို့ပါတီရဲ့ ကိုယ်စားလှယ်၊ ဒေသခံတွေရဲ့ ဟန်ချက်ညီညီပေါင်းစပ်နိုင်တဲ့အချိန်မှာ ပါတီကိုယ်စားလှယ်နဲ့ ကျနော်တို့မူဝါဒ တိုင်းရင်းသားတွေယုံကြည်မှုက ဒီအချက်တွေအပေါ်မှာ မူတည်ပြီးတော့ ပေါင်းစပ်ပြီးတော့ အနိုင်ရရှိတယ်လို့မြင်ပါတယ်။

မေး။ ။ ကချင်ပါတီက ပြောနေတာက ကြိုတင်မဲတွေများတယ်ပေါ့။ ၄၀၀၀ ကျော်လောက်ရှိတယ်။ တပ်မဲတွေ အကုန်လုံးက USDP မဲတွေဖြစ်နေလို့ ကန့်ကွက်မယ်လည်းပြောနေတယ်။

ဖြေ။ ။ ကျနော်တို့ ပြည်ခိုင်ဖြိုးနဲ့ပတ်သက်ရင် မြန်မာနိုင်ငံမှာ ရှိသမျှ ပါတီတွေထဲမှာ အစော်ကားခံရဆုံး၊ အဝေဖန်ခံရဆုံးနဲ့ နည်းပေါင်းစုံနဲ့ အထိုးနှက်ခံရဆုံးက ပြည်ခိုင်ဖြိုးပါပဲ။ သို့သော်လည်း ကျနော်တို့ရပ်တည်ချက် ကျနော်တို့မူဝါဒ ကျနော်တို့ရဲ့ တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာ၊ မေတ္တရားပေါ်မှာ မူတည်ပြီးတော့ပဲ ဖြောင့်ဖြောင့်မှန်မှန်နဲ့ ကျနော်တို့ ချီတက်လာတာလေ။ အခု ကျနော်တို့ နိုင်တယ်။ တပ်ကပေးတဲ့ ကြိုတင်မဲ ၃၀၀၀ ကျော်ရှိတယ်။ အဲဒီမဲတွေ မပါဘဲနဲ့ NLD နဲ့ ကချင်ပါတီထက်ကို မဲ ၂၀၀၀ ဝန်းကျင် အသာနဲ့ကို နိုင်တာ။ အဲဒီတပ်မဲတွေနဲ့ မပါဘဲနဲ့ကို မဲ ၂၀၀၀ အသာနဲ့နိုင်တာ။ ကြိုတင်မဲ ပါခြင်း မပါခြင်းနဲ့ကို မဆိုင်ဘူး။ သိသိသာသာကို နိုင်ပါတယ်။ ခုနက ပြောနေတာ နိုင်ငံရေးအရ ပုံဖျက်တဲ့သဘော။ ဒီအပေါ်မှာ ကျနော်တို့ အသိအမှတ်လည်းမပြုဘူး။ တုန်လည်းမတုန်လှုပ်ပါဘူး။

မေး။ ။ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းယူထားပြီးသားကို ဘာလို့ တပ်မတော်သားတွေက မဲထပ်ပေးလဲ။ လွှတ်တော်မှာလည်း အလိုအလျောက်ယူထားပြီးသားအပြင် မဲပါ ထပ်ပေးတာ မတရားဘူးဆိုပြီးပြောနေကြတာလည်းရှိတယ်။ တပ်မတော်သားတွေ မဲမပေးသင့်ဘူးပြောနေကြတယ်။ အဲဒီအပေါ် ပါတီအနေနဲ့ ဘယ်လိုတုံ့ပြန်ချင်လဲ။

ဖြေ။ ။ ဒါကတော့ အခြေခံဥပဒေက ပေးထားတဲ့ Rights ဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်က ပေးထားတဲ့အခွင့်အရေးဖြစ်တယ်။ အဲဒီအပေါ်မှာ ဘာမှ ပြောစရာမရှိဘူး။ တပ်က ၂၅ ရာခိုင်နှုန်းပါနေတာသည် အခြေခံဥပဒေအရ ပါတာဖြစ်တယ်။ ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်။ ခုနက တပ်မတော်သားတွေ မဲပေးခွင့်ရှိတာသည် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးအရ မဲပေးခွင့်ရတာဖြစ်တယ်။ ဒီအပေါ်မှာ လိုတယ်၊ မလိုဘူးဆိုတာ ကျနော်တို့အနေနဲ့ ပြောလို့မရဘူး။သုံးသပ်မယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ပဲ ဒီဟာကို စဉ်းစားရမှာပေါ့လေ။ တပ်မတော်သားတွေက နိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးခွင့်ရှိရမယ်လို့ မြင်တယ်။

မေး။ ။ ၂၀၂၀ မှာ ကြံ့ခိုင်ရေးပါတီက ၂၆ ရာခိုင်နှုန်း အမတ်နေရာရရင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်တယ်ပြောနေကြတယ်။ တကယ်ပဲ ၂၆ ရာခိုင်နှုန်းနိုင်ဖို့ ဦးတည်တာလား။

ဖြေ။ ။ ဒါကတော ဝေဖန်စွပ်စွဲမှုတွေနဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ယူဆချက်တွေပါပဲ။ ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း နေရာယူပြီး လွှတ်တော်မှာ ဝင်ထိုင်တာက အပြောင်းအလဲကာလ နိုင်ငံ့အခင်းအကျင်း အပြောင်းအလဲကာလမှာ နိုင်ငံရေးနဲ့ ဒီမိုကရေစီယဉ်ကျေးမှု မရင့်ကျက်သေးခင် ကျနော်တို့ နိုင်ငံရေးပါတီတွေ၊့နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေး မရင့်ကျက်ခင် အခြေအနေတစ်ခု မရောက်ခင်မှာ ထပ်ပြီးတော့ ခုနလို ရုတ်ရုတ်သဲသဲဖြစ်စဉ်မျိုးနဲ့ အာဏာသိမ်းဖြစ်စဉ်မျိုးမဖြစ်ရအောင် Balance ဝင်ထိန်းထားတဲ့သဘောနဲ့ ပါနေတာ။ တပ်က နိုင်ငံကို ဦးဆောင်ပြီး သွားနေတာမဟုတ်ဘူး။ သွားတာက အနိုင်ရ ပါတီကပဲ ဦးဆောင်ပြီး နိုင်ငံကို သွားနေတာလေ။ သူတို့က အထိန်းသဘောပဲပါတာဖြစ်တဲ့အတွက် တပ်မတော်ရဲ့ အခြေခံဥပဒေအရ သူတို့ရဲ့ အခွင့်အရေးအရ သူတို့ တိုင်းပြည်ကို ထိန်းကျောင်းဖို့ ပါဝင်နေတာဖြစ်တယ်။ အဲဒါက ကျနော်တို့ ပြည်ခိုင်ဖြိုးရဲ့ အားသာချက်မဟုတ်ဘူး။

ကျေနာ်တို့လည်း နိုင်ငံရေးပါတီဖြစ်တဲ့အတွက် ကျနော်တို့က တပ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ကျနော်တို့ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ကျနော်တို့ အစိုးရ ဖွဲ့နိုင်အထိ ရာခိုင်နှုန်းအများဆုံးရအောင် ကျနော်တို့ ကြိုးစားရမှာပဲ။ တပ်ကပါမှာ ဖြစ်လို့ ငါတို့ပြည်ခိုင်ဖြိုးက ၂၆ ရာခိုင်နှုန်းရရင်နိုင်ပြီဆိုတဲ့ အသိမျိုး ကျနော်တို့ ပြည်ခိုင်ဖြိုးမှာ မရှိဘူး။

ကျနော်တို့က ရနိုင်သလောက်အစိုးရအဖွဲ့ ဖွဲ့နိုင်တဲ့အထိ ကြိုးစားမယ်။ တပ်မတော်သည် သူတိုရဲ့ ဆန္ဒအရ NLD ကို ပေါင်းချင်လည်းပေါင်းမယ်၊ ပြည်ခိုင်ဖြိုးကို ထောက်ခံချင်လည်း ထောက်ခံမယ်။ အဲဒါက နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးဆောင်ရွက်နိုင်မှုနဲ့ သူတို့ရဲ့ မူဝါဒအပေါ် တပ်မတော်က ဘယ်လောက်ယုံကြည်လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ၂၀၂၀ မှာ တပ်နဲ့ ပေါင်းပြီး ၂၆ ရာခိုင်နှုန်းနိုင်ရင် အစိုးရဖွဲ့မယ်ဆိုတဲ့ အစီအစဉ်မျိုး ပြည်ခိုင်ဖြိုးမှာ မရှိဘူး။ အစိုးရဖွဲ့နိုင်တဲ့အထိရနိုင်သမ ျှ ရအောင် ကြိုးစားမယ်။

မေး။ ။ ၂၀၂၀ ကို ဘယ်လို မှန်းထားလဲ။ ၂၀၁၈ ကြားဖြတ်မှာ အနိုင်ရမှု တက်လာတော့။

ဖြေ။ ။ ကျနော်တို့ မျှော်မှန်းချက် ရည်မှန်းချက်ကတော့ အနီးစပ်ဆုံး ရွေးကောက်ပွဲ အနိုင်ရရေးပဲ။ ကျနော်တို့ ပါတီအစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားမှာပါပဲ။ ကျနော်တို့ အနိုင်ရခြင်း မရခြင်းက ပြည်သူလူထုရဲ့ ဆုံးဖြတ်မှုပေါ်မှာ မူတည်တယ်။ မဲပေးမယ့် ပြည်သူတွေအပေါ်မှာ မူတည်တယ်။ ကျေနာ်တို့သည် ပြည်သူကို ဘယ်လောက် အလုပ်အကျွေးပြုနိုင်မလဲ။ ဘယ်သူ ဘယ်လောက်အထိယုံကြည်မလဲ ကျနော်တို့ မူဝါဒ ၊ ရပ်တည်ချက်ဘယ်လောက်မှန်ကန်တယ်ဆိုတာ ပြည်သူက အကဲခတ် ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ပြည်သူ ယုံကြည်လက်ခံမဲပေးလာအောင် ကျနော်တို့ အကောင်းဆုံး စီမံဆောင်ရွက်သွားမယ်။ ကျနော်တို့ ဆောင်ရွက်မှု မှန်ကန်မယ်၊ ပြည်သူယုံကြည်မယ်ဆိုရင် အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts