political news

ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ အတွက် မညှိထားဟု NLD ရှင်းလင်းခြင်းရဲ့ နောက်ကွယ်မှ ရဋ္ဌပါလ အသင်း ဆိုတာ ဘာလဲ၊ ဘယ်သူတွေ ဦးစီးနေတာလဲ

By ရန်ကုန်ခေတ်သစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ၂၀၂၀ အတွက် ညှိနှိုင်းထားတာ မရှိဘဲ မြန်မာသံတော်ဆင့် သတင်းဂျာနယ်က လူထုကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် လုပ်နေတယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာသံတော်ဆင့်ရဲ့ သတင်းဖော်ပြချက်
===========================

နိုဝင်ဘာလ ၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ လူယုံ တစ်ဦးဖြစ်တဲ့ အမျိုးသားနိုင်ငံရေးပါတီ ထူထောင်ဖို့ ပြင်ဆင်နေသူ စစ်ဥပဒေချုပ်ဟောင်း၊ သမ္မတရုံးဝန်ကြီးဟောင်း ဗိုလ်ချုပ်ဟောင် ဦးစိုးမောင်က ရဋ္ဌပါလ အသင်း ထူထောင်ပြီး လှုပ်ရှားမှုတွေ စတင်ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်မှာ ရဋ္ဌပါလအသင်း အမာခံများ တွေ့ဆုံပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း၊ အဲဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်သဘောတူညီထားချက်ရှိကြောင်း၊ ၂၀၂၀ သမ္မတလောင်းကို ကြိုတင်လျာထားထားကြောင်း၊ ဗိုလ်ချုပ်စိုးမောင်(ငြိမ်း) နှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် အမာခံ အဖွဲ့ဝင်တချို့က ၂၀၂၀ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အငြိမ်းစားပေး၍ သမ္မတတင်မြှောက်မည်ဟု ထင်မြင်ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ဦးသန်းမြတ်စိုး( ကြံ့ခိုင်ရေး ဗဟိုသင်တန်း အမှတ်စဉ် ၁ ဆင်း၊ လက်ပံတန်းအတွင်းရေးမှူးဟောင်း) ကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။

NLD ပါတီမှ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှင်းလင်းချက်
============================
၂၀၂၀ ရွေးကောက်ပွဲအတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းထားတယ်ဆိုတာဟာ မဟုတ်မှန်တဲ့အကြောင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ရှင်းလင်းပြီး ဒါဟာ NLD ပါတီကို လူထုက အထင်အမြင်လွဲမှားအောင် လုပ်တာလို့ ပြောဆိုလိုက်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းထားတယ်ဆိုတာ မဟုတ်ဘူးနော်။ ဒါကျနော်ဆီကထွက်တဲ့ သတင်း ကျနော်ပြောတယ် ဒါမဟုတ်ဘူး။ ယုန်ထင်ကြောင်ထင် ဖြစ်အောင်လုပ်တာဗျ။ လူထုကို ယုန်ထင်ကြောင်ထင်ဖြစ် စေပြီး ၂၀၂၀ မှာ ကျနော်တို့ ညှိထားတယ် ဆိုတဲ့ဟာ ကျနေ်ာတို့အတွက်တော့ Impact ကကြီးတယ်နော်။ ဒါမဟုတ်ဘူး။ ဒါပေမယ့် ကျနေ်ာတို့ဘာမှ လုပ်လို့မရဘူး။ ဒါမဟုတ်ဘူးဆိုတာတော့ ပြောမယ် မညှိထားဘူး ဘယ်သူနဲ့မှ မညှိထားဘူး”လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုခဲ့ပါတယ်။

NLD ပါတီအနေနဲ့ ဒီလို သတင်းအပေါ် တူးတူးခါးခါး ငြင်းဆိုပေမယ့်လည်း အဲဒီလို သတင်းတွေ ပြောဆိုတဲ့ ရဋ္ဌပါလအသင်း ထူထောင်သူနဲ့ အမျိုးသားနိုင်ငံရေးပါတီ ထူထောင်ဖို့ ကြိုးစားနေသူ ဦးစိုးမောင်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်မယ် ကိစ္စကိုတော့ ပြောဆိုခြင်းမပြုခဲ့ပါဘူး။

ရဋ္ဌပါလ အသင်း ဆိုတာ ဘာလဲ
====================

ရဋ္ဌပါလ ဆိုတာကတော့ တိုင်းပြည်ကို စောင့်ရှောက်ကာကွယ်ခြင်းလို့အဓိပ္ဗာယ်ရပြီး ရဋ္ဌပါလအသင်းကို ယုံကြည်ချက် ၅ ချက်၊ ရပ်တည်ချက် ၁၁ ချက်၊ လုပ်ငန်းစဉ် ၉ ချက် ဖွဲ့စည်းတယ်လို့ အဲဒီအသင်းရဲ့ လက်ကမ်းကြော်ငြာမှာ ဖော်ပြထားပါတယ်။ အဲဒီအသင်းကို တရားဝင်ခွင့်ပြုချက်နဲ့ ဖော်ဆောင်တယ်လို့ ဖော်ပြထားပြီး အသင်းအဖွဲ့ အသိအမှတ်ပြု အမှတ်စဉ် ပြည်တွင်း-၀၆၉၄ လို့ ဖော်ပြထားပါတယ်။

 

ရဋ္ဌပါလအသင်းရဲ့ ယုံကြည်ချက်များ
==========================
ရဋ္ဌပါလအသင်းကို ယုံကြည်ချက် ၅ ချက် ဖွဲ့စည်းပြီး ယုံကြည်ချက်တွေကတော့

၁- မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသူနိုင်ငံသားများ၏ လက်ဝယ်တွင်သာရှိသည်။
၂-မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအား မည်သည့်နိုင်ငံ၊လူမျိုးများမှ ဝင်ရောက်စွက်ဖက်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ ချုပ်ကိုင်ခြင်း၊ ဖိအားပေးခြင်းများ မရှိစေရ။
၃-ဥပဒေအထက်တွင် မည်သူမျှမရှိစေရ။
၄-ဥပဒေများကို အသက်ဝင်စေပြီးတရားစီရင်ရေး မဏ္ဍိုင်မျှတမှန်ကန်ရေးအတွက် တည့်မြတ်အောင် ဆောင်ရွက်သွားမည်။
၅-ဘက်စုံတိုးတက်၍ အင်အားတောင့်တင်းခိုင်မာသည့်နိုင်ငံဖြစ်အောင် တည်ဆောက်နိုင်ရေးကြိုးပမ်းမည် လို့ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။

ရဋ္ဌပါလအသင်း၏ ရပ်တည်ချက်
====================

ရဋ္ဌပါလအသင်းမှာ ရပ်တည်ချက် ၁၁ ချက်ရှိပြီး အဲဒီ ၁၁ ချက်ကတော့

က) နိုင်ငံသူနိုင်ငံသား အားလုံးအား ခွဲခြား ဆက်ဆံမှု မရှိသည့် တန်းတူလေးစားမှုရှိသည်။
(ခ) ဤအဖွဲ့အစည်းဖွဲ့စည်းခြင်းသည် နိုင်ငံသူ နိုင်ငံသားများအားလုံးအတွက်လကောင်းမွေသာဖြစ်ရမည်။
(ဂ) ဤအဖွဲ့အစည်းသည် တရားသေမူဝါဒစွဲကိုင်သည့် အဖွဲ့အစည်း မဟုတ်ပေ။ အပြန်အလှန်လေးစားမှုဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သည့်မူကိုဦးစားပေးသည့် အဖွဲ့အစည်း ဖြစ်သည်။
(ဃ) ဤအဖွဲ့အစည်းသည် ဖိအားပေးမှု၊ ခြိမ်းခြောက်မှု၊အခွင့်အရေးမျှော်တွေးမှုတို့ဖြင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်း မဟုတ်ပေ။ တာဝန်သိသည့်ပြည်ထောင်စု စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ဖြင့် ပေါ်ထွန်းလာသည့်ပေးဆပ်မှုကို အခြေခံသည့် အဖွဲ့အစည်းဖြစ်သည်။ အမျိုးသားရေးကိုဘယ့်တော့မှသစ္စာမဖောက်။
(င) မြန်မာနိုင်ငံပြည်သူတရပ်လုံး၏ ကောင်းကျိုးကိုရှေ့ရှုပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့်လက်တွဲရန် အသင့်ရှိသည်။
(စ) ပြည်သူလူထု၏ နိုင်ငံရေးအမြင်၊ အမျိုးသားရေး အသိအမြင် နည်းပါးမှုကြောင့် မှားယွင်းမှုမျိုးအား သည်းခံခွင့်လွှတ်နိုင်သည်။ အခြေခံ ပြည်သူများ အတိ ဒုက္ခရောက်စေမည့် ကြံရွယ်ချက်ပါ လုပ်ဆောင်မှု မျိုးအား မည့်သည့်အခါတွင်မျှ လက်ခံလိမ့်မည်မဟုတ်။
(ဆ) ရဋ္ဌပါလသည် စားဝတ်နေမှုတရားမျှတအောင် ပြုကျင့်နိုင်စေမည့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်း၊ အထူးသဖြင့် စိုက်ပျိုးထုတ်လုပ်မှုမှ အသင့်စားသုံးကုန်အဖြစ် ထုတ်လုပ်နိုင်အောင် ဝိုင်းဝန်း ဆောင်ရွက်မည်။
(ဇ) စားသုံးကုန် အရှိန်မြင့်ထုတ်လုပ်၍ ပို့ကုန်အစားထိုး ထုတ်လုပ်မှု စီမံချက်အားဖြင့် မျှတသည့် ဈေးကွက်စီးပွားရေး စနစ်အကောင်အထည်ပေါ်အောင် ကြိုးပမ်းမည်။
(ဈ) စိုက်ပျိုးရေး ကဏ္ဍဖွံဖြိုးပြီး အာမခံချက်ရှိသည့် ဈေးကွက်၊ ဈေးနှုန်း၊ ဝင်ငွေအားဖြင့် လူမှုဘဝ၊ အဆင့်အတန်းများ တိုးတက်မြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်မည်။
(ည) ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှု၊စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှု၊ ကျင့်ဝတ်ပိုင်းဆိုင်ရာဖွံဖြိုးမှု များဖြစ်ပေါ်စေရေးအတွက် ဦးတည်ဆောင်ရွက်မည်။
(ဋ)စာပေ၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုထိန်းသိမ်းစောင့်ရှောက်စုပေါင်းကာကွယ်မည် ဆိုတာတွေ ဖြစ်ပါတယ်။

ရဋ္ဌပါလအသင်း၏ လုပ်ငန်းစဉ်
===================

ရဋ္ဌပါလအသင်းရဲ့ လုပ်ငန်းစဉ် ၉ ခုရှိပြီး အဲဒီ လုပ်ငန်းစဉ်တွေကတော့

(၁)ပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်း။
(၂)နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း။
(၃)ပြည်ထောင်စုစိတ်ဓာတ် ဒီမိုကရေစီ ကျင့်စဉ်များနှင့် ပတ်သက်သော အသိပညာပေး လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်း။
(၄)နိုင်ငံရေးအသိ အမျိုးသားရေးအသိ မြှင့်တင်လှုပ်ရှားမှုများပြုလုပ်ခြင်း။
(၅)လူထုအစည်းအဝေများ ကျင်းပခြင်း။
(၆)ကာကွယ် ထောက်ခံ လှုပ်ရှားမှုများ ပြုလုပ်ခြင်း။
(၇)အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း။
(၈)အမျိုးသားအဆင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း။
(၉)ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ လေ့ကျင့်မွေးထုတ်ပေးခြင်း ဆိုတာတွေဖြစ်ပါတယ်။

ရဋ္ဌပါလအသင်းကို ဘယ်သူက ဦးဆောင်တာလဲ
=============================
ရဋ္ဌပါလအသင်းကို ဦးဆောင် ထူထောင်သူက ဦးစိုးမောင်ဖြစ်ပါတယ်။ ဦးစိုးမောင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လမ်းညွှန်မှုနဲ့ အငြိမ်းစားစစ်ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်နဲ့ အတူ အမျိုးသားနိုင်ငံရေးပါတီ တစ်ရပ်ဖွဲ့စည်းထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီဖွဲ့စည်းမှု မှတ်ပုံတင် စက်တင်ဘာလကတည်းက လေ ျှာက်ထားခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် စစ်ဥပဒေချုပ်လည်းဖြစ်၊ သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးစိုးမောင် ခေါင်းဆောင်တဲ့ အမျိုးသားနိုင်ငံရေးပါတီမှာ စာရင်းစစ်ချုပ်လည်းဖြစ် ၊၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဟောင်း ဗိုလ်ချုပ်(ငြိမ်း) ဦးကျော်သူ၊ ဗိုလ်ချုပ်(ငြိမ်း) ဦးသန်းအောင်၊ ဗိုလ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း၊ နအဖကောင်စီရုံးအဖွဲ့ နှင့်အစိုးရအဖွဲ့ အကြီးအကဲဟောင်းများဖြစ်ကြသည့် ဗိုလ်မှူးကြီးဟောင်း ဦးသန့်ရှင်း၊ ဗိုလ်မှူးကြီးဟောင်း ဦးကျော်ကျော်ဝင်း၊ ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွန့်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဟောင်း ဦးခင်မောင်အေးတို့ ပါဝင်ပါတယ်။

အမျိုးသားနိုင်ငံရေးပါတီ ဖွဲ့စည်းဖို့ စီစဉ်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းတွေက ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းစိန်အုပ်စုနဲ့ လည်းကောင်း ဦးရွှေမန်းအုပ်စုနဲ့လည်းကောင်း ကင်းလွတ်တဲ့ ဗိုလ်ချုပ်ဟောင်းတွေလည်းဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ သြဂုတ်လနှောင်းပိုင်းမှာ ဦးစိုးမောင် အပါအဝင် ဗိုလ်ချုပ်ဟောင်း တချို့ပါဝင်တဲ့ အမျိုးသားနိုင်ငံရေးပါတီ တစ်ရပ် မှတ်ပုံတင်ဖို့ လာရောက် လျှောက်ထားတယ်လို့ အတည်ပြုပါတယ်။

အမျိုးသားရေး ကိုဦးတည်နေတဲ့ ရဋ္ဌပါလ
========================

ရဋ္ဌပါလအသင်းရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်တွေကို သုံးသပ်ကြတဲ့အခါ အမျိုးသားရေးကို ဦးတည်တာဖြစ်ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်ထားတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၊ ဗုဒ္ဓဓမ္မပရဟိတအသင်း ဆိုတဲ့ ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်ထားတဲ့ အသင်းတွေကို ဗဟိုသံဃာနာယကအဖွဲ့က ဖျက်သိမ်းဖို့ ညွှန်ကြားလိုက်တာကြောင့် တစ်နိုင်ငံလုံး လှုပ်ရှားမှု ရပ်တန့်သွားပါတယ်။ ဘာသာရေးကိုပါ ရောယှက်တာကြောင့် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပြီး နာလန်မထူအောင် ဖြစ်သွားခဲ့ရတာပါ။

ရဋ္ဌပါလအသင်း ပေါ်ပေါက်လာခြင်းက အဲဒီ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ ဗုဒ္ဓဓမ္မစောင့်ရှောက်ရေး အဖွဲ့ တွေကို အစားထိုးခြင်းဖြစ်နိုင်သလို ရည်ရွယ်ချက်တွေကလည်း အမျိုးသားရေးကို အဓိက ဦးတည်နေတာ တွေ့ရပါတယ်။

ရဋ္ဌပါလအသင်းကို ထူထောင်တဲ့ ယုံကြည်ချက် ၅ ချက်မှာ အမျိုးသားရေးကို ညွှန်းဆိုနေတဲ့ အချက်က မြန်မာနိုင်ငရဲ့ ပြည်တွင်းရေး ကိစ္စရပ်များကို မည်သည့်နိုင်ငံ၊ လူမျိုးကမှ ဝင်ရောက်စွတ်ဖက်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ ချုပ်ကိုင်ခြင်း၊ ဖိအားပေးခြင်း မရှိစေရ လို့ ဖော်ပြထားတာကြောင့် ရခိုင်အရေးကို ရည်ညွန်းပုံပါပဲ။

နောက်တစ်ခါ ရဋ္ဌပါလရဲ့ ရပ်တည်ချက် ၁၁ ချက်မှာ တစ်ခုဖြစ်တဲ့ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုတာ ကလည်း အမျိုးသားရေးကို အဓိကဦးတည်တာပါပဲ။

ရဋ္ဌပါလအသင်းရဲ့လုပ်ငန်းစဉ် ၉ ချက်ကို ပြန်ကြည့်တဲ့အခါမှာလည်း နိုင်ငံရေးအသိ၊ အမျိုးသားရေးအသိ မြှင့်တင် လှုပ်ရှားမှုများ ပြုလုပ်ခြင်း ဆိုတာ ပါဝင်နေပါတယ်။

ဒါကြောင့် ဒီအသင်းဟာ အမျိုးသားရေးကို ဦးတည်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိဖို့ အဓိက ဦးတည်နေတာ ထင်ရှားပါတယ်။

သုံးသပ်ချက်
===========

လက်ရှိ NLD အစိုးရရဲ့ ရခိုင်အရေး ဆောင်ရွက်မှုနဲ့ အခြားသော စီမံခန့်ခွဲမှုတွေအပေါ် စိတ်ပျက်မှုတွေရှိနေချိန်မှာ မဲရဖို့ အင်မတန်လွယ်ကူတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒကို ဦးတည်ပြီး ဗိုလ်ချုပ်ဟောင်းတွေက ရွေးကောက်ပွဲအနိုင်ရဖို့ လုပ်ဆောင်လာနေပါတယ်။ ဒီလုပ်ဆောင်မှုတွေဟာ တိုင်းပြည်အတွက် အန္တရာယ်ကြီးသလို တကယ်ပဲ ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိလာရင် နာမည်ပျက်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ပိုမိုပြီး သိက္ခာကျစေနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

မရေရာ မသေချာမှုတွေနဲ့ နိုင်ငံရေးကို စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့ ပြည်သူတွေအတွက် ၂၀၂၀ ဟာ ဘယ်သူ့ကို မဲပေးရမလဲ၊ မဲမပေးဘဲ နေရမလားဆိုတဲ့ ဒွိဟစိတ်တွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အမျိုးမျိုးသော နိုင်ငံရေးကစားကွက်တွေကြောင့် တိုင်းပြည် ပိုမို ဆုတ်ယုတ်မှု မဖြစ်ဖို့ အတော်ကို သတိထားရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com