All News Local News

သိန်း ၁၀၀ လျှော်ကြေးစာချုပ်လက်မှတ်မထိုး၍ သူနာပြု ၆ ဦး ဘွဲ့နှင်းသဘင်တွင် ဘွဲ့လက်မှတ်မပါသော ကတ်ထူအခွံ့သာပေး

ရန်ကုန်၊ နိုဝင်ဘာ ၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ မြောက်ဥက္ကလာပ သူနာပြုသင်တန်းကျောင်း ဆင်းပွဲတွင် ဝန်ကြီးဌာနက အသစ်ပြင်ဆင်ချုပ်ဆိုသော သိန်း ၁၀၀ လျှော်ကြေးစာချုပ်ကို လက်မှတ်မထိုးသည့် သူနာပြုကျောင်းဆင်း ၆ ဦးကို ဘွဲ့လက်မှတ်မပေးဘဲ ဘွဲ့လက်မှတ်မပါသော ကတ်ထူအခွံ့သာပေးအပ်ခဲ့ကြောင်း သိရှိရသည်။

NTS Transparency Network၏ သတင်းထုတ်ပြန်ချက်အရ အာက်တိုဘာလ ၃၁ ရက်နေ့ မြောက်ဥက္ကလာပ သူနာပြုသင်တန်းကျောင်း ၏ အပတ်စဉ် ၄၁ သူနာပြု သားဖွား ဒီလိုပမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားတွင် သူနာပြုသင်တန်းသူ ၆ ဦးက ဘွဲ့လက်မှတ်မပေးဘဲ ကတ်ထူအခွံ့ကိုသာ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ သင်တန်းသူ ၆ ဦးသည် ဝန်ကြီးဌာနက ပြောင်းလဲပြင်ဆင် ချုပ်ဆိုသော အစိုးရ ဝန်ထမ်း ၃ နှစ်တာဝန် မထမ်းဆောင်ပါက ငွေကျပ် သိန်း ၁၀၀ လျှော်ကြေးပေးရမည်ဆိုသော စာချုပ်သစ်ကို လက်မှတ်မထိုးခဲ့ကြသူများဖြစ်၍ စာချုပ်သစ်ကို လက်မှတ်ထိုးမှသာ ဘွဲ့လက်မှတ်ပေးမည်ဟု မြောက်ဥက္ကလာသူနာပြုသင်တန်းကျောင်းအုပ်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“အခုထက်ထိ သိထားသလောက်တော့ ဘွဲ့လက်မှတ်မရဘဲ ဘွဲ့တက်ယူခိုင်းခံခဲ့တဲ့ သင်တန်းသူ ၆ ဦးလည်း ဘွဲ့လက်မှတ်မရသေးဘူး။ ညှိနေတယ်လို့ကြားတယ်” ဟု NTS Transparency Network အဖွဲ့ဝင် သူနာပြုတစ်ဦးက ဆိုသည်။

သူနာပြု ၆ ဦး ဘွဲ့လက်မှတ်မရဘဲ ကတ်ထူအခွံ့သာ ရရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး နေပြည်တော် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ထံ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခြင်းမရှိပေ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နှစ်စဉ် သူနာပြု ၁၈၀၀ ဦးသာခေါ်ယူရာမှ ၃၆၀၀ အထိ တိုးမြှင့်ခေါ်ယူနေပြီး ယခင်က ၃ နှစ်တာဝန်မထမ်းဆောင်လျှင် ငွေကျပ် ၈ သိန်းလျှော်ကြေးပေးရမည်ဆိုသော စာချုပ်ကို ငွေကျပ် သိန်း ၁၀၀ အထိ လျှော်ကြေးပေးရမည်ဟု ပြင်ဆင်ချုပ်ဆိုလာကြောင်း၊ သို့ရာတွင် မူလက ငွေကျပ် ၈ သိန်းလျှော်ကြေးပေး စာချုပ်ဖြင့် ချုပ်ဆိုထားသော သင်တန်းသား သင်တန်းသူများကိုလည်း ငွေကျပ် သိန်း ၁၀၀ လျှော်ကြေး စာချုပ်သစ် ပြင်ဆင်လက်မှတ်ထိုးခိုင်းရာမှ တင်းမာမှုများဖြစ်ပေါ်လာနေခြင်းဖြစ်သည်။

တင်းမာမှုများဖြစ်ပေါ်လာပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့ ရန်ကုန်သူနာပြုသင်တန်းကျောင်းတွင် သူနာပြုသင်တန်းသား ၂၀၀ ကျော်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့တွေ့ဆုံခဲ့ပြီး အချက် ၄ ချက် သဘောတူညီခဲ့ကြောင်း ၊ စာချုပ် သိန်း ၁၀၀ ပြောင်းလဲခြင်းကိစ္စကို ဒေါက်တာသာထွန်းကျော်က ဆုံးဖြတ်ပေးနိုင်ခြင်း မရှိပါသဖြင့် ဝန်ကြီးဌာန၏ အမြင့်ဆုံးသော စီမံခန့်ခွဲရေး ကော်မတီ(EC) အစည်းအဝေးတွင် တင်ပြဆွေးနွေးပေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးမည့်ကိစ္စအား ရက်အနီးဆုံး EC အစည်း အဝေး(ယခုရက်သတ္တပတ်အတွင်း) တင်ပြဆွေးနွေးပြီးရလဒ်ကို သက်ဆိုင်ရာ ကျောင်း အုပ်ကြီးမှ တစ်ဆင့် အကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ ရလဒ်မရောက်ရှိခင်အထိ စာချုပ်ချုပ်ဆိုခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူတို့၏ တင်ပြတောင်းဆိုချက်ဖြစ်သော ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ တက်ရောက်ခွင့်ရ သင်တန်းသား၊ သင်တန်းသူတို့ကို မူလ လျှော်ကြေး ၈ သိန်း ကျပ်တိတိဖြင့်သာ ချုပ်ဆိုရန်နှင့် ၂၀၁၉ ခုနှစ် ဝင်ခွင့်လမ်းညွှန်တွင် တရားဝင်ကြေညာပြီးမှသာ ပြောင်းလဲပြင်ဆင်ချုပ်ဆိုရန် တောင်းဆိုချက် အားတင်ပြဆွေးနွေးသွားမည်ဖြစ်ဟု သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

 

နောက်ဆက်တွဲသတင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ မြောက်ဥက္ကလာပ သူနာပြုသင်တန်းကျောင်းတွင် အစိုးရဝန်ထမ်း ၃ နှစ်တာဝန်မထမ်းဆောင်လျှင် သိန်း ၁၀၀ လျှော်ကြေးပေးရမည်ဆိုသော စာချုပ်သစ်ကို လက်မှတ်မထိုးသည့် သူနာပြု ၆ ဦးကို ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဒီပလိုမာဘွဲ့လက်မှတ်မပေးဘဲ ကတ်ထူစက္ကူအခွံ့ကိုသာ ပေးအပ်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က ယနေ့နံနက်ပိုင်းတွင် သတင်းဖော်ပြခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ ကျောင်းအုပ်က သူနာပြု ၆ ဦးကို ခေါ်ယူ၍ ဒီပလိုမာဘွဲ့လက်မှတ်များ ပြန်လည်ပေးအပ်လိုက်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts