Local News political news

သယံဇာတမှ နှစ်စဉ်ဝင်ငွေကျပ် ၃ ဒသမ ၄ ထရီလီယံရှိပြီး နိုင်ငံသားတစ်ဦး တစ်နှစ်ငွေ ၁ သိန်းခွဲထောက်ပံ့နိုင်၊ ဝန်ကြီးများ မသိစေရန် ယန္တရားက ဖုံးကွယ်ထားသည့်Other Account ငွေစာရင်းများရှိနေဆဲ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေနံသဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းအပါအဝင် သဘာဝသယံဇာတမှ ရရှိသည့်ဝင်ငွေသည် တစ်နှစ်လျှင် ငွေကျပ် ၃ ဒသမ ၄ ထရီလီယံရှိပြီး တွင်းထွက်ကဏ္ဍမှ ရရှိသည့် ငွေကြေးအားလုံး ပြည်သူ့ဘဏ္ဍာအဖြစ် ရရှိပါက
ဝင်ငွေနည်း နိုင်ငံသားတစ်ဦးလျှင် တစ်နှစ် ငွေကျပ် ၁ သိန်းခွဲ အစိုးရက ထောက်ပံ့ပေးနိုင်ကြောင်း မြန်မာနိုင်ငံတွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး(MEITI) ညွှန့်ပေါင်းအဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် တွင်းထွက်လုပ်ငန်းများမှ ကောက်ခံရရှိသော ဝင်ငွေစုစုပေါင်းသည် ၃ ထရီလီယံကျော်ရရှိပြီး ၂၀၁၅ – ၂၀၁၆ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် မြန်မာကျပ်ငွေသန်းပေါင်း ၃,၄၀၄,၄၆၉ ( ငွေကျပ် ၃ ဒသမ ၄ ထရီလီယံကျော်) ရရှိခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ ၇၆ ရာခိုင်နှုန်း၊ ကျောက်မျက်နှင့်ကျောက်စိမ်း ကဏ္ဍဝင်ငွေမှ ၂၁ ရာခိုင်နှုန်း၊ အခြားသတ္တုကဏ္ဍမှ ၃ ရာခိုင်နှုန်း ရရှိကြောင်း MEITI၏ ၂၀၁၅-၂၀၁၆ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ချမ်းချမ်းသာသာထားလို့ရနိုင်တယ်။ အခု တခြား မပြောနဲ့ ကျမတို့ တွက်ထားတဲ့ Other Account ထဲမှာဆို ကျမတို့ ဝင်သွားတဲ့ငွေတွေဟာဆိုလို့ရှိရင် ကျမတို့ ဆင်းရဲတာသည် ကျမတို့ ၃၀ ရာခိုင်နှုန်းလောက်က ဆင်းရဲတယ်လို့ သုတေသနတစ်ခုအရ ကျမတို့သိတယ်ပေါ့။ အဲဒီ ၃၀ ရာခိုင်နှုန်းလောက် တကယ်ဆင်းရဲချို့တဲ့ပါတယ်ဆိုတဲ့လူတွေကို တစ်နှစ်ကို မြန်မာကျပ်ငွေ တစ်သိန်းခွဲလောက် ကျမတို့ လူတစ်ဦးစီကို ထောက်ပံ့ထားနိုင်တယ်” ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။

လက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဝန်ကြီးဌာနများတွင် Other Account များစွာရှိနေပြီး Other Account များ ဖွင့်လှစ်ဆောင်ရွက်နေသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးများကိုယ်တိုင် မသိရှိကြကြောင်း၊ EITI အစီရင်ခံစာက ဖော်ပြမှ အခြားငွေစာရင်းများရှိသည်ကို သိရှိရသည့် ဝန်ကြီးများ ရှိနေကြောင်း၊ အစိုးရ ယန္တရားက ဖုံးကွယ်ထားမှုများရှိကြောင်း ၎င်းက ဆိုသည်။

“ယန္တရားက ဖုံးကွယ်ထားတာဖြစ်နိုင်တယ်။ တချို့ဝန်ကြီးတွေဆိုလို့ရှိရင် ဟင် ဒါကြီးရှိနေတာလား ကျမတို့ ဒီကနေ EITI အစီရင်ခံစာကနေ ကျမတို့ ဥပမာအားဖြင့် Other Account ပေါ့၊ အခြားငွေစာရင်းခေါင်းစဉ်ဟာမျိုးပြောလို့ရှိရင် ဟာ ကျနော် ခုမှသိတယ် ဆိုတဲ့ဟာမျိုး သူတို့မှာရှိတယ်။ အဲဒီတော့ ယန္တရားကနေ ဖုံးကွယ်ထား တာမျိုးတွေ လည်းရှိတယ်” ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။

၂၀၁၅ – ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တွင်းထွက်ကဏ္ဍမှ နိုင်ငံတော်ဝင်ငွေသို့ ငွေကျပ် ၃ ဒသမ ၄ ထရီလီယံကျော် ဖြည့်ဆည်းပေးထားမှုကြောင့် နိုင်ငံစုစုပေါင်း ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းဖြည့်ပေးနိုင်ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com