All News Local News

ဝန်ကြီးချုပ် ၄ ဦးနဲ့ ဝန်ကြီးတချို့ အနားပေးမယ်ဆိုတဲ့ The Speaker ဂျာနယ်သတင်း ဂယက်ရိုက်ခတ်မှုပြင်းဟု သမ္မတ ဦးဝင်းမြင့်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ဝန်ကြီးချုပ် ၄ ဦးနဲ့ ဝန်ကြီးတချို့ အနားပေးမယ်ဆိုတဲ့ The Speaker ဂျာနယ်ရဲ့ သတင်းဖော်ပြမှုဟာ ဂယက်ရိုက်ခတ်မှု ပြင်းထန်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောဆိုကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သမ္မတဦးဝင်းမြင့်ရှေ့မှာ ကတိသစ္စာခံယူမှုအပြီး လက်ဖက်ရည်သောက်ဝိုင်းမှာ အဲဒီလို ပြောဆိုခဲ့တာလို့ ဟံသာဝတီဦးအုန်းကြိုင်က ပြောပါတယ်။

“အစိုးရအဖွဲ့တွေ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေလဲမယ်ဆိုတဲ့ သတင်းက ပြောတယ်။ ဂယက်ထသွားတယ်။ အဲဒါကို ညှိနှိုင်းဖြေရှင်းပေးဖို့ ပြောသွားတယ်” လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို နိုင်ငံတော်သမ္မတရုံးက တိုင်ကြားထားပြီး လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ ကောင်စီ မှာ ကြားနာသွားမယ်လို့ ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

The Speaker ရဲ့ သတင်းဖော်ပြမှုမှာ ကိုးကားတဲ့ သတင်းအရင်းအမြစ်ဟာ နိုင်ငံတော် သမ္မတရုံးနဲ့ နီးစပ်သူတစ်ယောက်လို့ ဖော်ပြခဲ့ပေမယ့် သမ္မတရုံးက သတင်းအရင်းအမြစ်တွေ မဟုတ်သလို သမ္မတရုံးက အတည်ပြုချက် ရယူခဲ့တာမရှိဘဲ၊ ကြားသိရတဲ့ အချက်အလက်ကိုသာ အခြေခံပြီး ရေးသားခဲ့တာဖြစ်တာကြောင့် မခိုင်လုံတဲ့အတွက် သမ္မတရုံးနဲ့ တာဝန်ရှိသူတွေ၊ စာဖတ်သူတွေကို ပြန်လည်ရှင်းလင်းတောင်းပန်ဖို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

“ဝန်ကြီးချုပ်လေးယောက်နဲ့ ဝန်ကြီးတစ်ချို့ အနားပေးမည်ဟု သတင်းတွေထွက်ပေါ်၊ မန်းတိုင်းဝန်ကြီးချုပ် နဲ့ ဒေါက်တာ ဝင်းမြတ်အေး မပါ” ဆိုပြီး နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ဝေလိုက်တဲ့ အပတ်စဉ်ထုတ် The Speaker ဂျာနယ်မှာ ဖော်ပြထားတာလည်းဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com