All News Local News

ရန်ကုန် အလုံမြို့နယ် ဗဟိုလမ်း ဗဟိုအမျိုးသမီးဆေးရုံရှေ့ မျက်နှာချင်းဆိုင် ခြံအမှတ် ၅၁ ခ တွင် မျက်နှာဖုံးစွပ် လူအုပ်စုဖြင့် အနုကြမ်းဝင်စီး၊ ဓားစာခံတစ်ဦးခေါ်ဆောင်သွား၊ တရားခံ ၂ ဦး ဖမ်းမိထား

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်း၊ အလုံမြို့နယ် ၊ စောရန်ပိုင် ၈ ရပ်ကွက်၊ ဗဟိုအမျိုးသမီးဆေးရုံရှေ့ မျက်နှာချင်းဆိုင် ဗဟိုလမ်း ခြံအမှတ် ၅၁ ခ မှာ ဒီနေ့ည ၇ နာရီ လောက်က လူအုပ်စုနဲ့ အနုကြမ်းဝင်စီးမှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ဓားစာခံ တစ်ဦး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဖြစ်စဉ်ကတော့ ၇ နာရီခွဲလောက်မှာ အဲဒီခြံထဲကနေ ကား နှစ်စီး ထွက်လာတယ်။ လင့်ခရူဆာလိုကားမျိုးနဲ့ လိုက်ထရပ်တစ်စီး အမြန်မောင်းထွက်သွားတယ်။ အဲဒီနောက်မှ ခြံထဲက အလုပ်သမားတွေ ထွက်လာပြီး အနုကြမ်းစီးတယ်ဆိုတာ သိရတာ။ ဓားစာခံတစ်ဦးပါသွားတယ်ပြောတယ်။ သူဌေးကို ဖမ်းသွားတယ်လည်း အလုပ်သမားတွေက ပြောတယ်။ အဲဒါ အလုပ်သမားတွေက ပြေးထွက်လာပြီး ရဲခေါ်တော့မှ အိမ်ထဲမှာ တရားခံ ၂ ဦး ကျန်ခဲ့နေတာ ထပ်မိတယ်” လို့ ခြံအမှတ် ၅၁ ခ ဘေးမှာ ဈေးဆိုင်ဖွင့်လှစ်ထားတဲ့ အလုံဒေသခံတစ်ဦးက ပြောပါတယ်။

ခြံအမှတ် ၅၁ ခ မှာ နေထိုင်သူမိသားစုဟာ ပဲလုပ်ငန်း၊ အင်ဂျင်ဝိုင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်း အပါအဝင် စီးပွားရေးများစွာလုပ်ကိုင်နေသူတွေလည်းဖြစ်ပါတယ်။

ရပ်ကွက်ဒေသခံတွေရဲ့ အဆိုအရ မိလာတဲ့ တရားခံ နှစ်ဦးဟာလည်း အငှားလိုက်တဲ့ လူမိုက်တွေ ပုံစံဖြစ်နေတယ်လို့ သိရပါတယ်။

“လူအုပ်စုဆိုတော့ ၁၀ ဦးလောက်ရှိမယ်ပြောတယ်။ အထဲမှာ ဘယ်အချိန်ကတည်းက ဝင်ပြီး ဖြစ်နေတာလည်း ကျနော်တို့မသိဘူး။ အလုပ်သမားတွေကို ဖမ်းပြီး ရိုက်တယ်။ ကြိုးတွေနဲ့ တုပ် ရိုက်တယ်ပြောတယ်။ အခုက ရဲစခန်းမှာ မိထားတဲ့ တရားခံ နှစ်ဦး ကို ခေါ်သွားတယ် ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အခင်းဖြစ်ပွားနေရာမှာ ရှိနေတဲ့ ရဲတွေကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။။

လတ်တလော ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံလိုက်ပါတဲ့ကားကို မိပြီဆိုတဲ့ ရဲတပ်ဖွဲ့ စကားပြောစက်က အသံတွေကြားရပြီးတဲ့နောက် ည ၇ နာရီ ၄၃မိနစ်လောက်မှာ လုံခြုံရေးယူထားတဲ့ ရဲကားတွေအားလုံး ခြံအမှတ် ၅၁ ခ ရှေ့ကနေ ထွက်ခွာသွားပါတယ်။

ခြံအမှတ် ၅၁ ခ က အလုပ်သမားတွေနဲ့ အိမ်ပိုင်ရှင်တွေကလည်း အလုံရဲစခန်းကို လိုက်သွားမယ်ဆိုပြီး ထွက်ခွာသွားတာတွေ့ရပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com