China Watch Local News political news

ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ဖို့ တရုတ်ဝင်ပါမယ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ ဆောင်ရွက်ဖို့ရှိနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တရုတ်အစိုးရနဲ့ ရန်ကုန်အစိုးရအကြား ကူညီပူးပေါင်းဆောင်ရွက်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဌ Mr. Ning Jizhe က နိုဝင်ဘာ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာရောက်တဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ရန်ကုန်တိုင်းအစိုးရနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်ရေး တရုတ်က ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ တရုတ်သံရုံးက တရားဝင်သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့ ရန်ကုန်မြို့သစ်ဖော်ဆောင်ရေးလို အရေးပါတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အပြင် ကနဦးအကျိုးရလဒ်များ မြန်ဆန်စွာပေါ်ထွန်းလာရေး အတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်းအစိုးရက ငွေကျပ် ၁၀ ဘီလီယံ မတည်ပြီး ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC) ကို ထူထောင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

အဲဒီ NYDC ကုမ္ပဏီမှာ ပုဂ္ဂလိကကဏ္ဍကလည်းပါဝင်ပြီး ထင်ရှားတဲ့စီးပွားရေးသမားကတော့ FMI ဥက္ကဋ္ဌ ဦးသိမ်းဝေဖြစ်ပါတယ်။ သူက NYDC ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းတစ်ခုလုံးရဲ့ ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လိုအပ်တဲ့ စီမံကိန်းအကြို အဆိုပြုလွှာ (Pre-Project Documents -PPD) ကို ဟောင်ကောင်စတော့အိတ်ချိန်းဝင် China Communications Cons Company Ltd (CCCC) ကုမ္ပဏီက ရေးဆွဲနေတာလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြေ ဧက ၂၀,၀၀၀ ပေါ်တွင်အကောင် အထည်ဖော်ဖို့ စီစဉ်နေတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူဖို့ ပြင်ဆင်တာတွေ အပြီးသတ်တော့မယ်လို့ NYDC က သတင်းထုတ်ပြန်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts