China Watch Local News political news

မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး ထဲထဲဝင်ဝင် ပါဝင်ကူညီမည်ဟု တရုတ် နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ကတိပြု

ရန်ကုန်၊ နိုဝင်ဘာ ၈

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရေးနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ငြိမ်းချမ်းရေး ဖြစ်စဉ် တွင်ပါဝင်လာရေး ထဲထဲဝင်ဝင်ပါဝင်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲလည်းဖြစ် ဝန်ကြီးလည်းဖြစ်သူ Mr. Song Tao က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Mr.Song Ta သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် နိုဝင်ဘာလ ၇ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခွင့်ရရှိခဲ့သူ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

“အဓိက မြောက်ပိုင်းမဟာမိတ်အဖွဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှု အပေါ်မှာလည်း အများကြီးမူတည်တယ်ပေါ့။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ သူတို့တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပြီးတော့ ကူညီ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း သူတို့ဘက်က ဆောင်ရွက်မယ့်ဟာတွေ ဆွေးနွေးသွားပါတယ်” ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ဆက်လက်၍ “တရုတ်နိုင်ငံတကာဆက်ဆံရေးဝန်ကြီးက မြန်မာပြည်ခရီးစဉ်ရှိတိုင်းမှာ ပါတီဥက္ကဋ္ဌကြီးကို လာရောက်တွေ့ဆုံတာရှိတယ်။ အဓိက တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ အသင်းဘဝကတည်းက ဆက်ဆံမှုရှိခဲ့တယ်။ အဓိက က ပါတီချင်း ချစ်ကြည်ရေးမှသည် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနဲ့ ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာလည်း တရုတ်အစိုးရနဲ့ ချစ်ကြည်ရေးကောင်းခဲ့တယ်။ ဆိုတဲ့အခါကျတော့ ထပ်ပြီးတော့လည်း ပါတီချင်း ဆက်ဆံရေးပိုမိုမြှင့်တင်သွားဖို့ ဒီလိုမျိုးတွေ လာရောက်တွေ့ဆုံတဲ့အနေအထားပေါ့။ နောက်တစ်ခါ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးမှာ တရုတ်က ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်။ ပြည်ခိုင်ဖြိုးက အားပေးဖို့ပေါ့ လာရောက်ဆွေးနွေးဖို့ပြောတယ်” ဟု ၎င်း က ပြောဆိုသည်။

၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ၃ နေရာအနိုင်ရရှိမှုအပေါ်လည်း ထိုက်သင့်သလောက် အနိုင်ရရှိသည့်အတွက် ချီးကျူး ဂုဏ်ပြုစကား တရုတ်နိုင်ငံတကာဆက်ဆံရေးဝန်ကြီးက ပြောဆိုသွားကြောင်း သိရှိရသည်။

လတ်တလော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် ကချင် KIA ၊ ပလောင် TNLA ၊ UWSA ၀ တပ်ဖွဲ့ ၊ မိုင်းလား၊ ရခိုင် AA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကိုးကန့် MNDAA တို့သည် အစိုးရနှင့် NCA လက်မှတ်ထိုးနိုင်ခြင်းမရှိသေးဘဲ ဝနှင့် မိုင်းလားမှ လွဲ၍ ကျန်အဖွဲ့များမှာ မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com