All News Local News

မြန်မာ့မီဒီယာတွေ ဘယ်ကရတဲ့ငွေကြေးနဲ့ လည်ပတ်ထူထောင်နေလဲ နိုင်ငံတော်အတိုင်ပင်ခံ မေးခွန်းထုတ်၊ RTI ဥပဒေမှာ မီဒီယာထူထောင်တဲ့ ငွေကြေးစစ်နိုင်မယ့်အချက် ထည့်သွင်းပြဋ္ဌာန်းမယ်လို့ဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မြန်မာသတင်းမီဒီယာတွေ ဘယ်ကရတဲ့ ငွေကြေးတွေနဲ့ လည်ပတ်နေလဲဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သိချင်နေပြီး အဲဒီလုသိရဖို့လည်း သတင်းသိပိုင်ခွင့် Right to Information (RTI) မှာ အပိုဒ်တစ်ပိုဒ် ထည့်သွင်းပြီး ချက်ချင်းဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တွေကို နိုဝင်ဘာလ ၂၃ ရက်နေ့က တည်ခင်းတဲ့ ညစာစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က နိုဝင်ဘာလ ၂၄ ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာနဲ့ တွေ့ဆုံညှိနှိုင်းပွဲမှာ ပြောဆိုတာပါ။

“ကျနော်တို့ မီဒီယာလောကကို ကျနော်တို့ထက် သိနေတဲ့ မြင်နေတဲ့ ပုဂ္ဂိုလ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုရင် မမှားပါဘူး။ သူထောက်ပြသွားတာတွေ သူတင်ပြသွားတာတွေ ဆွေးနွေးသွားတဲ့အပိုင်းတွေလေးနက်ပါတယ်။ ဥပမာတစ်ချက် ကျနော်ပြောပြချင်ပါတယ်။ ဆရာရယ် နိုင်ငံတကာကလာတဲ့ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေကို အစရှိတဲ့ပုဂ္ဂိုလ်တွေကို အရင်းအနှီး ဘယ်လောက်ရှိသလဲ၊ ဒီငွေကြေးတွေဘယ်ကရသလဲ၊ ဘယ်ကအထောက်အပံ့တွေဖြစ်လဲဆိုတာ ဥပဒေအရ မေးမြန်းပါတယ်။ သတင်းစာတည်ထောင်မယ့် မီဒီယာလောကသားတွေကို ကျမတို့ ဒီလိုမမေးရဘူး။ လူလည်းမခေါ်ရ။ ကျမတို့ မီဒီယာလောက ဒါ အင်မတန် အားနည်းချက်တစ်ခုလို့ မြင်တယ်။ အဲဒါကို ဘယ်လိုလုပ်ရင်ရမလဲမေးတယ်။ ကျနော်က ပြောလိုက်တာက ကျနော်တို့ရေးဆွဲပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို တင်ထားတဲ့ RTI (Right to Information) Law ရှိပါတယ်။ ဒါ ကျနော်တို့ ဆွေးနွေးပြီးတော့ နောက်ဆုံး ဥက္ကဋ္ဌကြီးသူရဦးရွှေမန်းဦးစီးတဲ့ ကော်မရှင်မှာ အပြီးသတ်ရေးဆွဲပြီးတဲ့ မူကြမ်းဖြစ်ပါတယ်။ ဒါဟာ တစ်နှစ်ကျော်နေပါပြီ။ အဲဒီမှာ ကျနော်တို့ နိုင်ငံသားတိုင်းသိပိုင်ခွင့်ရှိသလို နိုင်ငံသားတွေထမ်းရွက်ရမယ့် တာဝန်တွေလည်းပါပါတယ်။ စောစောက အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ မီဒီယာလောကသားတွေ ရင်းနှီးငွေ ဘယ်ကရလဲ၊ ဘယ်က အထောက်အပံ့လဲဆိုတဲ့ အချက်ထည့်ရင် ပိုကောင်းမယ်လို့ ကျနော်ယူဆတယ်။ ကျနော်တင်ပြတယ်။ ဟာ ဟုတ်သားပဲ။ ကျမ နောက်နေ့ကျရင် ဒီဥပဒေကြမ်းကို ယူကြည့်မယ် အမြန်ဆုံးအကောင်အထည်ဖော်မယ်လို့ပြောတယ်” လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ရခိုင်အရေးမှာ မီဒီယာတွေက ဘက်လိုက်မှုတွေနဲ့ သတင်းဖော်ပြမှုကြောင့် ဒီလို မီဒီယာပိုင်ရှင် ဘယ်သူလဲ၊ ဘယ်လိုရပ်တည်လဲဆိုတာကို ဆန်းစစ်ဖို့ သိချင်ပုံရတယ်လို့ ထောက်ပြပါတယ်။

“အများသိခွင့်ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဆွေးနွေးတဲ့အထဲမှာက Bias တွေနဲ့ပတ်သက်တယ်။ နောက်ဝိုင်းတစ်ဝိုင်းမှာလည်း ပြောပါတယ်။ ဘာပြောသလဲဆိုတာ မီဒီယာတွေ စောစောကပြောတဲ့ မီဒီယာအပေါ်မှာ ယုံကြည်မှုနည်းတဲ့ ကိစ္စ။ ပြောတဲ့အထဲမှာ နိုင်ငံခြားသတင်းမဂ္ဂဇင်းကြီးတစ်စောင် ထင်ရှားတဲ့ မဂ္ဂဇင်းကြီးတစ်စောင်က အဲဒီမဂ္ဂဇင်းကြီးနဲ့ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာ ဧည့်သည်တွေနဲ့ တွေ့တယ်ဆိုတာ အားလုံးသိပါတယ်။ မီဒီယာလွတ်လပ်ခွင့်တို့ ဘာတို့နဲ့ပတ်သက်ပြီး ပြောဆိုတဲ့သူလည်းများပါတယ်။ အဲဒီအထဲမှာ ဒီဘက်က ပြောတာရှိတယ်။ ဟိုဘက်က ပြောတာရှိတယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့ မဂ္ဂဇင်းကြီးမှာ ကြော်ငြာတွေတွေ့တယ်။ အဲဒီကြော်ငြာပိုင်ရှင်ကို သိသလားဆိုတော့ သူလည်း တိတိကျကျမသိဘူး။ အဲဒီဟာကို ဘယ်ဒေသက ဘယ်ပုဂ္ဂိုလ် ပိုင်ဆိုင်တယ်ဆိုတာ ပြောတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတာက အဲဒီမဂ္ဂဇင်းကြီး ကမ္ဘာမှာ အင်မတန်မှထင်ရှားတယ်၊ အမြင်ကျယ်၊ သမာသမတ်ကျတယ်၊ နှစ်ရှည်လများ ထူထောင်လာခဲ့တယ်လို့ ယုံကြည်ရတယ်၊ လေးစားရတဲ့ မဂ္ဂဇင်းကြီးလို့ယူဆရတဲ့၊ သို့သော် ရခိုင်အရေးအရေး၊ မောင်တောဒေသ အရေးနဲ့ပတ်သက်ပြီးတော့ ရေးတဲ့ သားတဲ့နေရာမှာ တော်တော် Respect မဖြစ်တဲ့ နေရာတွေက ရေးသားမှုမျိုးကို လိုက်ပြီးရေးတယ်။ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံကျကျနန ရေးသင့်တယ်။ ဒါပေမယ့် ဘာကြောင့်မရေးသလဲဆိုတဲ့ ဒီစကားကိုပြောတယ်။ ဆိုလိုတာက မီဒီယာတွေမှာလည်း ကျနော်တို့ အယ်ဒီတာတွေပြောလို့ရှိရင် အယ်ဒီတိုရီရယ်ပေါ်လစီ Independent ပေါ့။ စောစောကပြောတဲ့ ဒီဟာကြီးဝယ်ထားတဲ့ပုဂ္ဂိုလ် သို့မဟုတ် စောစောကပြောတဲ့ ကြော်ငြာထည့်ဝင်တဲ့ ပုဂ္ဂိုလ်တွေကို ဘက်လိုက်ပြီးတော့ တစ်ဖက်စောင်းနင်းရေးတာတွေရှိတယ်။ အဲဒီလို ရေးတော့ သတင်းသိပိုင်ခွင့် အဲလို တစ်ဖက်စောင်းနင်းရေးတဲ့ ရေးတဲ့ သဘောလို့ နားလည်ပါတယ်” လို့ ဒေါက်တာဖေမြင့်က ရှင်းပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က Access to Information ၊ Media Literacy တွေနဲ့ပတ်သက်ပြီးတော့ လက်သင့်မခံတဲ့ သဘောထားမှတ်ချက်တွေကို အဲဒီ ညစာစားပွဲမှာ ပေးခဲ့ပါတယ်။

ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် နိုဝင်ဘာလ ၂၃ ရက်နေ့ ညစာစားပွဲတွင် တွေ့ရစဉ်။ (Photo Credit – Myanmar State Counsellor Office)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts