All News Business interview

“မြန်မာပြည်က ဘဏ်သူဌေးတွေ ဆင်းရဲနေလို့ မချေးတာမဟုတ်ဘူး။ အတိုးကြောင့် မချေးနိုင်တာ”

ဒုဝန်ကြီးဟောင်း၊ စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်သိမ်းနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ငွေချေးခွင့်နှင့် ဘဏ်လုပ်ငန်းများ လုပ်ဆောင်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ အဆိုပါ ကြေညာချက်ကြောင့် သက်ရောက်နိုင်မှုများနှင့်ပတ်သက်ပြီး စီးပွားရေးပညာရှင်လည်းဖြစ်၊ ဘဏ္ဍာရေးဒုဝန်ကြီးဟောင်းလည်းဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ နိုင်ငံခြားဘဏ်တွေကို ငွေချေးခွင့်နဲ့ အခြားပြည်တွင်းဘဏ်တွေလိုပဲ လုပ်ပိုင်ခွင့်ပေးလိုက်ပြီလို့ ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်တယ်။ အဲဒါက ဘာတွေ သက်ရောက်နိုင်မလဲ။

ဖြေ။ ။ ပြည်တွင်းက လူတွေ စီးပွားရေးလိုအပ်တဲ့ငွေတွေ ရအောင်ပေါ့။ သဘောကတော့။ Financial Power မြင့်လာအောင် လုပ်ခွင့်ပေးလိုက်တာ။ ပြည်တွင်းဘဏ်တွေ ခံရပြီပေါ့။ သူတို့ Clients တွေ အဲဒီဘက်ကို ရောက်သွားမှာပေါ့။ Impact က ၃ ခု သက်ရောက်မယ်။ နိုင်ငံတော်အတွက် မျှော်မှန်းတဲ့အတိုင်းဖြစ်လာရင်တော့ စီးပွားရေးတက်လာနိုင်တယ်။ နံပါတ် ၁ အချက်။ နိုင်ငံခြားဘဏ်ခွဲတွေကနေပြီးတော့ ပြည်တွင်းကစီးပွားရေး သမားတွေကို ငွေထုတ်ချေးလို့ရသွားပြီ။ ထုတ်ချေးလို့ရသွားတော့ ငွေရဖို့ လမ်းက ပွင့်သွားပြီ။ ဒါပေမယ့် ပြဿနာက ဘာရှိလဲဆိုတော့ အတိုးကလည်း ဒီက ယူတဲ့အတိုးအတိုင်းယူမှာဆိုတော့ သိပ်ပြီးတော့ မထူးဘူး။
အဲဒီတော့ ဘာထူးမှာလဲ။ မြန်မာပြည်ကလူတွေလည်း ထုတ်ချေးနိုင်တာပဲ။ မြန်မာပြည်က လူတွေကိုက မချေးနိုင်ကြတာ၊ မယူနိုင်ကြတာ၊ ပြန်မဆပ်နိုင်ကြတာ။ သို့သော်လည်း အတိုးလျှော့မှ ထူးမှာ။ မြန်မာပြည်ကလူတွေကလည်း မချေးနိုင်တာမဟုတ်ဘူး။ အတိုးကြောင့်လေ။ သူတို့တွက်တာက မြန်မာပြည်က ဘဏ်သူဌေးတွေ ဆင်းရဲနေလို့ မချေးတာမဟုတ်ဘူး အတိုးကြောင့် မချေးနိုင်တာ။ ဒါပေမယ့် သူတို့တွက်တာက မြန်မာပြည်သူတွေ ငွေမပေးနိုင်ဘူးလို့ထင်တာ။ အဲဒီတော့ နိုင်ငံခြားဘဏ်တွေကို ငွေချေးခွင့်ပေးလိုက်ပေမယ့် အတိုးနှုန်းမပြောင်းလို့ရှိရင် ဘာမှ မထူးဘူး။ နိုင်ငံခြားဘဏ်က သက်သာတဲ့အတိုးနှုန်းနဲ့ ချေးရင်တော့ OK ပေါ့။

ပြည်တွင်းဘဏ်အတိုးနှုန်းအတိုင်းပေးလို့ကတော့ ဘာထူးမှာလဲ။ ပြည်တွင်းဘဏ်တွေလည်းပေးနိုင်တာပဲ။ မယူကြတာ။ အဲဒီတော့ သူတို့က သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးနိုင်ရင်တော့ နိုင်ငံတော်စီးပွားရေးကောင်းမယ်။ ပြည်တွင်းက စီးပွားရေးသမားတွေကလည်း အဲဒီငွေရရင် ဈေးသက်သာရင် အတိုးသက်သာရင် သူတို့အတွက် ကိုက်တယ်။ နိုင်ငံတော်တက်သွားနိုင်တာပေါ့။ ဒါက တစ်ချက်။ ပြည်တွင်းဘဏ်တွေအတွက် သိပ်မကောင်းဘူး ပြိုင်ဖက်များသွားတာပေါ။ နဂိုတောင်မှ ဘဏ်တွေက အများကြီးဖြစ်နေပြီလေ။ အဲဒီဘဏ်တွေကြားမှာ ပြင်းပြင်းထန်ထန်ပြိုင်နေရတဲ့ကြားထဲ ပြည်ပက ကောင်တွေပါ ဝင်လာတဲ့အခါကျတော့ ပြိုင်ဖက်က ပိုခက်တာပေါ့။ နောက်တစ်ခုက ပြည်ပက ကောင်တွေက နည်းစနစ်ရော နည်းပညာရော သာတယ်လေ။ Brand Power လည်း သာတယ်လေ။ နောက်ပြီးတော့ မြန်မာဘဏ်တွေရဲ့ လုပ်ပိုင်ခွင့် Clients Market က ကျဉ်းသွားနိုင်တယ်။ Clients တွေ ဟိုဘက်တွေ ပါသွားနိုင်တယ်။

ဟိုကကောင်တွေက ဒေါ်လာချေးတယ်ဆိုပေမယ့် မြန်မာငွေနဲ့တန်ဖိုးဖြတ်ပြီးချေးမှာပဲ။ ဒေါ်လာကို ဒေါ်လာအတိုင်း ပြည်ပဘဏ်တွေက ချေးနိုင်ရင်ကောင်းတယ်။ ဒါပေမယ့် အတိုးကတော့ မြန်မာဘဏ်တွေလည်း ချေးနိုင်တယ်။ ဒေါ်လာပြဿနာကလည်း အခုက သိတဲ့အတိုင်းကြီးနေတာလေ။ ဟိုကောင်တွေက Trading Finance ရပြီး အဲဒါကို ကျပ်နဲ့ ပြန်ရောင်းတဲ့အခါမှာ အဲဒီ Excahge Rate ပြဿနာက ရှိတယ်လေ။ နောက်တစ်ခုက ပြည်တွင်းဘဏ်တွေအတွက် ထိခိုက်မှာက Staff တွေ က ဟိုဘက်ကို ပါသွားတော့ ဟိုကောင်တွေက ရွေးခေါ်တော့မှာ။ အကုန်မဟုတ်တောင် တော်တော်များများ ကျွမ်းကျင်တဲ့ Staff တွေကို အလွယ်တကူ ခေါ်သွားမှာ။ ပြည်တွင်းဘဏ်တွေ Weak ဖြစ်သွားနိုင်တယ်။ စားသုံးသူအတွက်က ကောင်းတာပေါ့။ ရွေးချယ်စရာတွေများလာတာပေါ့။ အဲဒါအကောင်းနဲ့ အဆိုးရောတယ်။ အတိုးနှုန်းလျှော့ပေးမှ ရမှာ။ အဲဒါမှ ဒို့ဆီက ကုန်သည်တွေ စီးပွားရေးသမားတွေ အတွက်ကိုက်မှာ။ အတိုးနှုန်းမလျှော့ရင် ဘာမှ မထူးဘူး။ ဒီဘက်ကလည်း ချေးနိုင်တယ်။ အတိုးနှုန်းလျှော့တဲ့နေရာမှာလည်း ဟိုကောင်တွေကိုပဲ လျှော့ခိုင်းပြီး မြန်မာပြည်ဘဏ်တွေပါ လျှော့ခိုင်းရမှာ။ အဲဒါမှ ညီမျှမှာ။

မေး။ ။ အဲဒီတော့ ကောင်းကျိုးဆိုးကျိုးနဲ့ စီးပွားရေးအပေါ် သက်ရောက်မှုတွေ ဘယ်လို မျှော်လင့်လို့ရလဲ။

ဖြေ။ ။ ငွေချေးတာပါအပြင် ငွေစုတာကို အခြားဘဏ်လုပ်ငန်းတွေလည်း လုပ်ခွင့်ရနိုင်တဲ့သဘောပဲ။ သဘောတရားကတော့ ကောင်းကျိုးများဖို့လုပ်တာ။ ဒါပေမယ့် အတိုးနှုန်းလေ ျှာ့နိုင်မှ ထိရောက်မယ်။ ဒီအတိုးနှုန်းအတိုင်းပေးရင်တော့ မထူးဘူး။ ပြည်တွင်းဘဏ်တွေလည်း ထုတ်ချေးနိုင်တယ်။ ပေးနိုင်တယ်။ ဒေါ်လာ လိုချင်လားပေးနိုင်တယ်။ ဒါပေမယ့် အတိုးနှုန်းကြောင့်သာ လူတွေက မချေးကြတာ။ နိုင်ငံခြားဘဏ်တွေလည်း သတိတော့ထားရမယ်။ မဆပ်နိုင်တဲ့သူတွေများနေတာလေ။ ဒီကောင်တွေလည်း ရုတ်တရက်ကြီး ဝင်လာပြီး လုပ်မယ့်သဘောတော့မရှိဘူး။ စီးပွားရေးကို စောင့်ကြည့်ပြီးတော့ ဖြည်းဖြည်းပဲ စလုပ်မယ့် သဘောရှိတယ်။ အငမ်းမရကြီးဝင်ချေးမှာမဟုတ်ဘူး။ ဒီမှာ NPR တွေများတာ သူတို့လည်းသိနေတာပဲ။ ငွေချေးတာ ပျက်ကွက်တဲ့သူတွေများနေတာ သိတယ်။ စဉ်းစားပြီးမှဖြည်းဖြည်းဝင်လာလိမ့်မယ်။ ရုတ်တရက်ကြီး ဝင်လာကြမှာမဟုတ်ဘူး။ ချက်ချင်းကြီးကတော့ အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး။ အတိုးနှုန်းသက်သာရင်တော့ အကျိုးများမယ်။ သို့သော်လည်း အဓိက ပြည်တွင်းဘဏ်တွေအတွက် ပြိုင်ဖက်များတယ်။ ပြိုင်ဖက်အချင်းချင်း နလပိန်းတုန်းမဟုတ်ဘူး။ အားကောင်းတဲ့ ပြိုင်ဖက်တွေပေါ်လာတာပေါ့။

မေး။ ။ အခြားနိုင်ငံတွေမှာရော နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းနိုင်ငံသားပိုင်ဘဏ်တွေလိုပဲ လုပ်ပိုင်ခွင့်ပေးတာမျိုးရှိလား။

ဖြေ။ ။ စင်ကာပူဆိုရင် နိုင်ငံခြားဘဏ်တွေ သိပ်မပေးဘူး။ တစ်ခု၊ နှစ်ခုကို နှစ်ပေါင်းများစွာကြာမှ ပေးတာ။ အဲဒီလိုပေးတာ။ နိုင်ငံခြားဘဏ်ကို အများကြီးမပေးဘူး။ တစ်ခု၊ နှစ်ခုပဲပေးတာ။ အများကြီးပေးတော့ ကိုယ့်ဘဏ်တွေ ခံရတာပေါ့။ ပေးလည်း ကန့်ပေးတာ။ အကုန်လုပ်ပိုင်ခွင့်မပေးဘူး။ ပြည်တွင်းဘဏ်တွေကို ဦးစားပေးတာ။

မေး။ ။ နိုင်ငံခြားဘဏ်တွေက ပြည်တွင်းဘဏ်တွေလိုပဲ လုပ်ခွင့်ရတဲ့အခါ ကမ္ဘာ့စီးပွားပျက်ကပ်လိုမျိုး ကြုံရင် သက်ရောက်မှု ပိုမကြီးနိုင်ဘူးလား။

ဖြေ။ ။ ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်ကပ်တွေဖြစ်ရင်တော့ အဲဒီဘဏ်တွေကို ထိခိုက်တဲ့အခါ ကိုယ်လည်း ထိခိုက်တာပေါ့။ Impact ကြီးနိုင်ပေမယ့် ရုတ်တရက်တော့ ကြီးမှာမဟုတ်ဘူး။ ခုန ကိုယ်ပြောသလို နိုင်ငံခြားဘဏ်တွေက အလုံးအရင်းနဲ့ ဝင်မှာမဟုတ်ဘူး။ စီးပွားရေးအခြေအနေပေါ် မူတည်တာကြောင့် ပြန်မဆပ်နိုင်ဘူးဆိုရင် သူတို့လည်း လက်တွန့်မှာပဲ။ ချေးလည်း သေချာခေါင်းခေါက်ပြီးမှ ရွေးမှာဆိုရင် လက်တစ်ဆုပ်စာ လောက်ပဲချေးမှာဆိုတော့ ရုတ်တရက်တော့ Impact က ပေါ်မှာမဟုတ်ဘူး။ တဖြည်းဖြည်းမှ ပေါ်မယ်။ စီးပွားရေးကောင်းလာတဲ့အချိန်ကျမှ သူတို့ကလည်း များများချေးမှာ။ သူတို့ငွေဆုံးမှာ သူတို့လည်းကြောက်တော့ အပြောင်းအလဲအကြီးကြီးတော့ ချက်ချင်းဖြစ်မှာမဟုတ်ဘူး။ ဒီအစိုးရသက်တမ်းရဲ့ Working Days ကလည်း သိပ်မကျန်တော့ဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com