Local News political news

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်း အသစ် ၆၀ ကျော် လုပ်ရန်အဆိုပြု၊ ပြည်သူများ၏ လူမှုဘဝနှင့် သဘာဝသယံဇာတခြိမ်းခြောက်မှုသာမက နိုင်ငံရေး ပဋိပက္ခ ပိုဖြစ်မည့် အလားအလာရှိနေကြောင်း သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၅

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်း အသစ် ၆၀ ကျော် ထပ်မံ လုပ်ဆောင်ရန် အဆိုပြုထားသည် သုတေသနစာတမ်းတစ်ခုကို ကမ္ဘာ့ဘဏ်နှင့် ချိတ်ဆက်လုပ်နေသည်ဟု သိရှိထားပြီး ယင်းသုတေသနစာတမ်း အမှန်တကယ် ထွက်ရှိလာကာ ယင်းအဆိုပြုထားသည့်အတိုင်း စီမံကိန်းများ လုပ်ဆောင်လာပါက ပြည်သူများ၏ လူမှုဘဝနှင့် သဘာဝသယံဇာတထိခိုက်မည့်အပြင် နိုင်ငံရေး ပဋိပက္ခ ပိုဖြစ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါက်တာမြင့်ဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန် တွန်းအားပေးမှုများ အဆိုပါ သုတေသနစာတမ်းတွင် ဖော်ပြထားပြီး သုတေသန စာတမ်းသည် မူကြမ်းအဆင့်တွင်သာရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် မြေယာပြဿနာ၊ တိုင်းရင်းသားတို့၏ နိုင်ငံရေး လူမှုဘ၀ ထိခိုက်မှုများရှိနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး မည်မျှ အကောင်အထည်ဖော်နိုင်သည်ဖြစ်စေ ရေကာတာစီမံကိန်းအသစ်ကြီးများ မဆောင်ရွက်သင့်ကြောင်း ဒေါက်တာမြင့်ဇော်က ပြောသည်။

“မြန်မာနိုင်ငံရဲ့ မြစ်ဝှမ်းဒေသတွေနဲ့ပတ်သက်လို့လေ့လာတဲ့ သုတေသနပဲဖြစ်ပါတယ်။ ဒီသုတေသနက အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပါဘူး။ မူကြမ်းအနေနဲ့ အင်တာနက်မှာ တွေ့နိုင်တဲ့ သုတေသနစာတမ်းဖြစ်ပါတယ်။ ကမ္ဘာဘဏ်နဲ့ချိတ်ပြီး ISP ပံ့ပိုးမှုနဲ့လုပ်တာ။ ဒီစာတမ်းသည် မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ကဏ္ဍကို ရေရှည်တည်တံ့သော ရေအားလျှပ်စစ်ဆိုတဲ့ နာမည်နဲ့ နောက်ထပ်တွန်းအားတွေပေးဖို့လုပ်တာလားဆိုပြီး တွန်းအားပေးဖို့ လုပ်တာလားသံသယရှိပါတယ်။ အဲဒီလို တွန်းအားနဲ့လုပ်ခဲ့တာမှာ လာအိုနိုင်ငံမှာ မအောင်မြင်ခဲ့တာကို သိရှိနားလည်ထားပါတယ်” ဟု၎င်းက ပြောသည်။

အဆိုပြုထားသည့်အတိုင်း ရေကာတာစီမံကိန်း ၆၀ ကျော်ဆောင်ရွက်ပါက ထိခိုက်မှုများစွာရှိလာမည့်အပြင် မြစ်များ၏ ဖွဲ့စည်းပုံပါ ပြတ်တောက်သွားနိုင်သည်ဟု ဒေါက်တာမြင့်ဇော်က ဆိုသည်။

“တစ်နိုင်ငံလုံးမှာ အဆိုပြုထားတဲ့ ရေအားလျှပ်စစ်စီမံကိန်း ၆၀ ကျော်ရှိပါတယ်။ သုတေသန စာတမ်းမှာ ပါတဲ့ အချက်အလက်ကို ထောက်ပြရရင် အဲဒီစီမံကိန်းတွေကို ဘာမှ ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ ဒါတွေကို လုပ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့မြစ်တွေမှာ ကြီးမား၍ မပြောင်းလဲနိုင်တဲ့အပြောင်းအလဲများ ပြန်ပြီးတော့ နောက်ပြန်မလှည်နိုင်တဲ့ အပြောင်းအလဲ ပြဿနာတွေကြုံမယ်လို့ဒီလိုမျိုး ဖော်ပြထားပါတယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖတ်ရပါတယ်။ တစ်ခုက သုတေသနတွေရာသီအလိုက် မြစ်တွေရဲ့ ရေစီးရေလာ ပြောင်းလဲမယ် ။ လာအိုနိုင်ငံမှာ ဆည်ရဲ့အောက်ဘက်က လူတွေ ဘာကြောင့် ဒုက္ခတွေ အကြီးအကျယ်ရောက်လဲဆိုတော့ မြစ်ရဲ့ ဘယ်လိုမှ မှန်းလို့မရဘူး။ ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဝယ်လိုအား များတဲ့အခါမှာ နမ်သုန် ၂ ဆည်က လျှပ်စစ်ဓာတ်အားတိုးထုတ်တယ်။ တိုးထုတ်တော့ လည်ရတဲ့ပမာဏများတော့ စွန့်ထုတ်တဲ့ရေလည်းများတယ်။ စွန့်ထုတ်တဲ့ရေပမာဏများတော့ မြစ်အောက်ဘက်မှာ နေတဲ့သူတွေရေတက်တယ်။ ဟိုဘက်မှာ ပိတ်ရက်တွေရှိလို့ လျှပ်စစ်ဓာတ်အားလျှော့ထုတ်တယ်။ အဲလိုလျှော့ထုတ်ရင် မြစ်အောက်ဘက်မှာ နေတဲ့ ရေပမာဏ နိမ့်ကျသွားတယ်။ အဲဒီလို ခန့်မှန်းလို့မရတဲ့ အခြေအနေတွေနဲ့ နေရတဲ့သူတွေပြည်သူတွေ သည် ဘယ်လိုမှ စားဝတ်နေရေးလုပ်လို့ရတဲ့ အနေအထားမရှိတော့ပါဘူး။ အဲဒီလိုကြုံတွေ့သလိုမြန်မာပြည်မှာလည်း ရေစီးရေလာပြောင်းလဲတဲ့ ပြဿနာတွေ ကြုံတွေ့နိုင်တယ်လို့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြတယ်။ နောက်တစ်ခုကတော့ မြစ်ဖွဲ့စည်းပုံ ပျက်ပြီး အစိတ်အပိုင်းပိုင်းဖြစ်သွားမယ်ဆိုတဲ့ အချက်အလက်ပါပါတယ်။ မြစ်က လူတွေအတွက် ရနိုင်တဲ့ သဘာဝဂေဟစနစ် ဝန်ဆောင်မှုတွေ ရနိုင်ပါတယ်။ ဒါပေမယ် ဆည်တွေကြောင့် မြစ်က အစိတ်အပိုင်းပိုင်း ဖြစ်သွားရင် ဒီဝန်ေ်ဆာင်မှုတွေ မရနိုင်တော့ပါဘူး။ ဒီပုံစံအတိုင်းဆက်သွားရင် ဒီအန္တရာယ်ရှိတယ်လို့ သိရပါတယ်။ နောက်တစ်ခုက ကျနော်တို့ နုန်းတင်ပို့ချတဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊ စပါးကျီလို့ခေါ်တဲ့ ဒေသနဲ့ နေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဆည်တွေကြောင့် ရေစီးနဲ့ နုန်းသယ်ဆောင်ပို့ချမှု လျော့ကျသွားရင် ကမ်းရိုးတန်းဒေသတွေမှာ တိုက်စားမှုတွေများလာပြီးတော့ ပြည်သူတွေ ထိခိုက်နိုင်တယ်ဆိုတဲ့အချက်ကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ရေကာတာစီမံကိန်းကြီးများကြောင့် စားနပ်ရိက္ခာ ပြဿနာ၊ ဇီဝမျိုးစုံ ပျောက်ကွယ်နိုင်ခြင်း၊ မြေယာပြဿနာ၊ တိုင်းရင်းသားဒေသများ၏ ရိုးရာစီမံခန့်ခွဲမှုများ ပပျောက်နိုင်ခြင်း အပါအဝင် ပြဿနာများစွာရှိနိုင်လာကြောင်း ၎င်းက သုံးသပ်သည်။

“နောက်တစ်ခုက ဇီဝမျိုးစုံကွဲပြားခြင်း။ ကျနော်တို့ သက်ရှိမျိုးစုံနဲ့ ဇီဝမျိုးစုံကွဲပြားမှုနဲ့ နေထိုင်ကြတာပါ။ ဘယ်လူ့အဖွဲ့အစည်းမှာမဆို။ ဇီဝမျိုးစုံကွဲပြားမှု ပြတ်တောက်သွားရင် လူတွေလည်း ထိခိုက်နိုင်ခြေရှိတာကို လေ့လာရပါတယ်။ မြစ်ဝှမ်းဒေသတွေ လူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှု၊ နေ့စဉ်နဲ့အမျှ လူတွေသည် ရေသယံဇာတကနေရတဲ့ ငါးတွေအပေးမှာ မှီခိုနေတဲ့ ပမာဏက နဂိုထင်ထားတာထက် များတယ်။အဲဒီလူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေ ထိခိုက်နိုင်သွားတယ်ဆိုတာတွေ့ရပါတယ်။ အဲဒီတော့ဒီလို အချက်အလက်တွေပြထားတာတွေ့ပါတယ်။ လက်ရှိစီမံကိန်းတွေနဲ့ ရှေ့ဆက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိတဲ့ တစ်ပြိုင်နက်တည်းမှာပဲ အခြား သဘာဝပတ်ဝန်းကျင်အကြောင်းအရာတွေကြောင့် ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးတဲ့အခြေအနေမှာ အခြားလူမှုဘဝနဲ့ နိုင်ငံရေးအခြေအနေတွေရှိနေပါတယ်။ အဲဒီအခြေအနေတွေကြောင့် စီမံကိန်း အသစ်ရှေ့တိုးဖို့ ခက်တယ်ဆိုတာ ပြောချင်တယ်။ အကြောင်းအရာတစ်ခုကတော့ ရေကာတာလိုနေရာမျိုးက ဒေသများစွာရေလွှမ်းပြီးတော့ မြေယာပမာဏ အများကြီးလိုအပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ အထူးသဖြင့်တော့ ရေလွှမ်းခံရမယ့်ဒေသတွေသည် တိုင်းရင်းသားဒေသတွေဖြစ်ပါတယ်။ တိုင်းရင်းသားတွေမှာ သူရဲ့ရိုးရာစီမံခန့်ခွဲမှု အခြေအနေတွေထိခိုက်မယ့် အခြေအနေတွေရှိနေပါတယ်။ မြေယာနဲ့ပတ်သက်တဲ့ကိစ္စ တွေ မရှင်းလေးသေးဘဲ စီမံအုပ်ချုပ်မှုတွေမပေါ်ဘဲ ရေအားလျှပ်စစ်စီမံကိန်းအကြီးတွေ လုပ်ရင် ကျနော်တို့ပြည်သူတွေ အခက်အခဲများစွာရှိလာမှာဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံက ပြည်တွင်းစစ်နဲ့ပဋိပက္ခကြားထဲမှာ နေရတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေက ပဋိပက္ခတွေကို ပိုများလာစေနိုင်တဲ့အခြေအနေရှိပါတယ်” ဟု ဒေါက်တာမြင့်ဇော်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆောက်ထားသောစီမံကိန်းများကိုပင် အကျိုးအပြစ်နှင့် ထိခိုက်မှု သုတေသန စာတမ်းမရှိသေးဘဲ အသစ်များ ထပ်မံမလုပ်ဆောင်သင့်ကြောင်း၊ မိုးလေဝသ သုတေသန၊ သဘဝပတ်ဝန်းကျင် သုတေသများမရှိဘဲ စီမံကိန်း အသစ်များ လုပ်ဆောင်ခြင်းကို သဘောမတူကြောင်း ဒေါက်တာမြင့်ဇော်က ဆိုသည်။

” စီမံကိန်းအကြီးကြီးတွေ ချဖို့ မလွယ်ကူဘူးဆိုတာ ထောက်ပြတယ်။ မြန်မာနိုင်ငံမှာ ဘေးကင်းလုံခြုံမှုတွေ မူဘောင်တွေချမှတ်ထားတာ၊ စောင့်ကြည့်တာ အင်မတန်မှ အားပျော့ပါတယ်။ အဲဒီအတွက် တစ်ခုခု သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ပြင်ဆင်ထားတဲ့ မူဘောင်နဲ့ အခြေအနေမရှိပါဘူး။ အစိုးရအနေနဲ့ ဒီလို ဖြစ်လာရင် ထိန်းချုပ်တုံ့ပြန်နိုင်တဲ့အခြေအနေမရှိပါဘူး။ အဲဒီအတွက် ဒီစီမံကိန်းကြီးတွေ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုက ကျနော်တို့မှာ နှစ်ပေါင်းများစွာ သုတေသန မရှိခဲ့အတွက် ဘယ်နေရာမှာ ဘာသယံဇာတရှိပြီး လူတွေအတွက် ဘယ်လိုအကျိုးပြုနေတယ်ဆိုတာ တိတိကျကျသိနိုင်တဲ့အနေအထားလည်းမရှိပါဘူး။ မိုးလေဝသအချက်အလက်လည်း ကျနော်တို့ မသိပါဘူး။ ဒီလိုမသိဘဲနဲ့လုပ်တဲ့ စီမံကိန်းတွေသည် ရေရှည်ထိခိုက်မှုများမယ်ဆိုတာ သိတဲ့အတွက် စီမံကိန်းအသစ်တွေ မလုပ်ဖို့ ရှိနေပြီးသား စီမံကိန်းတွေရဲ့ အန္တရာယ်ကို ဒီအမြင်ရှုထောင့်နဲ့ပြောတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့မှာ ဆောက်ခဲ့ပြီးသား ဆည်တွေရှိပါတယ်။ ဆောက်ခဲ့ပြီးသား ဆည်တွေရဲ့ အကျိုးအပြစ်ကိုတောင် တိတိကျကျဆန်းစစ်ထားတာမရှိပါဘူး။ လုပ်ခဲ့တဲ့ ကိစ္စတွေက ဘာအကျိုးအမြတ်ရှိလဲ။ လူတွေကို ဘယ်လောက် ထိခိုက်လဲ။ ကျနော်တို့နိုင်ငံမှာ လုပ်ခဲ့ပြီးတဲ့ အခြေအနေကိုတောင် ပြန်လည်ဆန်းစစ်နိုင်ခြင်းမရှိသေးဘဲနဲ့ အသစ်အသစ်တွေထပ်ပြီး လုပ်မယ်ဆိုတာက လက်ခံနိုင်စရာမရှိပါဘူး။ ရေကာတာစီမံကိန်းတွေကို သဘာဝပတ်ဝန်းကျင် အခြေအနေတစ်ခုတည်းနဲ့မဟုတ်ဘဲ လူ့အဖွဲ့အစည်းမှာကြုံ့တွေ့ရတဲ့ လူမှုဘဝနဲ့ နိုင်ငံရေးရာ အချက်တွေကြောင့် ကျနော်တို့ လက်ရှိ စီမံကိန်းအကြီးကြီးတွေ ရပ်တန့်ဖိုနဲ့ လူထုကို ထိခိုက်မယ့် စီမံကိန်းအသစ်တွေ ဆက်မလုပ်ဖို့ တောင်းဆိုတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ရပ်ဆိုင်းထားသော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း NLD အစိုးရလက်ထက်တွင် ကော်မရှင်များဖွဲ့၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ပြည်သူလူထုကို မြစ်ဆုံနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ချပြခြင်း၊ စီမံကိန်း ဆက်လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို အသိပေးခြင်းမရှိဘဲ အစိုးရက နှုတ်ဆိတ်လျက်ရှိနေသည်။

ဓာတ်ပုံ- Connor Macdonald

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com