All News Local News

ဗိုလ်တထောင် ဆုတောင်းပြည့် အစ္စလမ် ဝတ်ကျောင်းတော်တွင် တမန်တော်နေ့အခမ်းအနား အာဏာပိုင် ခွင့်ပြုချက်မရှိ၍ ဖျက်သိမ်းလိုက်ရ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဆုတောင်းပြည့် အစ္စလမ် ဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ၁၄၉၃ နှစ်မြောက် တမန်တော်နေ့အခမ်းအနားကို အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိ၍ ကျင်းပခွင့်မရဘဲ ဖျက်သိမ်းလိုက်ရကြောင်း ဆုတောင်းပြည့် အစ္စလမ်ဝတ်ကျောင်းတော်၊ အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းရေးမှူး ဦးတင်ထွန်းဦးက ပြောသည်။

ပုံမှန်အားဖြင့် နှစ်စဉ် တမန်တော်နေ့အခမ်းအနားများကို ဗလီဝတ်ကျောင်းများတွင် ခွင့်ပြုချက်မလိုဘဲ နှစ်တိုင်းကျင်းပခွင့်ရခဲ့သော်လည်း ယခုနှစ်တွင်မူ အာဏာပိုင်များက ခေါ်ယူ၍ ခွင့်ပြုချက် တောင်းခံရန် ညွှန်ကြားလာကြောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တမန်တော်နေ့ အခမ်းအနားကျင်းပမည်ဟု နှစ်ပတ်ခန့်ကြိုတင်၍ ဖိတ်စာဝေထားပြီးဖြစ်သော်လည်း ယမန်နေ့ကမှ ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေါ်ယူ၍ ခွင့်ပြုချက် လျှောက်ထားရန်နှင့် ခွင့်ပြချက်မယူပါက ဥပဒေပြင်ပ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ခွင့်ပြုချက်မရှိလျှင် နိုဝင်ဘာလ ၂၁ ရက်နေ့စီစဉ်ထားသည့် တမန်တော်နေ့အခမ်းအနားကို မကျင်းပရန် ပြောဆိုခဲ့ကြောင်း ဦးတင်ထွန်းဦးက ပြောသည်။

“သူတို့ စာအရ ပိတ်တယ်လို့မပြောဘူး။ အကြိမ်ကြိမ်အဖန်ဖန် ပိတ်တယ်လို့ ပြောမှာကို သူတို့ က ကြောက်နေတယ်။ ထုံးစံအတိုင်း နှစ်ပတ်လောက် ရှိပြီဗျာ။ ဖိတ်စာတွေ ဝေထားတာ။ ဗလီဝတ်ကျောင်းတော်ထဲမှာ လုပ်တော့ ကျနော်တို့က ဘယ်တော့မှလည်း ခွင့်ပြုချက် ပါမစ်တွေတောင်းလေ့ရှိတယ်။ သူတို့ကိုပြောတော့လည်း သူတို့သိတယ်။ ကျနော်တို့ကိုခေါ်တာကလည်းဗျာ ထွေ/အုပ်က ခေါ်တာ။ မြို့နယ် ထွေ/အုပ်က မနေ့က ခေါ်ပြီးတော့ အရေးကြီးတယ် လာတွေ့ပါပေါ့။ တမန်တော်နေ့အခမ်းအနားနဲ့ပတ်သက်ပြီး ပြောတော့ သူတို့က ဒီအခမ်းအနားကို ကျင်းပခဲ့တာလည်းမှန်တယ်။ ဒီနှစ်ကတော့ မရဘူးပေါ့။ ဟာမဟုတ်ဘူး ဗလီထဲမှာလုပ်ရင် မလိုဘူးပြောတယ်။ မဟုတ်ဘူး သူတို့မှာ ညွှန်ကြားချက်တွေ ရှိတယ်။ တမန်တော်နေ့ အခမ်းအနားတစ်ခုတည်းကိုပဲ။ ခွင့်ပြုချက်တောင်းဖို့လိုပါတယ်။ ခင်ဗျားတို့ ပါမစ်ကိစ္စကို လုပ်ပါပေါ့။ မနက်ဖြန်တော့ မလုပ်တော့နဲ့ပေါ့။ ထုံးစံအတိုင်း မီးသတ်ထောက်ခံချက်၊ စည်ပင်ထောက်ခံချက်တွေ အများကြီးပဲ။ ထုံးစံအတိုင်း။ အဲဒါဆိုရင်တော့ မဖြစ်ဘူး ကျနော်တို့လည်း မမီတော့ဘူးဆိုပြီး အဲဒါနဲ့ပဲ ဒီနေ့ မလုပ်တော့ဘဲ ရပ်လိုက်တာ” ဟု ၎င်းက ဆိုသည်။

ဆုတောင်းပြည့်အစ္စလမ်ဝတ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့က အာဏာပိုင်များ၏ ခေါ်ယူပြောဆိုမှုကြောင့် တမန်တော်နေ့အခမ်းအနား မကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ “လုပ်ရင် ဘာဖြစ်မလဲ ပြောသေးတယ်။ လုပ်လို့ရှိရင် ခင်ဗျားတို့ ဥပဒေမူဘောင်အရ ဘောင်မဝင်ဘူးပေါ့။ ကျနော်တို့ကလည်း ဥပဒေဘောင်အပြင်က မလုပ်နိုင်ဘူးလေ။ အဲဒီစကား အသုံးအနှုန်းအရ။ တမန်တော်နေ့အခမ်းအနား ဗလီထဲမှာလုပ်တယ်ဆိုပေမယ့် ခွင့်ပြုချက်လိုတယ်။ အဲဒီအခမ်းအနားတစ်ခုတည်းအတွက် လိုတယ်။ ခါတိုင်း မလိုတာလည်းမှန်တယ်။ အခြားဗလီတွေမှာလည်း လုပ်တာက သူတို့ မသိလို့ပေါ့။ သူတို့ မသိလိုက်လို့ပေါ့။ ခွင့်ပြုချက် လိုပါတယ်ပေါ့။ ၁၉၉၆ ခုနှစ် ကတည်းက လုပ်တာ သူတို့လည်းသိပါတယ်။ ဒါပေမယ့် အခုတော့ ခွင့်ပြုချက်လိုပါတယ်ပေါ့။ သူတို့တားတာမဟုတ်ဘူးလို့ပြောတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့မှ ဗဟိုကော်မတီဝင် ဦးဇော်မင်းလတ်ကမူ တမန်တော်နေ့ အခမ်းအနားကို ခွင့်ပြုချက်တောင်းခံခြင်းသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုနှစ် တမန်တော်နေ့အခမ်းအနားသည် နိုဝင်ဘာလ ၁၁ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ၁ လအတွင်း ကျင်းပဆောင်ရွက်သည့် အစ္စလမ်ဘာသာရေးအခမ်းအနားတစ်ခုဖြစ်သည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်ခေါင်တွင်ရှိနေသည့် အစ္စလမ်ဗလီတစ်ခု။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com