All News Local News

ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း နိုင်ငံရေးပါတီထူထောင်ရန် အောက်ခြေမြို့နယ်များသို့ ကွင်းဆင်းလေ့လာမှု ဆောင်ရွက်နေပြီဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ် စိစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းသည် နိုင်ငံရေးပါတီ ထူထောင်ရန် အောက်ခြေမြို့နယ်များသို့ ကော်မရှင်အဖွဲ့ဝင်များကို စေလွှတ်မှုများရှိနေကြောင်း မြန်မာသံတော်ဆင့်သတင်းဂျာနယ်က သတင်းဖော်ပြသည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းသည် နိုင်ငံရေးပါတီ ထူထောင်မည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး မြန်မာသံတော်ဆင့်ဂျာနယ်၏ သတင်းဖော်ပြချက်အရ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင်သည် ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်သို့ နိုဝင်ဘာလ ၁၀ရက်နေ့တွင် လာရောက်ပြီး ပါတီဖွဲ့မည့် ကိစ္စများ နှီးနှော တိုင်ပင်ခဲ့ကြောင်း၊ ဦးရွှေမန်းသည် စစ်အစိုးရခေတ်က ထိပ်တန်းအရာရှိကြီးများဖြစ်ခဲ့ကြသည့် ဦးဇော်မြင့်ဖေ၊ ဗိုလ်မှူးချုပ်(ငြိမ်း) မောင်မောင်သိမ်း၊ အထူးကော်မရှင်အဖွဲ့ဝင်များနှင့် မကြာခဏဆိုသလို တွေ့ဆုံဆွေးနွေးမှုများရှိနေကြောင်း သတင်းဖော်ပြချက် က ဆိုသည်။

အလားတူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားစစ်ခေါင်းဆောင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်၊ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်တို့ဦးဆောင်၍ အမျိုးသားနိုင်ငံရေးပါတီ တစ်ရပ်ထူထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်လျှောက်ထားပြီး ယင်းပါတီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဟောင်း ဗိုလ်ချုပ်(ငြိမ်း) ဦးကျော်သူ၊ ဗိုလ်ချုပ်(ငြိမ်း) ဦးသန်းအောင်၊ ဗိုလ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း၊ နအဖကောင်စီရုံးအဖွဲ့ နှင့်အစိုးရအဖွဲ့ အကြီးအကဲဟောင်းများဖြစ်ကြသည့် ဗိုလ်မှူးကြီးဟောင်း ဦးသန့်ရှင်း၊ ဗိုလ်မှူးကြီးဟောင်း ဦးကျော်ကျော်ဝင်း၊ ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွန့်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဟောင်း ဦးခင်မောင်အေးတို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com