All News Local News

ဖုယွင်အလုပ်သမားတွေနဲ့ ဝန်းရံသူ ၁၄ ဦးကို အမှုဖွင့် တရားရုံးတင်မှု “အရေးမယူချင်လို့ ခေါ်ယူညှိနှိုင်းဆွေးနွေးတာ” လို့ ဆိုခဲ့တဲ့ ရန်ကုန်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကတိဖျက်တာလား

By ရန်ကုန်ခေတ်သစ်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မှာရှိတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားမပြေလည်လို့ ဖြစ်ပေါ်လာတဲ့ ဖုယွင်အလုပ်သမားဆန္ဒပြမှုတွေ၊ သပိတ်တိုက်ပွဲတွေကို အရေးယူမချင်လို့ ညှိနှိုင်းပေးတာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပေမယ့်လည်း ဖုယွင်အလုပ်သမားတွေနဲ့ ဝန်းရံသူ ၁၄ ဦးကိုတော့ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖောက်ဖျက်မှုနဲ့ အမှုဖွင့်ပြီး တရားရုံးတင်ထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့၊ အောက်တိုဘာ ၂၉ ရက်နေ့တွေမှာ ဖုယွင် အလုပ်သမားသပိတ် ပြေလည်အောင် ဖြေရှင်းပေးရေး ဆန္ဒပြပွဲတွေ ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ပြီး ဒီလိုဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ ဖုယွင်အလုပ်သမားသပိတ်ခေါင်းဆောင်ဆွေ အပါအဝင် ဝန်းရံသူ ၄ ဦးကို အမှုဖွင့်ခဲ့တာလည်ဖြစ်ပါတယ်။

 

အောက်တိုဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးရှေ့ ဂိတ်အမှတ် ၄ မှာ ဖုယွင် အလုပ်သမားတွေ ပိတ်ဆို့ ဆန္ဒပြခဲ့ပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ညပိုင်းမှာ အလုပ်သမားတွေကို အစိုးရရုံးထဲခေါ်ယူပြီး တွေ့ဆုံ ညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီညှိနှိုင်းမှုတွေအပြီး သတင်းထောက်တစ်ဦးက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို ဖြစ်ပွားခဲ့တာတွေနဲ့ပတ်သက်ပြီး “အရေးယူဖို့ ရှိပါသလား” လို့ မေးတဲ့အခါမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “အဲလို အရေးယူမှုတွေ မလုပ်ချင်လို့ အခုလိုခေါ်ယူညှိနှိုင်းဆွေးနွေးတာပေါ့” လို့ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အဲဒီနောက် ညှိနှိုင်းမှုတွေကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လုပ်ဆောင်ပေးခဲ့ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြေလည်မှု တချို့ရရှိခဲ့ပြီး ဒီနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖုယွင်ဆန္ဒပြအလုပ်သမားတွေ အလုပ်ဆင်းနေကြပြီဖြစ်ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ ရန်ကုန်မြို့လယ်ဖြစ်ပွားခဲ့တဲ့ ဖုယွင်အလုပ်သမားသပိတ်ဆန္ဒပြမှုအတွက် ဝန်းရံသူ ဦးအောင်မြင့်(ဘိုကလေး)၊ ကိုမြတ်ကျော်၊ ကိုဇေယျာဖြိုး၊ ကိုသက်ဦးမောင်တို့ကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှာ ပထမရုံးချိန်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒုတိယရုံးချိန်းကတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ထပ်မံ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ဖြစ်ပွားခဲ့တဲ့ ဖုယွင်အလုပ်သမားသပိတ်ဆန္ဒပြမှုအတွက် ဖုယွင်အလုပ်သမားသပိတ် ခေါင်းဆောင် မသက်ထားဆွေနဲ့ မသဇင်နွယ်၊ ဦးအောင်မြင့်၊ ကျောင်းသားခေါင်းဆောင်ကိုကျော်ကျော်ကို၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးကော်မတီဝင် ကိုကျော်ကျော်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ကိုကျော်မျိုး၊ ကိုနှင်းအောင်၊ အရပ်ဘက်အဖွဲ့အစည်းမှ ဒေါ်ခင်သန်းစိုး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးနိုင်နိုင်အောင်၊ အလုပ်သမားသမဂ္ဂမှ ဒေါ်မျိုးမျိုေးအး စုစုပေါင်း ၁၀ ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖောက်ဖျက်မှုနဲ့ အရေးယူထားတာပါ။

“ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတော့ သူ့အနေနဲ့ အရေးမယူချင်လို့ အလုပ်သမားတွေကို ညှိနှိုင်းပေးခဲ့တယ်ဆိုပေမယ့်လည်း လက်ရှိမှာ အရေးယူထားတယ်။ အမှုဖွင့်ထားတယ်။ အမှုရင်ဆိုင်နေရတယ်။ ကျနော်အနေနဲ့ကတော့ ရင်ဆိုင်သွားမှာပါ” လို့ ဖုယွင်အလုပ်သမားသပိတ်ဝန်းရံသူ ဦးအောင်မြင့်ကဆိုပါတယ်။

ဖုယွင်အလုပ်သမားသပိတ်ဟာ အလုပ်ရှင်က အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကို အလုပ်ထုတ်လိုက်ရာက စတင်ခဲ့တာဖြစ်ပြီး အလုပ်ရှင်က လူမိုက်ငှား ရိုက်နှက် သပိတ်ဖြိုခွဲတာတွေ၊ အလုပ်သမားတွေကို ဝန်းရံတဲ့ ရပ်ကွက်ပြည်သူ ၃ ဦး အဖမ်းခံထားရတာတွေလည်းရှိနေပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts