Business political news

ပြည်တွင်းဘဏ်များမှ ငွေချေးယူပြီး ပြန်မဆပ်နိုင်သူ များပြားနေသဖြင့် ဘဏ်များကြံ့ကြံ့ခံနေရဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ပြည်တွင်းတွင် ဘဏ်များမှ ငွေချေးယူပြီး ပြန်မဆပ်နိုင်သူများပြားနေကာ ပြည်တွင်းဘဏ်များသည် ချေးငွေ ပြန်လည်ရရှိရေးအတွက် ငွေချေးယူသူများနှင့်ညှိနှိုင်းဆောင်ရွက်ပြီး အရင်းပြန်ရရေး ဆောင်ရွက်နေမှုများရှိနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး ကပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ ၈ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့် ချေးငွေ ဖြည့်ဆည်းမှု ကိုမဆိုဆောင်ရွက်ခြင်း၊ အခြားဘဏ် လုပ်ငန်းဝန်ေ်ဆာင်မှုများ ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါညွှန်ကြားချက်ကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးငွေချေးယူနိုင်သည့် အခွင့်အလမ်းများပြားလာသော်လည်း လက်ရှိတွင် ငွေချေးယူပြီး ပြန်မဆပ်နိုင်သူများပြားနေကြောင်း ဒေါက်တာမောင်မောင်လေးက ဆိုသည်။

“နိုင်ငံခြားဘဏ်တွေဝင်လာတော့ Capital တော့ ဝင်လာမှာပေါ့။ ဒီက ဘဏ်တွေက ပိုက်ဆံမှ မရှိပဲ။ နောက်ပြီး NPR ငွေပြန်မဆပ်နိုင်ကြတဲ့သူတော်တော်များတယ်။ တော်တော်ကွဲတယ်။ ဒါကြောင့်မို့လို့ ကြံ့ကြံ့ခံပြီးပြန်တောင့်ပြီးတော့ လုပ်ငန်းတွေနဲ့ ပြန်ညှိရတာပေါ့။ ဘယ်လောက်အချိန်အတွင်း ပြန်ပေးမလဲ။ အတိုးနှုန်းလည်း နည်းနည်းလျှော့ ပေးပြီးတော့ သူတို့ အရင်လေးဘာလေး ပြန်ရအောင် လုပ်ရတာပေါ့” ဟု ဒေါက်တာမောင်မောင်လေးက ဆိုသည်။

နိုင်ငံခြားဘဏ်က ငွေချေးခွင့်ခွင့်ပြုထားသော်လည်း ပြည်တွင်းဘဏ်များတွင် ငွေချေးယူပြီး ပျက်ကွယ်သူများပြားနေခြင်းကြောင့် နိုင်ငံခြားဘဏ်များလည်း ရုတ်တရက်ဝင်ရောက်ငွေချေးလိမ့်မည်ဟု မထင်ကြောင်း စီးပွားရေးပညာရှင်လည်းဖြစ်၊ အငြိမ်းစား ဒုဝန်ကြီးလည်းဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းက သုံးသပ်ပြောဆိုသည်။

” ငွေချေးတာ ပျက်ကွက်တဲ့သူတွေများနေတာ သိတယ်။ စဉ်းစားပြီးမှဖြည်းဖြည်းဝင်လာလိမ့်မယ်။ ရုတ်တရက်ကြီး ဝင်လာကြမှာမဟုတ်ဘူး။ ချက်ချင်းကြီးကတော့ အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး။ အတိုးနှုန်းသက်သာရင်တော့ အကျိုးများမယ်။ သို့သော်လည်း အဓိက ပြည်တွင်းဘဏ်တွေအတွက် ပြိုင်ဖက်များတယ်။ ပြိုင်ဖက်အချင်းချင်း နလပိန်းတုန်းမဟုတ်ဘူး။ အားကောင်းတဲ့ ပြိုင်ဖက်တွေပေါ်လာတာပေါ့” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အခြေစိုက် ရုံးဖွင့်ထားသည့်နိုင်ငံခြားဘဏ်စုစုပေါင်း ၄၉ ဘဏ်ရှိနေပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com