Crime Local News political news

နေပြည်တော်မှာ မီးရှို့သတ်ခံလိုက်ရတဲ့ ဒေါ်ခင်ထွေးဝင်းသန်း(ခ) မီးငယ်(ခ) TAMMY အမှုမှ စိတ်ဝင်စားဖွယ်များ

By ရန်ကုန်ခေတ်သစ်

နေပြည်တော် ဝင်ဒါမီယာလို့ခေါ်တဲ့ ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက်၊ ရာဇသင်္ဂဟအိမ်ရာ (၂) ၊ ကျွန်းချောင်း(၂) လမ်းရှိ နေအိမ်ခြံဝင်းတခုမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ကုမ္ဗဏီပိုင်ရှင် အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်ထွေးဝင်းသန်း(ခ) မမီးငယ် ကို ရေချိုးခန်းအတွင်းမှာ ဒူးအထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး ပက်လက် အနေအထား မီးလောင်ကျွမ်းလျက်နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ အစိုးရအုပ်ချုပ်ရေးအခြေစိုက်ရာလည်းဖြစ် မြန်မာနိုင်ငံရဲ့ မြို့တော်လည်းဖြစ်တဲ့ နေပြည်တော်မှာ အခုလို ရက်စက်တဲ့ လူသတ်မှုဟာ ပြည်သူလူထုအတွင်းမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ခဲ့တယ်။

အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ ပြစ်ကျူးလွန်သူလို့ ရဲက ထုတ်ဖော်ပြောဆိုတဲ့ ဒရိုင်ဘာဟောင်း မျိုးကျော်သက်ဟာ ရဲတပ်ဖွဲ့ထံမှာ သက်သေခံပစ္စည်းတွေနဲ့အတူ လာရောက်အဖမ်းခံခဲ့ပါတယ်။ အဲဒီ အောက်တိုဘာလ ၃၀ရက်နေ့မှာပဲ ဘုရားကုန်း ရဲစခန်း စခန်းမှူး ဒုရဲမှူး ဦးတင်ဌေးက လူသတ်မှုနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေကို ရှင်းလင်းပွဲပြုလုပ်ပေးခဲ့ပြီး မျိုးကျော်သက်က ဘယ်လိုသတ်ခဲ့တယ်ဆိုတာကို ရှင်းလင်းခဲ့ပါတယ်။

အောင်မြင်ချမ်းသာ ဆောက်လုပ်ရေးကုမ္မဏီနဲ့ We & We Interior Decoration & Design ရဲ့ ပဲကိုင်ရှင်တစ်ဦးလည်းဖြစ် ၊ Single Mother လည်းဖြစ်တဲ့ ဒေါ်ခင်ထွေးဝင်းသန်း(ခ) မီးငယ် ဘယ်လိုလူစားမျိုးပါလဲ။ သူ ဘယ်လိုရှင်သန်နေထိုင်ကြီးပြင်ခဲ့သူပါလဲ။ ရန်ကုန်ခေတ်သစ်က လက်လှမ်းမီသလောက်စုံစမ်းသိရှိထားရတာတွေ ဖော်ထုတ်တင်ပြပေးလိုက်ပါတယ်။

ဒေါ်ခင်ထွေးဝင်းသန်း(ခ) မီးငယ် (ခ) TAMMY
————————————–

ဒေါ်မီးငယ်ဟာ ရန်ကုန်မြို့မှာ ခေတ်အဆက်ဆက် လူကုံတန်ရပ်ကွက်လို့ခေါ်တဲ့ ငွေကြေးချမ်းသာသူတွေသာ နေထိုင်တဲ့ စူနီယံပါခ်လို့ခေါ်တဲ့ ရန်ကင်းမြို့နယ်ရဲ့ ရပ်ကွက်တစ်ခုမှာ နေထိုင်တာဖြစ်ပါတယ်။ ဖခင်ဖြစ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်းနဲ့ မိခင် ဒေါ်နုနုဝင်း(ခ) Dolly က မွေးဖွားပြီး မောင်နှမ ၃ ဦးမှာ အငယ်ဆုံး သမီးထွေးဖြစ်ပါတယ်။ ဒါကြောင့် အိမ်နာမည် မီးငယ်လို့ အမည်တွင်တာပါ။ ဖခင်ဖြစ်သူက ပုသိမ်ဆေးရုံအုပ်ကြီးအဖြစ် အမှုထမ်းခဲ့ပြီး အငြိမ်းစားယူခဲ့သူလည်းဖြစ်ပါတယ်။

ဒေါ်ခင်ထွေးဝင်းသန်း(ခ) မီးငယ်(ခ) TAMMY ဟာ အာဝဇွန်းရွှင်ပြီး ဟာသဉာဏ်ရှိသူလည်းဖြစ်ပါတယ်။ ထက်ထက်မြက်မြက်ရှိပြီး ငယ်စဉ်ကတည်းက စီးပွားရေးကို စိတ်ဝင်စားပြီး စီးပွားရေး အကွက်မြင်သူလည်းဖြစ်ပါတယ်။ ဒဂုံ ၁ ကျောင်းမှာ ကျောင်းနေခဲ့ပြီး ထိုင်းနိုင်ငံမှာ Interior Design နဲ့ဘွဲ့ရရှိခဲ့သူလည်းဖြစ်ပါတယ်။

မိသားစုမှာ သူက အငယ်ဆုံးဖြစ်ပေမယ့် သူက ဦးဆောင်သူပါပဲ။ အကိုအကြီးဆုံးနဲ့ အမဖြစ်သူက ရိုးရိုးအေးအေး နေတတ်သူတွေပါ။ မိဘတွေကို ဆေးကုတာကအစ မိသားစုရဲ့ ကိစ္စကြီးငယ်ကိစ္စအားလုံးမှာ သူက ဦးဆောင်သူလည်းဖြစ်ပါတယ်။ အားကစားလုပ်သူ၊ သွက်လက်သူဖြစ်ပြီး လူကြောက်တတ်တဲ့သူလည်းမဟုတ်ပါဘူး။

အသက် ၂၅ နှစ်ကျော်လောက်ကတည်းက စီးပွားရေးကို ဇောက်ချ လုပ်ခဲ့ပြီး ပထမဦးဆုံးအနေနဲ့ သူငယ်ချင်းတစ်ဦးနဲ့ ခရီးသွားလုပ်ငန်းကုမ္ဗဏီတစ်ခုထူထောင်ခဲ့ပါတယ်။ သူ ခရီးသွားလုပ်ငန်းလုပ်ကိုင်စဉ်က ၁၉၉၅ ခုနှစ်အလွန်ကာလတွေဖြစ်တာမို့ မြန်မာနိုင်ငံမှာ ခရီးသွားကုမ္ဗဏီတွေ သိပ်မထွန်းကားသေးတဲ့အချိန်ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းအဆင်ပြေခဲ့ပြီး နောက်ပိုင်းမှာ ဆီဒိုးနား ဟိုတယ်ရဲ့ Sale Department မှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် FMI စင်တာမှာ ဖန်စီပစ္စည်းအရောင်းဆိုင်ဆိုင်ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပါရမီ၊ ချော်တွင်းကုန်းမှာ ဆိုင်ခန်းဝယ်ပြီး အိမ်တွင်းအလှဆင် လုပ်ငန်း We & We Interior Decoration & Design ကို စတင်ထူထောင်ပါတယ်။ အဲဒီနောက် ၂၀၁၀ နောက်ပိုင်းမှာ အောင်မြင်ချမ်းသာ ဆောက်လုပ်ရေးကုမ္ဗဏီကို စတင်ထူထောင်ခဲ့ပါတယ်။ ၂၀၁၅ နောက်လောက်ပိုင်းမှာတော့ နေပြည်တော်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ သူ့မှာ သားတစ်ဦးရှိပြီး အမေရိကားမှာ ကျောင်းတက်နေပါတယ်။

 

စစ်ခေါင်းဆောင်ဟောင်းတစ်ဦးမိသားစုဝင်အတွက် ဆောက်လုပ်ရေးလုပ်ပေးခဲ့ရ
————————————————————–

ဒေါ်မီးငယ်ဟာ ဆောက်လုပ်ရေး၊ အိမ်တွင်းအလှဆင်လုပ်ငန်းလုပ်ကိုင်ပြီး စစ်ခေါင်းဆောင်ဟောင်း တစ်ဦးရဲ့ မိသားစုဝင်အတွက်လည်း ဆောက်လုပ်ရေးလုပ်ငန်းတချို့ လုပ်ကိုင်ပေးခဲ့ရပါတယ်။ နေပြည်တော်မှာ နေထိုင်စဉ်မှာ ဆောက်လုပ်ရေးလုပ်ငန်းအပြင် 111 စတိုးကိုလည်း ဖွင့်လှစ် လုပ်ကိုင်ခဲ့ပါသေးတယ်။ သူအသတ်ခံရချိန် ပြစ်မှုကျူးလွန်သူလို့ ရဲက ဆိုတဲ့ မျိုးသက်ကျော် ယူဆောင်သွားတဲ့ ငွေအကြွေတွေဟာ စတိုးဆိုင်အတွက် လဲလှယ်ထားတဲ့ အကြွေတွေလို့လည်း နီးစပ်သူတွေက ဆိုပါတယ်။

ရဲက ရှင်းပြတဲ့ လူသတ်မှု တရားခံ
—————————-

အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဥတ္တသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှူး ဦးတင်ဌေးက လာရောက်အဖမ်းခံတဲ့ မျိုးကျော်သက် ကို CCTV မှတ်တမ်းတွေအရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

မျိုးကျော်သက်က လူသတ်မှုကို မိမိကိုယ်တိုင် ကျူးလွန်တယ်လို့ ဝန်ခံတယ်လို့ ဆိုပါတယ်။ သတ်ရတဲ့ အဓိက အကြောင်းအရင်းက ဒရိုင်ဘာအဖြစ် အလုပ်လုပ်စဉ်က ပြောဆိုမှုတွေ၊ နှိမ်မှုတွေကို မကျေနပ်လို့ အလုပ်လာတောင်းရင်း ဒေါသအလျောက် သတ်တယ်လို့ ဆိုပါတယ်။

နေအိမ်ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာလို့ ဒေါ်မီးငယ်က ရဲစခန်းကို အကြောင်းကြား တိုင်တန်းရန် ဖုန်း ဆက်စဉ်မှာပဲ ဖုန်းမဆက်ဖို့ တားမြစ်ပြီး အချင်းများခဲ့တယ်လို့လည်းဆိုပါတယ်။ မမီးငယ် အိမ်သာခန်းထဲဝင်ပြေးချိန်မှာ မျိုးကျော်သက်က တံခါးအား ဖျက်ဆီးဝင်ရောက်၍ ရေချိုးအသုံးအဆောင်များ တင်ထားတဲ့ တုတ်ချောင်းဖြင့် ဒေါ်မီးငယ်ကို ဦးခေါင်းအား ရိုက်နှက်ခဲ့ကြောင်း၊ ရိုက်နှက်စဉ်မှာ ဒေါ်မီးငယ်မှ ပြန်လည် ခုခံတဲ့အတွက် မျိုးကျော်သက်က အသင့်ပါလာတဲ့ ဓားနဲ့ ရင်ဘက်နဲ့ နောက်ကျောတို့ကို တချက်စီ ထပ်မံထိုးခဲ့ကြောင်း၊ လဲကျနေတဲ့ မမီးငယ်၏ ခန္ဓာကိုယ်ပေါ်ကို နေအိမ်အတွင်းရှိသည့် စာရွက်တွေ၊ တဘတ်တွေ ဖုံးပြီး အရက်လောင်း မီးရှို့ခဲ့ခြင်း ဖြစ်တယ်လို့ ရဲစခန်းမှူးဦးတင်ဌေးက ရှင်းပါတယ်။

အဲဒီနောက် နေအိမ်အတွင်းရှိ ကွန်ပျူတာ လက်တော့ပ် ၁ လုံး၊ iPhone ၂ လုံး၊ Huawi အမျိုးအစား ဖုန်း ၁ လုံး နဲ့ ဆက်စပ်ပစ္စည်းများ၊ လက်ပတ်နာရီ ၁ လုံး၊ ပိုက်ဆံ၄ သိန်းကျော်(အကြွေတွေပါ) ကို ရယူလို့ နေအိမ်အတွင်းမှာ အသင့်ရှိနေတဲ့ ကားကို မောင်းနှင် ထွက်ပြေးခဲ့တယ်လို့ လည်းဆိုပါတယ်။

အသတ်ခံရပုံကို ဆန်းစစ်ခြင်း
————————-

ဒေါ်မီးငယ် အသတ်ခံရပုံက အငြိုးတကြီး ရက်စက်လွန်းပြီး စနစ်တကျ အကွက်ကျကျ သွေးအေးအေးနဲ့ လူသတ် အလောင်းဖျောက်တဲ့ ပုံစံမျိုးလို့ သုံးသပ်မှုတွေ ရှိပါတယ်။ ရဲတပ်ဖွဲ့ကတော့ မျိုးကျော်သက် သတ်တာနဲ့ပတ်သက်လို့ သက်သေတွေ နဲ့တကွ ပြဆိုနေပေမယ့်လည်း တစ်ဦးလည်း ကျူးလွန်တာဟုတ်သလား၊ မဟုတ်ဘူးလားဆိုတဲ့မေးခွန်းထုတ် ဝေဖန်မှုတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

Facebook နဲ့ Instagram ကို ခြေရာခံကြည်ခြင်း
—————————————-

ဒေါ်မီးငယ်ဟာ လူမှုကွန်ရက် Facebook စာမျက်နှာမှာ Mie Nge ဆိုတဲ့ အမည် နဲ့ အသုံးပြုပြီး အကောင့်လိပ်စာက https://www.facebook.com/daw.tammy ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့၊ ညနေ ၅ နာရီ ၁၈ မိနစ်မှာ ဧရာဝတီမြစ်ကမ်းဘေးမှာ ထိုင်နေတဲ့ပုံလေးနဲ့

“ဧရာဝတီရေ …
မကြာသောအချိန်တစ်ခုမှာ …..
ပြာအဖြစ်နဲ့ စီးမြောပါမယ်လေ…..”

ဆိုတဲ့ Feeling Positive ဆိုတဲ့ခံစားချက်နဲ့ တင်ထားခဲ့ပါသေးတယ်။ အဲဒီစတေးတပ် တင်ပြီး ၁ လနဲ့ ၁ ရက်အကြာ အောက်တိုဘာလ ၂၈ ရက်နေ့ သူ အသတ်ခံရတာလည်းဖြစ်ပါတယ်။

Instagram မှာတော့ သူကွယ်လွန်ဖို့ ရက်ပိုင်းအလိုအချိန် အထိ ဓာတ်ပုံတွေ အများကြီးတင်ခဲ့တာလည်း တွေ့ရပါတယ်။

သုံးသပ်ချက်
———–

အစိုးရရုံးစိုက်ရာ မြို့တော်၊ နေပြည်တော်ရဲ့ လူကုံတန်တွေနေတဲ့ ရပ်ကွက်မှာနေတဲ့ အမျိုးသမီး တစ်ဦး ရက်ရက်စက်စက် အသတ်ခံရမှုဟာ ပြည်သူတွေအားလုံးရဲ့ စိတ်ကို ကြောက်လန့်စေပြီး မလုံခြုံမှုတွေဖြစ်စေပါတယ်။ ရက်စက်ပြီး လူမဆန်တဲ့ လူသတ်အလောင်းဖျောက်မှုအတွက် ပြစ်မှုတကယ်ကျူးလွန်သူ တရားခံကို တရားဥပဒေနဲ့အညီ စုံစမ်းဖော်ထုတ်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ကို ပြည်သူအားလုံးက လိုလားကြမှာကတော့ အသေအချာပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com