All News Local News

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲမှု ရန်ကုန်အစိုးရုပ်သိမ်း၊ Eleven နှင့် ရန်ကုန်တိုင်းအစိုးရအကြား MPC ၏ညှိနှိုင်းပေးမှု မအောင်မြင်လျှင် သတင်းမီဒီယာဥပဒေဖြင့်သာ တရားစွဲနိုင်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းအစိုးရက Eleven သတင်းမီဒီယာကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားမှုကို ယနေ့ရုပ်သိမ်းလိုက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဝင်ေ်ရာက်ညှိနှိုင်းပေးရမည်ဖြစ်ကာ ညှိနှိုင်းမှု မအောင်မြင်လျှင် သတင်းမီဒီယာဥပဒေဖြင့်သာ တရားစွဲရန် သမ္မတ၏ ညွှန်ကြားချက်တွင် ပါဝင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ပြောသည်။

“ဒီနေ့ ရန်ကုန်တိုင်းအစိုးရက အမှုရုပ်သိမ်းတယ်။ အဓိကကမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်ကြားထားပြီးသားဖြစ်လို့ ရုပ်သိမ်းတယ်ပေါ့။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကညှိပေးရမှာ။ ညှိနှိုင်းပေးတာ မအောင်မြင်ရင်တော့ သတင်းမီဒီယာဥပဒေနဲ့ တရားစွဲရမှာပေါ့။ သမ္မတညွှန်ကြားချက်မှာ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁၊ ၂၂၊ ၂၃ နဲ့ပဲစွဲဖို့ညွှန်ကြားထားတာလေ” ဟု ဦးကြီးမြင့်ကပြောသည်။

သမ္မတက ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ အောက်တိုဘာလ ၁၇ ရက်နေ့စွဲဖြင့် ညွှန်ကြားထားသည့် ညွှန်ကြားစာတွင် အချက် ၃ ချက်ပါဝင်ကာ ပထမအနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ နစ်နာသော အဖွဲ့အစည်း၊ဌာန(သို့မဟုတ်) ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ရှေးဦးစွာ တိုင်ကြားရန်၊ ဒုတိယအနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၂ အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက နှစ်ဖက်ညှိနှိုင်းတွေ့ဆုံဖြေရှင်းပေးရန်၊ တတိယအနေဖြင့် ညှိနှိုင်းမှု မပြေလည်ပါက ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် ဟု ညွှန်ကြားစာတွင် ပါရှိသည်။

Eleven သတင်းသမား ၃ ဦးကို အမြဲရံှူးနေတဲ့စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ကျောင်းကားနှင့် လူနာမည်ပေါက် ပြည်သူ့ရှယ်ယာဆောင်းပါး ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ရွှေအင်းသားခင်မောင်ဝင်း

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com