political news

တောင်ကြီးတွင် လက်လုပ်ဗုံး ၄ လုံးတွေ့ ၊ နိုဝင်ဘာ ၁၃ ရက်က လက်နက်တချို့ သိမ်းမိခဲ့၊ ပြည်သူကို ထိတ်လန့်စေရန်နှင့် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ပုံစံဟု ဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မြို့လယ်ကောင် မြို့မဈေးအနီးတွင် ဗုံး ၄ လုံး တွေ့ရှိပြီး ယင်းဗုံးများသည် ပြည်သူကို အထိတ်တလန့်ဖြစ်စေရန် နှင့် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့်ပုံစံဖြစ်ကာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ထိခိုက်မှုရှိကြောင်း ရှမ်းပြည်နယ်နိုင်ငံရေးအဖွဲ့မှဦးတင်မောင်တိုးက ပြောသည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်ကတည်းက မြို့မဈေးနားမှာ သေတ္တာအနက်လေးချထားတယ်။ အဲဒီအထဲမှာ ဗုံး ၄ လုံးတွေ့တယ်။ ၁ လုံးက ကွဲသွားတယ်။ ကြည့်ရတာတော့ ရည်ရွယ်ချက်ရှိရှိ ထိတ်လန့်အောင် လုပ်တဲ့သဘောလို့ ပြောလို့ရတယ်။ တပ်က အခုအကုန်သိမ်းသွားပါပြီ” ဟု ဦးတင်မောင်တိုးက ပြောသည်။

အလားတူ Ocean တွင်လည်း မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် လမ်းများပိတ်ဆို့ပြီး သက်ဆိုင်ရာ ရှာဖွေနေကြောင်း၊ လတ်တလောအနေအထားကြောင့် ပြည်သူအများစု ထိတ်လန့်နေကြောင်း ဦးတင်မောင်တိုးက ဆက်လက်ပြောသည်။

“Ocean ဘက်အခြမ်းက လမ်းကြီးလည်း ပိတ်ထားတယ်။ အဲဒီမှာလည်း အခုရှာဖွေနေတုန်းပဲ။ လူတွေက ထိတ်လန့်တာပေါ့။ အခုက တောင်ကြီးတန်ဆောင်တိုင် တတိယမြောက်နေ့လည်းဖြစ်တယ်။ တန်ဆောင်တိုင်ပွဲတော်ကို ထိခိုက်နိုင်တယ်” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း တောင်ကြီးမြို့တွင်ပင် ပြည်သူ့စစ်လူငယ်တစ်ဦးထံမှ လက်နက်တချို့ သိမ်းဆည်းရရှိမှု ရှိခဲ့ပြီး ယင်းသတင်းကိုမူ တောင်ကြီးဒေသခံအများစုသိရှိကြောင်း ဦးတင်မောင်တိုးက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ တောင်ကြီးမြို့တွင် တပ်မတော်ထောက်ခံပွဲ တစ်ရပ်ကျင်းပခဲ့ပြီး ယင်းပွဲကို မကျင်းပရန် ရှမ်းလူမှုအဖွဲ့အစည်း ၂၈ ခု ကန့်ကွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts