All News Editorial

တိုင်းရင်းသားပြည်သူတွေကို မြေယာမဲ့ ကျူးကျော် ရာဇဝတ်သားတွေ ဖြစ်စေမယ့် မြေလွတ်မြေရိုင်းဥပဒေ မရုပ်သိမ်းရင် NLDဟာ လူထုကို နှိပ်ကွပ်တဲ့ သမိုင်းတရားခံ

အယ်ဒီတာ့အာဘော်

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၂ ခုနှစ် မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေကို လူထုတင်မြှောက်ထားတဲ့ NLD အစိုးရသစ်လက်ထက်မှာ ပြန်လည်ပြင်ဆင်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေ မပြဋ္ဌာန်းခင် သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက ဒီဥပဒေဟာ တိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှုအပေါ် အကြီးအကျယ် ခြိမ်းခြောက်နေတဲ့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုပါ ထိခိုက်နိုင်တယ်ဆိုပြီး လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးက ဆန့်ကျင်ကန့်ကွက်နေခဲ့ကြတာပါ။

လူထုကိုယ်စားမပြုတဲ့ ကြံ့ခိုင်ရေး အစိုးရနဲ့ လွှတ်တော်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေကို NLD အစိုးရလက်ထက်မှာ  ဖျက်သိမ်းနိုင်မယ်လို့ လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေဘက်က မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီမျှော်မှန်းချက်ဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့ လုံး၀ အရာမထင်တော့ဘဲ အနှစ်သာရ မပြောင်းလဲတဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကို NLD အစိုးရနဲ့ လွှတ်တော်က အတည်ပြုခဲ့ပြန်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဗဟိုကော်မတီက နှိုးဆော်ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး အဲဒီညွှန်ကြား ချက်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေလွတ်မြေလပ်မြေရိုင်းတွေ၊ မိရိုးဖလာ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေအားလုံး အသုံးပြုခွင့် အချိန် ၆ လအတွင်း လျှောက်ထားကြဖို့နဲ့ အချိန် ၆ လ ကျော်လို့ အသုံးပြုခွင့် မလျှောက်ထားဘဲ အသုံးပြုရင် အစိုးရက မြေသိမ်းယူမယ့်အပြင် မြေအသုံးပြုသူကို ကျူးကျော်အဖြစ် သတ်မှတ်ပြီး ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ကျပ် ၅ သိန်း၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

မြေလွတ်မြေလပ်မြေရိုင်းဥပဒေမှာ မြေယာလျှောက်ထားရမယ့် ပုံစံတွေ ဖော်ပြထားပေမယ့်လည်း လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရရှိသေးပါဘူး။ စစ်ဘေးရှောင် ဒုက္ခသည် သိန်းပေါင်းများစွာ ကိုယ့်မြေကိုယ့်ယာတွေကို စွန့်လို့ ထွက်ပြေးတိမ်းရှောင်နေရချိန်လည်းဖြစ်ပါတယ်။ အချိန် ၆ လ ကျော်တာနဲ့ သူတို့ပိုင်တဲ့ မြေယာတွေဟာ အလိုလို အစိုးရပိုင်ဖြစ်ပြီး တိုင်းရင်းသားဒေသခံတွေရဲ့ မြေယာတွေ အားလုံး ဆုံးရှုံးသွားတော့မှာလည်းဖြစ်ပါတယ်။ ဥပဒေဟာ မတရားသလို အချိန် ၆ လအတွင်း လျှောက်ထားဖို့ နှိုးဆော်ညွှန်ကြားချက်ကလည်း မရိုးသားမှုတွေ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး မရရှိသေးသလို တိုင်းရင်းသားပြည်သူလူထု အသိအမှတ်မပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း မပြင်ဆင်နိုင်သေးပါဘူး။ ဒီအချိန် ဒီကာလမှာ မြေယာဥပဒေနဲ့ပတ်သက်လို့ ပြဋ္ဌာန်းမှုတွေဟာ တိုင်းရင်းသားပြည်သူတွေကို ကိုယ်စားမပြုတဲ့ ဥပဒေပြဋ္ဌာန်းမှုသာဖြစ်ပါတယ်။

NLD အစိုးရဟာ လူထုရွေးကောက်တင်မြှောက်ထားပေမယ့် တိုင်းရင်းသားပြည်သူလူထုတွေကို ကိုယ်စားမပြုတဲ့ မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေကို ဆက်လက်ပြင်ဆင်ပြဋ္ဌာန်းပြီး တိုင်းရင်းသားပြည်သူတွေရဲ့ အသက်ဖြစ်တဲ့ မြေယာတွေကို လုယူမယ့် ပုံစံဖြစ်နေပါတယ်။

အာဏာဆိုတာ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲနဲ့ အလှည့်ကျ အပြောင်းအလဲဖြစ်နေတာဖြစ်ပြီး ဥပဒေတွေဟာ မပြင်ဆင်နိုင်သမျှ ကာလပတ်လုံးတော့ ပြည်သူတွေအပေါ် အကျိုးသက်ရောက်နေမှာဖြစ်ပါတယ်။

စစ်မှန်တဲ့မြေယာဥပဒေတွေဆိုတာ ငြိမ်းချမ်းရေးရပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ တန်းတူညီမျှမှုတွေ နဲ့ တည်ဆောက်ထားတဲ့ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က သာ ပြဋ္ဌာန်းသင့်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပြဋ္ဌာန်းတဲ့ မြေယာဥပဒေတွေဟာ တိုင်းရင်းသားပြည်သူတွေကို ဘယ်လိုမှ ကိုယ်စားမပြုနိုင်ပါဘူး။ လက်ရှိ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စု အနှစ်သာရကို ပျက်ပြယ်စေနိုင်တဲ့အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရည်တူခွင့် မရှိတော့ဘဲ ဗဟိုထိန်းချုပ်မှုအောက်မှာ အစိုးရဟာ သက်ဦးဆံပိုင် ရေမြေ အရှင်သခင်သဖွယ် ဖြစ်လာစေတာလည်းဖြစ်ပါတယ်။

မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေဟာ တစ်ခုလုံး ခြုံငုံကြည့်ရင် အစိုးရဟာ မြေပိုင်ရှင်ဖြစ်ပြီး တိုင်းရင်းသားပြည်သူတွေက မြေယာမဲ့ ရာဇဝတ်သား ကျူးကျော်တွေဖြစ်အောင် တွန်းပို့နေတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားပြည်သူလူထုကို ဖိနှိပ်မယ့် ၊ တိုင်းရင်းသားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ မြေယာတွေကို သိမ်းဆည်းမယ့် ဥပဒေကို မဖျက်သိမ်း ဘဲ ပြဋ္ဌာန်းခြင်းဟာ NLD အစိုးရနဲ့ လွှတ်တော်ကို စစ်အာဏာရှင်တွေ၊ ကြံ့ခိုင်ရေး အစိုးရနဲ့ လွှတ်တော်တွေလိုပဲ ပြည်သူလူထုကို ဖိနှိပ်ခဲ့တဲ့ သမိုင်းတရားခံ အဖြစ် ကမ္ဗည်းမှတ်တမ်းဝင်စေမှာ အသေအချာဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြလိုက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com