All News interview

“တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်ကတော့ အဲလောက်ကြီး မကြီးတော့ဘူး။ ကျသွားပြီ”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

တိုင်းရင်းသားအရေးကျွမ်းကျင်သူ စာရေးဆရာ ဦးမောင်မောင်စိုးနှင့်တွေ့ဆုံခြင်း အပိုင်း ၂

လတ်တလော ငြိမ်းချမ်းရေးအခြေအနေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည်ူထူထာင်ရေးကောင်စီ (RCSS) တို့ ထုတ်ပြန်ချက်များကြောင့် အခြေအနေ မကောင်းသည့် သဘော သက်ရောက်နေသည်။ KNU က ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းလက်ပြီး RCSS က ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော် မူကို လက်မခံနိုင်ကြောင်း ကြေညာချက်ထုတ်သည်။ အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အစိုးရနဲ့ တပ်မတော်အကြားမှာရော ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ညှိလို့ မရတာ တွေရှိလား။
ဖြေ။ ။ အစိုးရနဲ့တပ်မတော်ကြား ညှိနေကြတယ်။ ညှိလို့ တော်တော်ရတယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြောမယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတွေ ပြင်ဖို့တွေ သူတို့ လည်း ညှိနေကြတယ်။ ကျနော်သိသလောက်ကတော့ အလွတ်ပြောဆိုချက် တွေအရ ဆိုရင် တော့ တပ်မတော်နဲ့ NLD အစိုးရအကြားမှာ ဖွဲ့စည်းပုံပါ ပုဒ်မ ဘယ်နှစ်ခု လောက်ကို ပြင်မလဲ။ ဖြည့်စွက်မလဲဆိုတာ ညှိနေကြတယ်။ ပုဒ်မ ၇၀ ကျော် လောက် ပြင်ဆင်ဖြည့်စွက်ဖို့ ညှိနှိုင်း နေကြတယ်ပြောတယ်။ ဒါကတော့ အစိုးရနဲ့တပ်မတော် ညှိပြီးရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ UPDJC ချပြမှာပေါ့။ ဒါကတော့ ထပ်ပြီးတော့ ဆွေးနွေးကြရမှာကိုး။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ညှိနိုင်မှ ကျန်တဲ့သူ ထပ်ညှိလို့ရမှာကိုး။ အဲဒီ ပရိုစီဂျာတော့ သွားနေပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က NCA ထိုးပင် ထိုးသော်ငြားလည်း တိုက်ပွဲတွေဖြစ်၊ ယာယီဆွေးနွေးပွဲ မပါဝင်တော့ဘူးဆိုတဲ့ အခြေအနေတွေ ဖြစ်နေတာက ဘယ်လို သုံးသပ် မလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လွန်ခဲ့တဲ့ ၁ နှစ်ကျော်ထက် တစ်ဆို့ပြီးတော့ နောက်ကို ပြန်လျှောကျတာပေါ့။ အဲဒီတော့ အဲဒါကိုတော့ ပြန်ပြီး တွန်းတင်ဖို့ လိုတယ်။ ပိုအရေးကြီးတာ တစ်ချက်က နည်းနည်းတင်းမာမှုတွေနဲ့ ဖြစ်နေတဲ့ KNU ၊ RCSS တို့နဲ့ တပ်ကြားထဲမှာ လက်နက်ကိုင် ပဋိပက္ခ ကြီးကြီးမားမားမဖြစ်ဖို့ လိုအပ်တယ်။ ကြီးကြီးမားမား ထပ်ဖြစ်ခဲ့ရင် ပိုပြီးတော့ ဝေးသွားလိမ့်မယ်လို့ထင်တယ်။ လုပ်ရကိုင်ရ ပိုခက်သွားလိမ့်မယ်။

မေး။ ။ KNU က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းမယ်ဆိုတာက အချိန်ကာလသတ်မှတ်ချက်လည်း ပေးမထားဘူးဆိုတော့ ဘယ်တော့ လောက်မှ ပြန်ပါဝင် နိုင်မယ် ထင်လဲ။

ဖြေ။ ။ သူတို့ တွင်းဆွေးနွေးပွဲတွေပြီးမှပဲ သူတို့ ပြန်ပြီးတော့ Statement ထုတ်မယ်ထင်တယ်။ အချိန်ကာလသတ်မှတ်ချက်တော့ ပေးမထားဘူး။ နောက်လထဲ သူတို့ အစည်းအဝေးရှိနေတယ်။

မေး။ ။ NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ NCA မထိုးတဲ့အဖွဲ့တွေ တွေ့ဖို့ရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ရော ဘာသိထားလဲ။

ဖြေ။ ။ အဲဒါကတော့ပုံမှန်ကတော့ နိုဝင်ဘာ ၂၀ မတိုင်မီ ၁၂ နဲ့ ၂၀ ကြားလုပ်မယ် ဆိုတဲ့ ဟာက အခုကတော့ Time Frame တွေ လွဲကုန်မယ်ထင်တယ်။ ၁ ရက်ကနေ ၃ ရက်ကြား ဒီမှာမယ်။ PPST ညှိမယ်။ အဲဒါပြီးလို့ရှိရင် အဲဒီဟာနဲ့ ၂၀ ရက်ကြား NCA လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေနဲ့ ညှိမယ်။ ၂၀ နောက်ပိုင်းဆိုရင် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ပြန်တွေ့မယ်လို့ စီစဉ်ထားတာ။ အခုကတော့ နောက်ဆုတ်လိမ့်မယ်လို့ထင်တယ်။ အခု အခြေအနေက ။

မေး။ ။ ဗိုလ်ချုပ်ကြီးဆေထင်က ပြောသွားတယ်။ တပ်ရဲ့ မူ ၆ ချက်နဲ့ စိတ်နေသဘောထား မပြင်ရင် ခါးတမာချိုမှ ငြိမ်းချမ်းရေးရမှာလား လို့ ဆိုသွားတယ်။ တပ်ကြောင့် ငြိမ်းချမ်းရေးက ဖြစ်နေတာလား။

ဖြေ။ ။ ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဲလိုပြောဖို့ဆိုတာထက် အဲဓိက တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြားမှာ ပဋိပက္ခ ပိုတင်းမာတာကိုး။ NLD ကတော့ ကြားထဲမှာ ရှိတဲ့အနေအထားပဲ။ နှစ်ဖက်စလုံးမှာ ကိုယ့်မူဝါဒကို ကိုယ်ကိုင်ထားကြတယ်။ အဲဒီတော့ တစ်ဖက်နဲ့ တစ်ဖက် အပြစ်တင်ကြမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မအောင်မြင် နိုင်ဘူး။ အဲလိုတော့ မပြောချင်ဘူး။ နှစ်ဖက်စလုံးက ကိုယ့်မူဝါဒတွေ ကိုယ် အသေကိုင်ထားကြတာအမှန်ပဲ။ မလျော့ကြဘူး။ မလျော့ဘူးဆိုရင် ငြိမ်းချမ်းရေး မရနိုင်ဘူး။ အဲဒီတော့ နှစ်ဖက်စလုံးက စဉ်းစားဖို့လိုတာက တစ်ဖက်နဲ့ တစ်ဖက် အပြုတ်တိုက်နိုင်မှကိုယ်လိုချင်တာရမှာ။ အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ တစ်ဖက်နဲ့ တစ်ဖက် အပြုတ်မတိုက်နိုင်ကြလို့ ညှိရမှာ။ အဲဒီတော့ တစ်ယောက်နည်းနည်းစီ လျော့ရမှာ။ အရင်တုန်းက သူငယ်တန်းဖတ်စာထဲမှာလားမသိဘူး။ ပြိုင်တူတွန်းရင် ရွေ့နိုင်သည်ပေါ့။ အခုက ပြိုင်တူဆုတ်မှ ရမယ်။ တစ်ဖက်ကပဲ ဆုတ်နေလို့မရဘူး။ ဆုတ်ရင် နှစ်ဖက်စလုံးက ဆုတ်ရမယ်။ တစ်ဖက်က ငါ့မူမှန်တယ်ငါ့ဟာကို အကုန်လိုက်ရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မအောင်မြင်နိုင်ဘူး။ အဲဒါဆို နောက်ထပ်စစ်ပွဲက တစ်ပတ်ပြန်လည်မှာပဲ။

မေး။ ။ အခုငြိမ်းချမ်းရေးက အချိုးအကွေ့တစ်ခုကို ရောက်နေပြီလို့ ပြောလို့ရမလား။

ဖြေ။ ။ အင်း ညှိကြလိမ့်မယ်ထင်ပါတယ်။ ဒီမှာတော့ ဘာပြောမလဲ။ အကျိတ်အခဲ ပေါ့။ မတူတဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြီးတော့ ပေါက်ကွဲတဲ့အဆင့်တော့ ရောက်လာတာပေါ့။ ဒါကို ဘယ်လိုပြန်ပြီးတော့ ပြေလည်အောင် လုပ်မလဲဆိုတဲ့ အပိုင်းကို စောင့်ကြည့်ရမှာပေါ့။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ မတိုင်မီ ဖက်ဒရယ်မူတွေချမယ်လို့ ပြောထားတာ ဖြစ်နိုင်ပါတော့မလား။

ဖြေ။ ။ ၂၀၁၈ ထဲ ပင်လုံညီလာခံ လုပ်ဖို့က ခက်မယ်ထင်တယ်။ ကျနော့်အထင် ကပ်သွားပြီ။ Time Frame က ။ အရမ်းကပ်သွားပြီ။ KNU ကလည်း လောလောဆယ် မပါဘူးဆိုရင် ဘယ်သူနဲ့ ဆက်လုပ်မလဲ။ KNU မပါဘဲ RCSS တက်မလားဆိုတော့လည်း RCSS ကလည်း မသေချာဘူး။

မေး။ ။ အကောင်းဆုံးက ပြိုင်တူ ဆုတ်ကြမယ်ဆိုရင် အဖြေတွေ့နိုင်တယ်ဆိုပေမယ့် တပ်မတော်က နောက်ကို ဆုတ်ပါ့မလား။

ဖြေ။ ။ တစ်ယောက်ယောက် မဆုတ်ရင်တော့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ တစ်ဖက်တည်းက ဆုတ်ပြီးတော့ နောက်တစ်ဖက်က မဆုတ်ရင်လည်း ငြိမ်းချမ်းရေး မရနိုင်ဘူး။

မေး။ ။ အခြေခံဥပဒေမှာ အသာရထားတယ်။ လက်နက် အင်အား လူအင်အား ငွေကြေး အင်အားလည်းသာနေတယ် တပ်မတော်က။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ အင်အားကြီးပေမယ့် တန်းတူ ဆက်ဆံတယ်ပေါ့။ သူက အင်အားကြီးတော့ သူ့ကို ဘယ်လို နားချမလဲ။

ဖြေ။ ။ နားချဖို့ဆိုတာက NLD အစိုးရပဲရှိတယ်။ နားချဖို့ ဆိုတာထက် ညှိနှိုင်းပေးဖို့ ဆိုတာပေါ့။ ညှိနှိုင်းပေးဖို့ ဆိုတာက နှစ်ဖက် လက်ခံနိုင်တဲ့ ကြားအခြေအနေတစ်ခုကို ညှိနှိုင်းပေးဖို့ လိုတာပေါ့။ အဲဒါကတော့ အကောင်းဆုံးကတော့ NLD အစိုးရ လုပ်နိုင်မလားပေါ့။ လက်ရှိလုပ်နိုင်မှာက သူပဲရှိတာကိုး။ နှစ်ဖက်စလုံးကို နားချပေးနိုင်တယ်။ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးနိုင်တဲ့အခြေအနေရှိရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့တိုးသွားမှာပဲ။ ဒါပေမယ့် လောလောဆယ်ကြီးတော့ ပြဿနာဖြစ်မယ်မထင်ပါဘူး။ ပြဿနာတွေကို ဖော်ပြပြီးရင်ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရမယ်ထင်ပါတယ်။

မေး။ ။ NLD အစိုးရနဲ့ တပ်မတော်က တစ်သားတည်းဖြစ်နေတယ်လို့ ဝေဖန်တာတွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း တိုင်းရင်းသားတွေဘက်က ယုံကြည်မှု နည်းလာတယ်လို့ ဆိုနေကြတော့ ဒီလို အခြေအနေကရော ငြိမ်းချမ်းရေးအပေါ် ဘယ်လို သက်ရောက်မလဲ။

ဖြေ။ ။ အရင်ကထက်စာရင်တော့ အားနည်းတာပေါ့။ ဒါပေမယ့် NLD အစိုးရနဲ့ တပ်နဲ့ ကြားထဲမှာကိုက ပဋိပက္ခက ရှိနေတာတော့ အသိအမှတ်မပြုလို့ မရဘူး။ တစ်သားတည်း ဖြစ်သွားပြီလို့ကတော့ နိုင်ငံရေးအရ စွပ်စွဲတာတွေနဲ့ ဆိုင်ပါလိမ့်မယ်။ တကယ်တမ်းတော့ တစ်သား တည်းတော့ မဖြစ်ပါဘူး။ ကွဲလွဲမှုတွေ ရှိပါတယ်။ တူညီမှုတွေလည်းရှိပါတယ်။ အချိန်ကာလနဲ့ပတ်သက်လို့ တူညီမှုတွေလည်းရှိကောင်းရှိမှာပေါ့။ သို့သော် ညှိနှိုင်းမယ်ဆိုရင် ညှိနှိုင်းနိုင်တဲ့အနေအထားရှိပါတယ်။ သို့သော် တစ်ခုတော့ရှိတာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲ ကာလတုန်းကလို တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်ကတော့ အဲလောက်ကြီး မကြီးတော့ဘူး။ ကျသွားပြီ။

မေး။ ။ ၂၀၂၀ မှာ နိုင်ငံရေးအခြေအနေပြောင်းလဲသွားရင် အစိုးရတစ်ရပ်အပြောင်းအလဲ ထပ်ဖြစ်ရင် ငြိမ်းချမ်းရေးရော၊NCA ရော အပြောင်းအလဲဖြစ်နိုင်လား။

ဖြေ။ ။ ဖြစ်နိုင်တာပေါ့။ ၂၀၂၀ ဟာ အပြောင်းအလဲတစ်ခုမြင်ရမယ်လို့ ထင်ပါတယ်။ ဥပမာဆိုပါတော့ဗျာ။ တပ်က အခု လုပ်နေတာက သူ့ပရိုစီဂျာနဲ့သူလုပ်နေတာ။ သူတို့ကလည်း သူတို့အတွေ့အကြုံအရ လုပ်နေတာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးတဲ့အခါမှာ သူဘာလုပ်လဲဆိုရင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေးဆိုပြီးလုပ်တယ်။ သူသိတယ်။ အားလုံးမပါနိုင်ဘူးဆိုတာ။ ဒါပေမယ့် ပါတဲ့အဖွဲ့ ပါသွားတာပဲ။ ဥပမာ NDAK ပန်းဝါ အခြေစိုက် BGF ဖြစ်သွားတယ်။ ကောင်းခါးအခြေစိုက် KDA က ပြည်သူ့စစ်ဖြစ်သွားတယ်။ ကိုးကန့် တစ်ဝက်ကို တိုက်တယ်။ တစ်ဝက်က BGF ဖြစ်တယ်။ အဲဒီတော့ SSPP ကလည်း စိန်ဂျော့ပြည်သူ့စစ်နဲ့ ကာလိပြည်သူ့စစ်ဆိုပြီး တပ်မဟာ နှစ်ခု ပေါ်လာတယ်။ အဲဒီတော့ ပအို့ဝ်ကလည်း ပြည်သူ့စစ်ဖြစ်သွားတယ်။ ကယားပြည်နယ်မှာလည်း BGF ပြည်သူ့စစ်ပေါ်လာတယ်။ ကရင်ပြည်နယ်မှာလည်း DKBA တစ်ဝက်လောက်က BGF ဖြစ်သွားတယ်။ သူက အဲဒါမျိုး ပစ်မှတ်ထားပြီး ဖြေရှင်းတာပေါ့။ သူက ခုနက ပြောတဲ့ တိုင်းရင်းသားတွေမှာလည်း မတူတဲ့ အခြေအနေရှိတဲ့အခါမှာ ကိုယ့်အခြေအနေတွေကို ကိုယ်ဆုံးဖြတ်ကြတဲ့အခါမှာ သူ့ဘက်ပါသွားတယ်။ သူက အဲဒီလို ရှင်းပြီးတဲ့အခါကျတော့ ၂၀၁၁ မှာ တိုက်ပွဲတွေပြန်ဖြစ်တယ်။ တိုက်ပွဲတွေပြန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်တစ်ဖြတ်ပေါ်လာတယ်။ ၂၀၂၀ မှာလည်း သူ နောက်တစ်ခါ ထပ်ဖြတ်ဦးမှာပဲ။ အဲဒီတော့ သူရဲ့ အတွေ့အကြုံအရ ဆိုရင် တချို့ တော့ သူနဲ့ပါမယ်လို့သူတွက်ထားမှာပဲ။ ဒါလည်း ပါနိုင်တာပဲ။ ခုနလို RCSS KNU တို့နဲ့ ပဋိပက္ခဖြစ်ပေမယ့် တခြားအဖွဲ့ မပါနိုင်ဘူးလားလို့ မေးရင် ပါနိုင်တာပဲ။ အခြေအနေရှိမှာပဲ။ သူတို့လည်း သူတို့ အတွေ့အကြုံအရ တွက်ထားမှာပဲ။ ၂၀၂၀ တစ်ဖြတ် ဖြတ်ပြီးရင် တိုက်မှာလား၊ နောက်တစ်မျိုး စဉ်းစားမှာလားပေါ့။ တပ်ကလည်း သူ့အတွေ့အကြုံနဲ့သူ တွက်ချက်တာကိုတော့ ထည့်သွင်းစဉ်းစားဖို့လိုမယ်။ အဲဒါမှမဟုတ်ရင်တော့ နောက်ထပ် တိုက်ပွဲကြီးကြီးမားမားဖြစ်ပြီးတော့ အဲဒီကျမှပဲ ထပ်ပြီးအဖြေရှာမလား။

မေး။ ။ KNU ထဲမှာလည်း သဘောထားတွေ အမျိုးမျိုုးရှိနေတော့ KNU ရော ထပ်ပြီး ကွဲသွားနိုင်လား။ ဘယ်လိုမြင်လဲ။

ဖြေ။ ။ သူတို့မကွဲအောင် ကြိုးစားနေတယ်ထင်ပါတယ်။ မကွဲအောင် တတ်နိုင်သမျှ ကြိုးစားနေတယ်ထင်ပါတယ်။

မေး။ ။ တိုင်းရင်းသားတွေကြားမှာရော အခု အချင်းချင်းလည်း ပြန်တိုက်နေကြတော့ ငြိမ်းချမ်းရေးအတွက် ဗူးလေးရာ ဖရုံဆင့်မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ အဲဒါမျိုးတွေ ပြောလို့ရပါတယ်။ ဒေသခံ လူထုကတော့ ခက်တာပေါ့။ RCSS နဲ့ SSA နဲ့တိုက်ကြတယ်။ RCSS နဲ့ TNLA ဖြစ်ကြတယ်ပေါ့။ ဒါတွေကတော့ လက်နက်ကိုင်တွေဖြစ်တဲ့ ထိန်းချုပ်တဲ့နယ်မြေနဲ့ပတ်သက်တဲ့ဟာတွေပါ။ ပြဿနာက နိုင်ငံရေးလို အကြီးကြီးမဟုတ်ဘူး။ ထိန်းချုပ်တဲ့ ဧရိယာတွေနဲ့ ပတ်သက်လို့ အငြင်းပွားတယ်ဆိုတာ အများကြီးရှိပါတယ်။

မေး။ ။ လက်နက်ကိုင်ထားတဲ့ လုံခြုံမှုလိုမျိုး ခံစားဖူးကြတော့ သေနတ်ကို ပြန်ချဖို့ လွယ်ပါ့မလား။ လက်နက်မစွန့်ချင်လို့ ငြိမ်းချမ်းရေး မရတာရော မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ လွယ်တော့ မလွယ်ဘူး။ အဲဒီဟာကြိုးစားမယ်ဆိုရင် ကြားအဆင့်တစ်ဆင့် လိုအပ်တယ်။ ကြားအဆင့်တစ်ဆင့်နဲ့ သွားမယ်ဆိုရင် လုပ်လို့ရတယ်။ နောက်တစ်ခုက လက်နက်ကိုင် သက်တမ်းရှည်နေတဲ့ ပြဿနာတစ်ခုက ဘာလဲဆိုတော့ ဒီဖဒရယ် ဒီမိုကရေစီနဲ့ပတ်သက်ပြီး တိုင်းရင်းသားအခွင့်အရေးဘာမှ မရှိဘူး။ ပြင်ပေးမယ်ဆိုတဲ့ ပုဒ်မ ၂၆၁ ပြည်နယ်လွှတ်တော်သာဖြစ်လာတာ ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရကို ရွေးကောက်ခံပိုင်ခွင့်လည်းမရှိဘူး။ ပြည်နယ်အစိုးရကလည်း ပြည်နယ်လွှတ်တော်ကို အာမ မခံဘူး။ ဆိုလိုတာက တိုင်းရင်းသားပြည်နယ်တွေမှာ ကိုယ့်အစိုးရကို ကိုယ် တင်မြှောက်လို့မရသေးဘူး။ ဘတ်ဂျက်ကလည်း ပြည်ထောင်စုဘတ်ဂျက်ရဲ့ ၁ ရာခိုင်နှုန်းတောင်မရှိဘူး။ဆိုလိုတာက တိုင်းရင်းသားအခွင့်အရေး ဘာမှ မရှိဘူး။ မရှိတဲ့အခါကျတော့ ကျနော်ပြောသလိုပေါ့ AA တို့ဘာတို့ ပြန်ပေါ်လာကျတော့ လူငယ်တွေကြားမှာ ဘာဖြစ်လဲဆိုတော့ ရခိုင်ဆိုရင် ANP ကို မဲပေးမယ်။ မဲပေးလည်း ဘာမှ လုပ်လို့မရဘူး။ လွှတ်တော်မှာ ANP အများစု။ အစိုးရလည်း ဖွဲ့လို့မရဘူး။ ဘာမှ လုပ်လို့မရဘူး။ ဥပဒေလည်း ပြုလို့မရဘူး။ တကယ်လုပ်ချင်ရင် AA ကိုဝင်ပြီး လက်နက်ကိုင် တိုက်မှ ရမယ်ဆိုတာမျိုးဖြစ်လာတယ်။ အဲဒီတော့ ကျနော်တို့က ဒီပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးကို လက်တွေ့ ဥပဒေနဲ့ကို ပေးရမယ်။ ဒါပေမယ့် ကျနော်တို့မှာ ပြဿနာက ဒီမိုကရေစီဘောင်နဲ့ ဖက်ဒရယ်ဘောင် ဒီနေ့အထိကို မချဲ့နိုင်ဘူး။ ပြန်ကျဉ်းသလိုတောင် ဖြစ်နေတယ်။ ဥပမာဆိုရင် ၆၆ ဃဆိုရင် ပြင်ဖို့လုပ်တာ။ အမျိုးသားလွှတ်တော်မှာ ခွင့်ပြုသွားတယ်။ ပြည်သူ့လွှတ်တော်မှာ ဝိုင်းဆွေးနွေးမယ့်သူက ၈၀ ၊ ၁၀၀ လောက်ဖြစ်နေတော့ ရပ်ထားရတယ်။ ပြန်တောင် ကျဉ်းမလိုဖြစ်နေတယ်။ အဲဒီလို မလုပ်နိုင်ရင် လက်နက်ကိုင် ကိစ္စက တစ်သက်လုံး မဖြေရှင်းနိုင်ဘူး။ ရခိုင်ဆိုရင် ၁၉ ၄၈ ပေါ်လာတယ်။ အဲဒီအဖွဲ့တွေပြီးတော့ ၁၉ ၆၈ မှာပေါ်လာတယ်။ အဲဒါပြီးတော့ ၁၉ ၈၈ နောက်ပိုင်းမှာ အဖွဲ့တွေ ထပ်ပေါ်လာတယ်။ ဒီတစ်ဖွဲ့ပြီးသွားလို့ ဒီဟာတွေကို ဒီဖဒရယ်ဘောင်ကို ချဲ့မထားနိုင်ဘူးဆိုရင် နောက်တစ်ဖွဲ့ ပေါ်လာမှာပဲ။ တစ်ဖက်နဲ့ တစ်ဖက် အပြုတ်မတိုက်နိုင်ဘူး။ အဲဒါကို မယုံကြလို့ရှိရင် နောက်တစ်ကြိမ် ထပ်ပြီးတော့ ပြင်းပြင်းထန်ထန်တိုက်ပြီးတော့မှ ဟာ မပြုတ်ဘူးဆိုရင် ငါတို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ အမြင်ရမလားတော့ မသိဘူး။ အခုပုံအတိုင်း သွားမယ်ဆိုရင် ၂၀၂၀ မှာ မပြေလည်ရင် ပြည်တွင်းစစ်ကြီးကြီးမားမားပြန်ဖြစ်လာမယ်။

မေး။ ။ ဒီမိုကရေစီရရင် ဒေါ်အောင်ဆန်းစုကြည်တက်လာမယ်ဆိုရင် အားလုံးကောင်းသွားမယ်လို့ မျှော်လင့်ချက်တွေ အရမ်းကြီးခဲ့ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ ဖြစ်မလာဘူး။ လူတွေက ဘာကို ထပ်ပြီးမျှော်လင့်ရဦးမလဲ။ ဘယ်သူ့ကိုမျှော်လင့်ရမလဲ။

ဖြေ။ ။ ကျနော်တို့မျှော်လင့်တာက ဒီမိုကရေစီဘောင်နဲ့ ဖက်ဒရယ်ဘောင်ချဲ့ဖို့ပေါ့။ ဥပဒေတွေ များများပြင်ပေးဖို့။ ဒီဟာတွေ ချဲ့နိုင်လေ ကျနော်တို့အတွက် အကျိုးရှိလေပဲ။ အခုက ဘာဥပဒေမှ မပြင်နိုင်သေးဘူး။ အရင်တုန်းကဟာတွေနဲ့ပဲ အရေးယူနေတုန်း။ အရင်တုန်းက ၅၀၅ အခုလည်း ၅၀၅၊ အရင်ကလည်း ၆၆ ဃ အခုလည်း ၆၆ ဃ ၊ အရင်တုန်းက ၁၂၄ အခုလည်း ၁၂၄ အရေးယူနေတုန်း။ တိုင်းရင်းသားအခွင့်အရေး၊ ဘတ်ဂျက် ဘာမှကို မပြင်နိုင်သေးဘူး။ ကျနော်တို့ဦးတည်ရမှာ ဥပဒေဆိုင်ရာ ပြင်ဆင်ရေးပဲ။

မေး။ ။ NLD က လွှတ်တော်မှာ အများစုရှိနေတာပဲ။ သူတို့ ဘာလို့ မပြင်ဘူးထင်လဲ။

ဖြေ။ ။ သူတို့မပြင်ရင် ကျနော်တို့လူထုက သူတို့ကို ဝိုင်းပြောရမှာပဲ။ သူတို့ကို ကျနော်တို့ တင်ထားတာကိုး။

 

Photo Credit – Myanmar State Counsellor Office

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com