China Watch Local News political news

တရုတ်-မြန်မာ စီးပွားရေးကော်ရစ်ဒါအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော “The Belt and Road” ဦးဆောင်ကော်မတီ ဖွဲ့စည်း

ရန်ကုန်၊ နိုဝင်ဘာ ၂၈

တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ စီးပွားရေးကော်ရစ်ဒါအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်နယ်ဝန်ကြီးချုပ်များ ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ ပါဝင်သော “The Belt and Road” အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရားဝင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ၂၀၁၇ ခုနှစ် နှစ်ကုန်က သဘောတူညီခဲ့သော “The Belt and Road” အဆိုပြုချက်အောက်၌ တရုတ်-မြန်မာစီးပွားရေး ကော်ရစ်ဒါ ပူးတွဲတည်ထောင်ရေးဆိုင်ရာ အရေးပါသော သဘောတူညီချက်အား တစ်ဆင့်တက် လက်တွေ့အကောင်အထည်ဖော်နေကြောင်း၊ ယင်းသို့ အကောင်အထည်ဖော်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဌ Mr. Ning Jizhe သည် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဖော်ပြသည်။

Mr. Ning Jizhe ခရီးစဉ်အတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင် သဘောတူစာချုပ်၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှုစာချွန်လွှာစသည့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးပြီး ရန်ကုန်မြို့သစ်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန် စသည့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်-မြန်မာစီးပွားရေး ကော်ရစ်ဒါ ပူးတွဲတည်ထောင်ရေးသည် တရုတ်နိုင်ငံယူနန်ပြည်နယ်၊ ရန်ကုန်နှင့် ကျောက်ဖြူတို့ ချိတ်ဆက်ထားသော နှစ်နိုင်ငံဘက်စုံစီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်-မြန်မာ အစိုးရအကြား “တရုတ်-မြန်မာစီးပွားရေးကော်ရစ်ဒါ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ပုံစာ-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E.Mr.Ning Jizhe အား လက်ခံတွေ့ဆုံစဉ်။ (Photo-နိုင်ငံတော်အတိုင်ပင်ခံရုံး)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts