Local News political news

တစ်နိုင်ငံလုံးရှိ မိရိုးဖလာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ကိုင်အသုံးပြုနေသော မြေများ ၆ လအတွင်း အစိုးရထံသို့ အသုံးပြုခွင့် မလျှောက်လျှင် မြေသိမ်းယူဖယ်ရှားမည့်အပြင် အသုံးပြုသူများကို ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်မည်ဖြစ်ကြောင်း ကြေညာ

ရန်ကုန်၊ နိုဝင်ဘာ ၉

တစ်နိုင်ငံလုံးရှိ  မိရိုးဖလာ စိုက်ပျိုးရေး၊ မွေးမြူရေး အတွက် လုပ်ကိုင်အသုံးပြုနေသည့် မြေများအားလုံးကို အသုံးပြုခွင့် ၆ လအတွင်း အစိုးရမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုနှင့် ပြည်နယ်/တိုင်းကော်မတီများသို့ လျှောက်ထားရမည်ဖြစ်ပြီး ၆ လအတွင်း လျှောက်ထားခြင်းမရှိဘဲ ဆက်လက်အသုံးပြုပါက အဆိုပါမြေများကို သိမ်းယူမည့်အပြင် အသုံးပြုသူကို လည်း ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်မည်ဖြစ်ကြောင်း အစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကြေညာသည်။

၂၀၁၂ ခုနှစ်တွင် အစိုးရက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး NLD အစိုးရ လက်ထက်တွင် ယင်းဥပဒေကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြင်ဆင်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေအရ ၆ လအတွင်း မိရိုးဖလာ အသုံးပြုနေသော မြေများအားလုံးသည် အစိုးရထံသို့ အသုံးပြုခွင့် လေ ျှာက်ထားရမည်ဖြစ်ပြီး မလေ ျှာက်ထားဘဲ အသုံးပြုလျှင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေအရ မြေအသုံးပြုသူကို ထောင်ဒဏ် ၂ နှစ်၊ သို့မဟုတ် ငွေကျပ် ၅ သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်မည်ဖြစ်ကြောင်း အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြေအသုံးပြုခွင့်ကို ဧက ၃၀၀ ထက်ပိုသော စိုက်ပျိုးမြေဧရိယာ နှင့် ဧက ၅၀ ထက်ပိုသော မွေးမြူရေးလုပ်ငန်းမြေဧရိယာ၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းနှင့် အစိုးရက ခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သော အခြားလုပ်ငန်းများအတွက် မြေအသုံးပြုခွင့် အစိုးရ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။

ဧက ၃၀၀ အထိ စိုက်ပျိုးမြေများ၊ ဧက ၅၀ အထိ မွေးမြူရေး မြေဧရိယာ အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတွင် အသုံးပြုခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ယင်းကြေညာချက်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်ရာ ၂၀၁၈ နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးအတွက် မြေအသုံးပြုသူများအားလုံး မြေယာအသုံးပြုခွင့် အစိုးရထံ လျှောက်ထားရမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မေလတွင် အသုံးပြုခွင့် မလျှောက်ထားသော မြေလွတ်မြေလပ်မြေရိုင်းများသည် အစိုးရပိုင်ဖြစ်သွားမည့်အပြင် အသုံးပြုခွင့် မလျှောက်ထားဘဲ အသုံးပြုသူများသည် ဥပဒေအရ ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း ဒို့မြေကွန်ရက်မှ မိခသိန်းက ပြောသည်။

“ဒီမြေလွတ်မြေလပ်မြေရိုင်းဥပဒေက တိုင်းရင်းသားဒေသတွေက မြေတွေကို လုယူတဲ့သဘောပဲ။ ဒီမိုကရေစီအစိုးရဆိုရင် လူထုအသံကို နားထောင်ရမယ်” ဟု မိခမွန်းက ပြောသည်။

အစိုးရ၏ ကိန်းဂဏန်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် အသုံးပြုခွင့် မချမှတ်သေးသော မြေယာဧက ၄၅ သန်းရှိပြီး အဆိုပါ ၄၅ သန်း၏ ၈၂ ရာခိုင်နှုန်းသော မြေယာများမှာ တိုင်းရင်းသား ဒေသများတွင် ရှိနေကြောင်း သိရှိရသည်။

 

ဓာတ်ပုံ- ၂၀၁၇ ခုနှစ်တွင် တာချီလိတ်တွင် ဈေးတည်ဆောက်ရန် အစိုးရပိုင်မြေဖြစ်ကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်။ (Photo Credit- ကမ္ဘောဇတိုင်း)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com