Local News political news

စင်ကာပူနိုင်ငံ အကျယ်အဝန်းဧရိယာရှိသည့် မြေဧကများစွာ ရေနစ်မည့် မိုင်းတုံဆည်ရေအားလျှပ်စစ်စီမံကိန်းကို RCSS နယ်မြေတပ်မှူးက လက်မခံဟု သဘောထားမှတ်ချက်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်၊ သံလွင်မြစ်ပေါ်တွင် အကောင်အထည်ဖော်လျက်ရှိသည့် မိုင်းတုံဆည်နှင့်ရေအားလျှပ်စစ်စီမံကိန်းသည် ဒေသခံများ၏ စားဝတ်နေရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သဖြင့် လက်မခံကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ၏ နယ်မြေခံတပ်မှူးက သဘောထားမှတ်ချက်ပေးကြောင်း သိရှိရသည်။

သံလွင်မြစ်ထိန်းသိမ်းရေးကွန်ရက်က မတ်လ ၂၄ ရက်နေ့တွင် မိုင်းတုံဆည် စီမံကိန်းရှိရာ ကျေးရွာတွင် International River နေ့ အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပွဲကျင်းပပြုလုပ်ရန်RCSS ထံမှ ခွင့်ပြုချက်ယူရသည့်အတွက် RCSS တပ်မှူးကိုလည်း ဖိတ်ကြားခဲ့ကြောင်း၊ အထိမ်းအမှတ်ပွဲ တက်ရောက်လာသော RCSS နယ်မြေခံတပ်မှူးက မိုင်းတုံဆည်ကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို မသိရှိဘဲ ဆိုးကျိုးများရှိနေသည်ဆိုပါက မည်မျှပင် အကျိုးမြတ်ရှိပါစေ လက်မခံဟု ပြောဆိုခဲ့ကြောင်း သံလွင်မြစ် ထိန်းသိမ်းရေးကွန်ရက်မှ ဦးအေပရာယ်ကြူကြူက ပြောသည်။

“RCSS တပ်မှူးနဲ့ စကားပြောကြည့်တယ်။ သူတို့ကိုယ်တိုင် ဒီလို ဆိုးကျိုးတွေရှိနေတယ်ဆိုတာ သူတို့ မသိပါဘူး။ ဆိုးကျိုးတွေရှိနေရင် ဘယ်လောက်ပဲအကျိုးအမြတ်ရှိရှိ တန်ဖိုးထားမှုတွေက ခိုင်ခိုင်မာမာရှိရှိ လက်မခံဘူး။ မတ်လ ၂၄ ရက်မှာ International River လုပ်ပါတယ်။ NCA ထိုးပြီး သူတို့ ထိန်းချုပ်ထားတဲ့RCSS နယ်မြေမှာ International River Campaign လုပ်ခွင့်ရပါတယ်။ RCSS က နယ်မြေခံ တပ်မှူးကိုယ်တိုင်က သဘောထားကြေညာချက်ပေးတာက နယ်မြေထဲမှာ သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်စွာစေတာမျိုး၊ သူတို့ကာကွယ်ပေးထားတဲ့ လူမျိုးတွေရဲ့ စားဝတ်နေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်တာမျိုးကို လုံး၀ လက်မခံပါဘူးဆိုပြီး RCSS နယ်မြေခံ တပ်မှူးက သဘောထားကြေညာချက်ပြောခဲ့တာရှိပါတယ်” ဟု ဦးအေပရာယ်ကြူကြူကပြောသည်။

မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀၀၀ ကျော် ထုတ်လုပ်မည်ဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံးသော ရေအားလျှပ်စစ်စီမံကိန်းဖြစ်ကာ ဆည်ဆောက်လုပ်ပါက ရေအောက်သို့ ရောက်ရှိမည့် မြေဧရိယာပမာဏသည် စင်ကာပူနိုင်ငံ အကျယ်အဝန်း မြေဧရိယာဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ထိခိုက်မှုများမည်ဖြစ်ကြောင်း ဦးအေပရာယ်ကြူကြူက ပြောသည်။

မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်အစိုးရပိုင် China Three Gorge ကော်ပိုရေးရှင်း၊ ထိုင်းကုမ္ဗဏီများနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရရှိသည့် လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံက ရရှိမည်ဖြစ်ကာ မြန်မာနိုင်ငံက ၁၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။

မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts