All News Local News

ကျောက်တန်းမြို့တွင် ရောက်ရှိနေသည့် လှေစီးဒုက္ခသည် ၁၀၆ ဦးအတွက် ပရဟိတ လှူဒါန်းမှုများ လုံခြုံရေးအကြောင်းပြ၍ အာဏာပိုင်များ ပိတ်ပင်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်မှာ ယမန်နေ့က ရောက်ရှိနေတဲ့ လှေစီးဒုက္ခသည် ၁၀၆ ဦးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီး နဲ့ ပုဂ္ဂလိက အလှူရှင်တွေ သွားရောက်ပြီး အစားအသောက်၊ အသုံးအဆောင်တွေ လှူဒါန်းခဲ့ပေမယ့်လည် း အာဏာပိုင်တွေက လုံခြုံရေးအကြောင်းပြ ပိတ်ပင်ခဲ့တယ်လို့ သိရှိရပါတယ်။

ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်းခန်းမမှာ နေရာချထားပေးပြီး စိစစ်မှုတွေ လုပ်ဆောင်နေတဲ့ လှေစီးဒုက္ခသည် ၁၀၆ ဦးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးက အစားအသောက်၊ ခြင်ေ်ထာင်အပါအဝင် အသုံးအဆောင်တွေ စုစုပေါင်း ၁၇ သိန်းနီးပါး တန်ဖိုးရှိ အကူအညီတွေ ဒီနေ့ သွားရောက်လှူဒါန်းခဲ့ပေမယ့် ကျောက်တန်းမြို့နယ် အာဏာပိုင်တွေက အလှူပစ္စည်းတွေ လုံး၀ လက်မခံဘူးဆိုပြီး ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

“အဖွဲ့ကိုယ်စား သွားပါဆိုလို့ ။ အစိုးရနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲ ရှေ့ပြေးလွှတ်တာပါ။ အဲဒါကြောင့်သွားတာပါ။အစားအသောက်တွေရယ်။ ခြင်ထောင်၊ ခေါင်းအုံး၊ စီစဉ်ထားပြီး လက်မခံပါဘူးတဲ့ ။ သူတို့ လက်မခံပါဘူးတဲ့။ အကုန်အပြည့်အစုံဖြစ်နေပါပြီတဲ့။ လက်ခံလို့မရပါဘူးတဲ့ပြောတယ်။ သူတို့လက်မခံတော့ ပြန်ယူလာပြီး မိဘမဲ့ ကလေးကျောင်းတစ်ကျောင်းကို လှူခဲ့တယ်။ အစားအသောက်တွေရော၊ မုန့်တွေရော ၊ ၁၇ သိန်းဖိုး လောက်ရှိတယ်။ လုံခြုံရေးအကြောင်းပြပြီး ငြင်းပယ်တာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးရဲ့ ဗဟိုကော်မတီဝင် ဦးဇော်မင်းလတ်က ပြောပါတယ်။

အလားတူပါပဲ ပုဂ္ဂလိက အလှူရှင်တွေဖြစ်တဲ့ ဦးထိန်လင်းတို့အဖွဲ့ဟာလည်း ဒီနေ့ ကျောက်တန်းကိုသွားရောက်ပြီး အချိုရည်နဲ့ မုန့်မျိုးုစုံသွားရောက်လှူဒါန်းပေမယ့်လည်း အာဏာပိုင်ဘက်က လက်မခံခဲ့ပါဘူး။

“ကျနော်တို့က ပိုကာရီဆွတ်လို အချိုရည်တွေနဲ့ မုန့်တွေ သွားလှူတာပဲ။ ဒါပေမယ့်လည်း အကုန်အပြည့်အစုံ စီစဉ်ထားတယ်တော့ ပြောတယ်။ ကျနော်တို့ အပြင်မှာပဲ ပုံထားခဲ့တယ်” လို့ ဦးထိန်လင်းက ပြောပါတယ်။

ဦးဇော်မင်းလတ်ကတော့ လှေစီးဒုက္ခသည်တွေကို အာဏာပိုင်တွေဘက်က ကောင်းမွန်စွာ လက်ခံ စောင့်ရှောက်ထားတာမြင်ခဲ့ရကြောင်း၊ ပြင်ပက အလူှရှင်တွေကို လက်မခံတာ မပြောလိုပေမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်အဖွဲ့ ကိုယ်စား လာရောက်လှူဒါန်းမှု ကို ငြင်းပယ်တာကိုတော့ စိတ်မကောင်းဘူးလို့ပြောပါတယ်။

“အခုကျနော်တို့ နိုင်ငံသိက္ခာကို ကျနော်တို့ဆယ်ရမယ်။ ဒီလူတွေကို ကောင်းကောင်းမွန်မွန်ထားတယ်။ သေသေချာချာလေး စောင်ေ့ရှာက်နေတယ်ဆိုတာပြရမယ့်အချိန်ပါ။ အဲဒီအတွက်တော့ စိတ်မကောင်းပါဘူး” လို့ ဦးဇော်မင်းလတ်က ဆိုပါတယ်။

လှေစီးဒုက္ခသည် ၁၀၆ ဦးဟာ ၂၃ ရက်ကြာ ပင်လယ်ပြင်မှာ မျောနေရင်းနဲ့ ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts