All News Local News

ကရင်ပြည်နယ်၊ မြဝတီမြို့ အဝင်၊ အထွက် ည ၈ နာရီမှ နံနက် ၆ နာရီ အထိ အကန့်အသတ်မရှိ စတင်ပိတ်၊ မငြိမ်းချမ်းခင်ကာလ အခြေအနေပုံစံပြန်ဖြစ်ဟု ဒေသခံတချို့ပြော

ရန်ကုန်၊ နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ မြဝတီမြို့ အဝင်၊ အထွက် ဂိတ်ကို ည ၈ နာရီမှ နံနက် ၆ နာရီအထိ နိုဝင်ဘာလ ၆ ရက်နေ့က စတင်ပိတ်ပင်လိုက်ကြောင်း ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က လက်မှတ်ရေးထိုး၍ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို စာပေးပို့ အကြောင်းကြားထားကြောင်း သိရှိရသည်။

ည ၈ နာရီမှ နံနက် ၇ နာရီ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှုကို အထက်ရုံးနှင့် ညှိနှိုင်းနေစဉ်ကာလအတွင်း ခေတ္တပိတ်ထားမည်ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင်နှင့် နယ်ခြားစောင့်တပ်များအနေဖြင့် ဖြတ်သန်းသွားလာမှုမရှိစေရေး အသိပေးနှိုးဆော်ရန်နှင့် မဖြစ်မနေ ဖြတ်သန်းသွားလာပါက သက်ဆိုင်ရာသို့ အသိပေး တင်ပြပြီး ခွင့်ပြုချက်ရရှိမှ ဖြတ်သန်းသွားလာရန် အကြောင်းကြားပါကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်နိုင်ထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ မြဝတီမြို့ အဝင်၊ အထွက် ပိတ်ပင်မှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ငြင်းဆိုခြင်းမပြုဘဲ နောက်မှ ပြန်ဆက်ပါ ဟု ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။

မြဝတီမြို့ခံတစ်ဦးက မြဝတီမြို့ အဝင်အထွက် ညပိုင်းအချိန်ပိတ်ပင်မှုသည် မငြိမ်းချမ်းစဉ် တိုက်ပွဲများဖြစ်နေစဉ်ကာလကဲ့သို့ ဖြစ်နေကြောင်း၊ မငြိမ်းချမ်းစဉ်ကာလ ည ၇ နာရီကျော်လျှင် မြဝတီ၊ ကော့ကရိတ်၊ ဘားအံသို့ သွားလာမရဘဲ တံတားများ ပိတ်ပင်ခြင်း၊ ကားများ သွားလာခွင့်မပြုခြင်းတို့ကြောင့် အခက်အခဲများရှိခဲ့ကြောင်း ပြောဆိုသည်။

“အဲဒီလို ပိတ်တာက ဟိုတုန်းကလိုများ ပြန်ဖြစ်တာလားလို့ ထင်မိတယ်။ ဟိုတုန်းက ညနေ ၆ နာရီကျော်တာနဲ့ ရောက်တဲ့နေရာကနေ အနီးဆုံးတည်းခိုခန်းသွားပြီး ဧည့်စာရင်းတိုင် ဝင်နားရတာ။ ညပိုင်း မြဝတီ၊ ကော့ကရိတ်၊ ဘားအံ ဘယ်မှသွားမရဘူး။ တံတားတွေလည်း အကုန်ပိတ်ထားတာ ညဘက်ဆိုရင်။ မနက် ၆ နာရီလောက်မှ ပြန်ဖွင့်တာ။ အခုလည်း မြဝတီမြို့ အဝင်အထွက် ပိတ်တာက ငြိမ်းချမ်းရေးများ အခြေအနေမကောင်းလို့လား၊ တိုက်ပွဲတွေ ပြန်ဖြစ်တော့မလို့လား ဆိုပြီး တွေးမိတယ်။ စိုးရိမ်မိတယ်။ အရင်လိုကြီး ပြန်မဖြစ်ချင်တော့ဘူး” ဟု မြဝတီဒေသခံလည်းဖြစ်၊ မြဝတီ-ကော့ကရိတ် ကားပြေးဆွဲနေသည့် ကားဆရာ ဦးကျော်စိန်က ဆိုသည်။

လတ်တလော KNU က ငြိမ်းချမ်းရေးဆွေးနွေးပွဲများအားလုံးတွင် ပါဝင်မှု ယာယီ ရပ်ဆိုင်ထားမည်ဖြစ်ကြောင်း အစိုးရထံသို့ အကြောင်းကြားပြီး ဆက်လက်ပါဝင်ရေး၊ မပါဝင်ရေး အရေးပေါ် အစည်းအဝေးများ ကျင်းပလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com