All News Local News

ကယားပြည်နယ်အစိုးရက သတင်းစာထုတ်ဝေမှု လွတ်လပ်တဲ့ ပုဂ္ဂလိကမီဒီယာတွေကို ဖြိုဖို့လား

ကယားပြည်နယ်အစိုးရက ဒီဇင်ဘာလ ၁ ရက်နေ့စတင်ပြီး ကယားတိုင်းမ်ဂျာနယ်စတင် ထုတ်ဝေတော့မယ်လို့ ကြေညာလိုက်တာမို့ ပုဂ္ဂလိကမီဒီယာတွေ မလိုတော့ဘူးလား၊ ပုဂ္ဂလိက မီဒီယာတွေကို ယှဉ်ပြိုင်ဖြိုဖို့လား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်ဖောင်ရှိုးက နာယက၊ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ဥက္ကဋ္ဌ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ဒုတိယဥက္ကဋ္ဌ အပါအဝင် ပြည်နယ်အရာရှိကြီးတွေက ဂျာနယ်ကိုဦးစီးတဲ့အဖွဲ့အဖြစ် ဆောင်ရွက်ပါတယ်။

အယ်ဒီတာအဖွဲ့မှာတော့ အယ်ဒီတာချုပ်က မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးရာဇာဝင်းက ဆောင်ရွက်ပြီး အမှုဆောင်အယ်ဒီတာတွေကလည်း ပြည်နယ်အရာရှိတွေဖြစ်ပါတယ်။ အယ်ဒီတာအဖွဲ့ကလည်း ပြည်နယ်အရာထမ်းတွေဖြစ်ပါတယ်။

တစ်လ နှစ်ကြိမ် ထုတ်ဝေမယ့် ကယားတိုင်းမ်ဂျာနယ်မှာ ကြော်ငြာတွေ ထည့်သွင်းနိုင်ကြောင်း ကြေညာမှုခေါ်ယူနေပါတယ်။ ပြည်သူ့ငွေနဲ့ စီးပွားရေးကြော်ငြာတွေခေါ်ယူပြီး အစိုးရက ဂျာနယ်ထုတ်ဝေတာဟာ ပုဂ္ဂလိကမီဒီယာတွေ မလေးစားတာဖြစ်ကြောင်း မီဒီယာအသိုင်းအဝိုင်းက ဝေဖန်ပါတယ်။

ဝါရင့်သတင်းစာရာ ဦးသီဟသွေးကတော့ “ပြောစရာ နံပါတ် ၁ က အားနေလို့လား။ ဂျာနယ်ထုတ်တယ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးနဲ့၊ ဂျာနယ်ထုတ်မယ့်အလုပ်က တကယ်ဂျာနယ်ကို ရိုးရိုးသားသား လုပ်မယ်ဆိုရင် စိတ်ရောလူရော ငဲ့ရတာ။ ဝန်ကြီးချုပ်အနေနဲ့ ဂျာနယ်ထုတ်ရလောက်အောင် အားနေလို့ဆိုတော့ အဲ့ပြည်နယ်က အခြေအနေမကောင်းဘူးပဲ။ အဲဒီကလူတွေရဲ့ ဘဝနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ရွေးကောက်ပွဲကတိကဝတ်တို့ ဖြည့်ဆည်းနိုင်ဖို့က အင်မတန်စိုးရိမ်ဖွယ်ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ရွေးကောက်ပွဲ ကတိကဝတ်တွေ တပုံတပင်ကြီးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ့် အစိုးရတစ်ရပ်အနေနဲ့ သူတို့မှာက ငြိမ်းချမ်းရေးပြဿနာရှိတယ်။ ရိုးရိုး ရန်ကုန်လို မဟုတ်တာ ကယားပြည်နယ်မှာဆိုရင် အာရုံစိုက်စရာက ဒီပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးတစ်ခုတည်း မဟုတ်ဘူး။ ငြိမ်းချမ်းရေးပြဿနာတွေပါရှိတယ်။ သူတို့နယ်စပ်နဲ့ထိတွေ့နေတဲ့အတွက် နယ်ခြားနဲ့ပတ်သက်တာတွေအများကြီးရှိတယ်” ဟု ပြောသည်။

ဆက်လက်၍ “လုပ်စရာတွေအများကြီး တပုံတပင်ရှိရတာနဲ့ ဂျာနယ်လုပ်ရလောက်အောင် အားနေတဲ့ ဒီအစိုးရက ပြည်နယ်သူပြည်နယ်သားတွေအတွက်ကော၊ တိုင်းပြည်အတွက် ဒါဟာ မကောင်းတဲ့ အလားအလာပဲ။ နောက် အစိုးရတစ်ရပ်အနေနဲ့ မီဒီယာကိုပဲ ကိုယ်ဟာကိုယ် စဉ်းစားတယ်ဆိုတာက ဒီမိုကရေစီနဲ့ ဆန့်ကျင်တယ်၊ ဒီမိုကရေစီအတွေးအခေါ် အယူအဆမဟုတ်ဘူး။ မီဒီယာက Check & Blance လုပ်စရာမလိုဘူး။ ငါတို့ဘာသာလုပ်မယ်ကွာ။ ငါတို့ဘာသာ အားကိုးမယ်ဆိုတဲ့ အရင်တုန်းက ဆိုရှယ်လစ်ခေတ်တုန်းကလိုမျိုး မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ ကိုင်စွဲလာတဲ့ သဘောလို့ ပြောရမှာပေါ့” ဟု ဦးသီဟသွေးက ဆိုသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ၏ ဒါရိုက်တာ ဦးတိုးဇော်တလတ်ကမူ ပြည်နယ်အစိုးရက ထုတ်ဝေသော ဂျာနယ်သည် ဝါဒဖြန့်သတင်းမီဒီယာသာဖြစ်နိုင်ပြီး လွတ်လပ်သော မီဒီယာတစ်ခု ဖြစ်မလာနိုင်ဟုဆိုသည်။

“အစိုးရမီဒီယာ အခန်းကဏ္ဍလျှော့ချ ဟုတ်တယ် မဟုတ်လား၊ ဘာလို့ထပ်ပြီးတော့ ပြည်နယ်အစိုးရတွေရဲ့ မီဒီယာတွေ ထပ်လိုလို့လားပေါ့နော်။ ရှိတဲ့ နိုင်ငံတော်မီဒီယာအခန်းကဏ္ဍ အစိုးရမီဒီယာကဏ္ဍ ပိုပြီးတော့ လျှော့ချပြီး ပုဂ္ဂလိက ကဏ္ဍကို တိုးအောင်လုပ်နေတဲ့အချိန်မှာလေ ငါထင်တာတော့က မလိုအပ်ဘူးလေ။ သူတို့မှာ space တွေကရှိပြီးသားကွာ။ အစိုးရဆိုတော့ သူတို့အတွက် main strean ကာဗာလုပ်မှာပဲ ဟုတ်တယ်မဟုတ်လား။ အဓိက မြန်မာပြည်မှာ အစိုးရနဲ့ တပ်ကရှိပြီးသားလေ။ အဲ့တော့ တကယ်လိုအပ်တာ independent media လေ။ ဘယ်လိုလုပ် မင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်က ထိပ်ဆုံးမှာနာမည်တပ်ထားတဲ့ဟာ ဘယ်လိုလုပ် independent media ဖြစ်မှာလဲ။ မုန်းတယ်ဆိုတာထက် သူတို့ interest မလိုက်ဘူးလို့ထင်လို့ ကိုယ့် interest ကိုယ့်ဘာသာလုပ်မှာပေါ့နော်။ အဲ့တော့ ကြံခိုင်ရေးပါတီက ပြည်ထောင်စုနေ့စဉ်သတင်းစားထုတ်သလို propaganda ထွက်လာမှာပေါ့။ အဲ့တော့ တိုင်းပြည်အတွက်ကတော့ ဒီဥစ္စာဘာမှမဖြစ်ဘူး။ ပြည်သူအတွက် ရည်ရွယ်ပြီးလုပ်တဲ့အတွက် တိုင်းပြည်အနေနဲ့ပြောရင် အဲ့အတွက် ဘာမှမဖြစ်ဘူး၊ ဘာမှလည်းအသုံးမဝင်ဘူး waste of money ပဲလေ” လို့ ဦးတိုးဇော်လတ်သုံးသပ်ပြောဆိုပါတယ်။

ကယားပြည်နယ်အစိုးရအနေနဲ့ ကိုယ်တိုင် ဂျာနယ်ထုတ်မယ့်အစား ကယားအခြေစိုက် ပုဂ္ဂလိက သတင်းမီဓီယာတွေကို ကူညီခြင်းနဲ့ အသက်ငင်နေတဲ့ ပုဂ္ဂလိမီဒီယာတွေကို ရှင်သန်ကြီးထွားအောင် အားပေးသင့်တယ်လို့ ဦးတိုးဇော်လတ်က ဆက်ပြောပါတယ်။

“တကယ်တမ်း ဥပမာ ကယားဆိုပြည်နယ်ဆိုပြည်နယ်ကွာ ကယားမှာရှိတဲ့ Independent ကန္တရဝတီတိုက်ဆိုရင် သေတော့မယ်။ ကယားအစိုးရက ကိုယ်တိုင် ဂျာနယ်ထုတ်မယ့်အစား လွတ်လပ်တဲ့ မီဒီယာတွေကို အဲ့ကိုထောက်ပံ့ရင် ပိုအကျိုးရှိမယ်။ သူတို့လည်း ဖုတ်လိုက်ဖုတ်လိုက်ပဲ အခြေအနေမကောင်းဘူး။ ကိုယ့်ဟာကိုယ်အသစ်ထောင်မယ့်အစား ရှိနေတာကို ထောက်ပံ့တာက ပြည်သူအတွက် ပိုအကျိုးရှိလိမ့်မယ်ထင်တယ်။ သူတို့က မီဒီယာအခန်းကဏ္ဍကိုနားမလည်တာ။ မီဒီယာနဲ့ Propaganda ကို ခွဲလိုက်လေ။ စလာကတည်းက မီဒီယာကိုနာမည်အခံနဲ့လေ Propaganda အစိုးရအာဘော်ကို ထင်မှတ်သော ဟို မြန်မာအလင်းတို့ ကြေးမုံတို့နဲ့တူတူပဲ ဟုတ်တယ်မဟုတ်လား။ သူသည် မီဒီယာမဟုတ်တော့ဘူး propaganda ဖြစ်တယ်၊ ပါတီရဲ့ကောင်းရာကောင်းကြောင်းတွေပြောမယ်၊ ပါတီအောင်နိုင်ရေးအတွက်လုပ်ပေးမယ်၊ ဒါသည် propaganda လုပ်နေတာပဲလ ဟုတ်တယ်မဟုတ်လား။ မီဒီယာဆိုတာ ကောင်းတာတွေချည်းပဲရေးနေမှာမဟုတ်ဘူးလေ။” လို့ ဦးတိုးဇော်လတ်က ပြောဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com