Local News political news

YBS နှင့်ကျောင်းကားအတွက် ငွေကျပ် ၁၃ ဒသမ ၅ ဘီလီယံ ကမ္ဘောဇနှင့်ဧရာဝတီဘဏ်မှ ချေးထားမှု ရန်ကုန်အစိုးရ မရှင်းပြလျှင် တိုင်းလွှတ်တော်က တိုက်ရိုက်ခေါ်မေးကြားနာစစ်ဆေးခွင့်ရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရက YBS နှင့် ကျောင်းကားအတွက် ငွေကျပ် ၁၃ ဒသမ ၅ ဘီလီယံ ကမ္ဘောဇဘဏ်နှင့် ဧရာဝတီဘဏ်မှ ချေးယူထားမှုကို မရှင်းလင်းလျှင် တိုင်းဒေသကြီးလွှတ်တော်က လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ယင်းဘဏ်မှ တာဝန်ရှိသူများကိုခေါ်ယူ ကြားနားစစ်ဆေးခွင့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေး ကော်မတီ အတွင်းရေးမှူး လွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက YBS အတွက် ငွေကျပ် ၈ ဘီလီယံကို ဧရာဝတီဘဏ်မှလည်းကောင်း၊ ကျောင်းကား အစီး ၂၀၀ အတွက် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကို ကမ္ဘောဇဘဏ်မှ ချေးငှားခဲ့သည်ဟု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ သို့ရာတွင် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရက တစ်စုံတစ်ရာ ရှင်းလင်းခြင်းမရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်အမတ်များက လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် ရန်ကုန်တိုင်းအစိုးရကို တောင်းဆိုရန် စီစဉ်မှုများရှိနေပြီး အစိုးရက လာရောက် မရှင်းပြခဲ့လျှင် ဘဏ် ၂ ဘဏ်မှ တာဝန်ရှိသူများကို တိုက်ရိုက်ခေါ်ယူ ကြားနာစစ်ဆေးခွင့်ရှိကြောင်း ပြောဆိုသည်။

“အစိုးရဘက်က မဖြေကြားတဲ့ကိစ္စကိုဒီအတိုင်းကြီးပြီးသွားလို့တော့မရဘူး။ တစ်ခုခုတော့ လုပ်ရမယ်။ အခြားကော်မတီအသံတွေလည်းနားထောင်ရဦးမယ်။ ဒါတွေက YRTA ကျောင်းကားတို့ကို ကမ္ဘောဇဘဏ်တို့ ဧရာဝတီဘဏ်တို့ကို ကြားနားဖို့ ခေါ်လို့ရတယ်။ သူတို့ဘာမှ စီစဉ်မှု ဘာမှ မပေးဘူးဆိုရင် လွှတ်တော်ဥက္ကဋ္ဌ ကနေ ကမ္ဘောဇဘဏ်တို့၊ ဧရာဝတီဘဏ်တို့ကို ဘယ်လိုသဘောတူညီချက်နဲ့ ဒါတွေ ချေးရသလဲဆိုတာ မေးတော့မှာပေါ့ဗျာ။ ဒါ နောက်ဆုံးပိတ်အနေအထားပါ။ အစိုးရဘက်က ဘာမှ အကြောင်းမပြန်လို့ရှိရင် ကျနော်တို့ လွှတ်တော်မှာ အဲဒီလုပ်ပိုင်ခွင့်ပါဝါတော့ရှိတယ်။ ခေါ်လို့ရတယ်။ ကြားနာလို့ရတယ်။ ကျနော်တို့ကော်မတီက တပ်မတော်သား ကိုယ်စားလှယ်က လွဲလို့ ဆွေးနွေးတဲ့ ၂၆ ဦးမှာ ကျနော်တို့ကော်မတီက ၁၀ ဦးပါတယ်။ ရန်ကုန်တိုင်းအစီရင်ခံစာကို ဆွေးနွေးတာ။ ဘာမှလည်း မသိရတော့ဘူး။ လွှတ်တော်ဥက္ကဋ္ဌကနေတစ်ဆင့် တိုင်းအစိုးရကို မေးမယ်။ ဘာမှ အကြောင်းမပြန်ဘူးဆိုရင် တိုက်ရိုက်ခေါ်မေးမယ်”ဟု ဦးကျော်ဇေယျက ဆိုသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းအစိုးရသည် လတ်တလော ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသော ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများအတွက် အဝေဖန်ခံနေရပြီး လွှတ်တော်အမတ်ဟောင်း ဒေါက်တာဒေါ်ညိုညိုသင်းကလည်း ပြည်သူ့ငွေ ကျပ် ဘီလီယံ ၆၀ နီးပါး ဆုံးရှုံးမှု အတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts