All News interview

NLD ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာမျိုးညွှန့်ကို ပုဒ်မ ၈ စ နဲ့ တရားစွဲ တဲ့အပြင် အသေရေပျက်အောင်ရေးတယ်ဆိုတဲ့ နှစ်ဦးကို ၆၆ ဃ နဲ့ ထပ်မံတရားစွဲရတဲ့အကြောင်း အမတ်ဦးတင်အောင်ထွန်း ထပ်မံရှင်းလင်း

By ရန်ကုန်ခေတ်သစ်

မကွေးတိုင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းသည် NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်ကို ပုဒ်မ ၈ (စ) အရ တရားစွဲဆိုထားပြီး ယင်းတရားစွဲဆိုမှုအပေါ် မူတည်၍ အသရေပျက်အောင် ရေးသည်ဆိုသော အကောင့်ပိုင်ရှင် ၂ ဦးကိုလည်း ထပ်မံ၍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုလိုက်ပြန်သည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ဦးတင်အောင်ထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးတော့NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကို အမှုဖွင့်ထားတဲ့ကိစ္စ နောက်ဆုံးအခြေအနေလေး သိချင်ပါတယ်။

ဖြေ။ ။ မှန်ပါတယ်။ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာအခွင့်အရေးကာကွယ်ရေး ဥပဒေ ပုဒ်မ ၈ (စ) ကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ကျနော်က ယုံကြည်တဲ့အတွက် ပုဒ်မ ၈ က ဘာလဲဆိုတော့ ဘယ်သူမဆို တားမြစ်ချက်တွေကို ဖောက်ဖျက်တယ်ဆိုရင် ဒီဥပဒေကို ကျူးလွန်တယ်လို့ သတ်မှတ်တဲ့အတွက် ကျနော်နဲ့ပတ်သက်ပြီးတော့ ဒေါက်တာမျိုးညွန့်က ပုဒ်မ ၈(စ) ပါအချက်ကို ကျူးလွန်ဖောက်ဖျက်ထားလို့ကျနော်က ဒီဥပဒေနဲ့ အမှုဖွင့်ထားခြင်းဖြစ်ပါတယ်။

(ပုဒ်မ ၈ (စ) နိူင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ ၊မိသားစုဆိုင်ရာ ကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ။ယင်းပုဒ်မကို ချိုးဖောက်လျှင် အနည်းဆုံး ထောင်၆လကနေ ၃နှစ်အထိ ချမှတ်ရမယ့်အပြင် ဒဏ်ငွေ ၃သိန်းကနေ ၁၅သိန်းထိ ချမှတ်နိုင်ပါတယ်)

အဓိကကတော့ ကျနော် NLD ပါတီဝင်အဖြစ်နဲ့ မခံယူတော့ကြောင်းကို အကြောင်းကြားတဲ့ ၇ ရက် ၆ လ ၂၀၁၈ ရက်နေ့က ကျနော်ပေးပို့ထားတဲ့စာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ နေပြည်တော် စည်ပင်ရိပ်သာမှာ CEC အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပါတီဝင်အဖြစ်ကနေပြီးတော့ ထွက်ခွင့်တောင်းတာကို ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းကို ကျနော်တို့သိရတယ်ဗျ။ ဒါက ကျနော်တို့အတွက်ဘာမှ မဖြစ်ပါဘူး။ သို့သော်လည်း ဒီလိုမျိုး သူတို့နုတ်ထွက်ခွင့်ပေါ့ဗျာ။ ကျနော်အနေနဲ့ကတော့ ပါတီကြီးတစ်ရပ်ကို ကျနော်က ယဉ်ကျေးသိမ်မွေ့တဲ့စကားလေးကို ရှာပြီး တလေးတစားနဲ့အကြောင်းကြားပါတယ်ဆိုတဲ့စာပဲပို့ပါတယ်ဗျ။ အဲဒီစာမိတ္တူရှိပါတယ်ဗျ။ စာမှာ ပါတီဝင်အဖြစ်နဲ့ မခံယူတော့ကြောင်း အကြောင်းကြားတယ်ဆိုတဲ့ လိုရင်းရည်ရွယ်ချက်တစ်ခုရယ်။ အဲဒီစာရဲ့ အပေါ်မှာ စာပိုဒ်လေးတစ်ပိုဒ်ထည့်ပါတယ်။ ကျနော် ၂၀၁၂ ခုနှစ်တုန်းက တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တုန်းကတစ်ကြိမ် ပါတီဝင်လျှောက်လွှာ လေ ျှာက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ ပါတီဝင်အဖြစ်နဲ့ သတ်မှတ်ထားတဲ့ နံပါတ်၊ ပါတီဝင်ကတ်(ကွင်းစ ကွင်းပိတ်နဲ့ စက္ကူကတ်၊ Smart ကတ်ပေါ့) ဒါကလည်း ပါတီက ထုတ်ပေးနေတယ်ဆိုတာကြောင့် ကျနော့်ကို ပါတီဝင်ကတ်တို့ ပါတီဝင်နံပါတ်တို့ ထုတ်ပေး အသိအမှတ်ပြုထားတာ ယနေ့အချိန်အထိ တစ်စုံတစ်ရာမရှိသေးပါဘူးဆိုတဲ့ အပိုဒ်တစ်ပိုဒ်ကို ထည့်ထားခဲ့ပါတယ်။ အောက်အပိုဒ်မှာ ကျနော်ရဲ့ ဆိုလိုရင်းဖြစ်တဲ့ ယနေ့ကစပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ်နဲ့ မခံယူတော့ပါကြောင်းအကြောင်းကြားပါသည်။ လေးစားစွာ အကြောင်းကြားပါသည်ဆိုတာပဲ ပို့တာပါ။ သို့သော်လည်း ပါတီဝင်အဖြစ်နဲ့ ခွင့်မပြုတဲ့အကြောင်းပြောတဲ့အထဲမှာ သူက သတင်းမီဒီယာတွေကို ဖြေကြားတဲ့အခါမှာ ကျနော်က NLDပါတီကို ၂ သိန်းခွဲ အလှူငွေထည့်ရတာကို မကျေနပ်လို့၊ ပြီးတဲ့အခါကျတော့ တင်းကျပ်တဲ့ပါတီစည်းကမ်းတွေကို မလိုက်နာနိုင်လို့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်တောင်းသွားတယ်လို့ သူဒီလိုပြောပါတယ်။ နောက်တစ်ခုက ဂျာနယ်တစ်စောင်မှာကျတော့ ဘာပြောထားလဲဆိုတော့ ကျနော်နုတ်ထွက်စာတင်တဲ့ စာထဲမှာကို ပါပါတယ်ပေါ့။ ၂ သိန်းခွဲကို မလှူနိုင်ဘူး။ တင်းကျပ်တဲ့ ပါတီစည်းကမ်းတွေ မလိုက်နာနိုင်ဘူးဆိုတာ။ ကျနော်ကိုယ်တိုင်ကိုက စာရေးတဲ့အထဲမှာ ပါပါတယ်လို့ သူက ဒီလို သတင်းသမားတွေကို ပြောပါတယ်။ အဲဒါဖြစ်လာတဲ့အခါကျတော့ လုံးဝမဟုတ်တဲ့ ကိစ္စနဲ့ ဒီလိုအကြောင်းပြပြီး ပြောလိုက်တဲ့အခါကျတော့ ကျနော်သည် နိုင်ငံရေးကို ဆက်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျေနာ်ရဲ့ ဂုဏ်သိက္ခာကို အင်မတန်ထိခိုက်ပါတယ်။ ကျေနာ့်မဲဆန္ဒနယ်က ပြည်သူလူထုရယ်၊ ကျနော့်ကို ကြည်ညိုလေးစားတဲ့ မြို့သူမြို့သားတွေရယ် ပါတီဝင်တွေရယ် အများစုက သူတို့ကိုလည်း အပြစ်ပြောလို့မရဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာမျိုးညွှန့်က NLD ပါတီရဲ့ ပြောရေးရှိခွင့်ရှိသူလို့ တာဝန်ခန့်အပ်ထားတဲ့ အခါကျတော့ သူပြောတာ အမှန်လို့ပဲ ယုံကြည်တာပေါ့။ ယုံလည်း ယုံကြည်ရမယ့်အနေအထားဖြစ်တာပေါ့။ ဒါပေမယ့် တကယ့် ပကတိမှာကျတော့ အဲသလို မဟုတ်တဲ့အခါ ပါတီက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ ပြောတယ်ဆိုတဲ့ စကားကြောင့် ပါတီဝင်တွေ၊ မဲဆန္ဒနယ်ရှင်ပြည်သူတွေ သူတို့ယုံကြည်တဲ့အပေါ်မှာ ကျနော့်အပေါ်မှာ ဒီလိုဆိုလို့ရှိရင် ဒီကိုယ်စားလှယ်က ဘယ်ကောင်းတော့မလဲဆိုတဲ့ အမြင်မျိုးတွေ ဖြစ်ပြီးတော့ ကျနော့်အပေါ်မှာ ဆက်ဆံမှုမပြုတော့တာတို့ ပုံစံပြောင်းသွားတာတို့၊ နောက်ဆုံး ကျနော်နဲ့ အတူ လက်တွဲလုပ်နေတဲ့ ကျနော့်ရဲ့ကိုယ်စားလှယ်လုပ်ငန်းတွေ လုပ်နေတဲ့ ပါတီဝင်တွေကိုယ်တိုင် ကျနော့်ကို ရှောင်ကြပြီ။ ရှောင်ကြပြီဆိုတာက သူတို့ကလည်း ဒီလိုဆိုရင် ပါတီအပေါ်မှာ မကောင်းဘူးပေါ့။ ဒီလိုမျိုးအကြောင်းကြောင့် မထွက်သင့်ဘူးဆိုတာမျိုးတွေ ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တော့ ဒီကိစ္စက ကျနော့်ရဲ့ဘဝတစ်လေ ျှာက်လုံးအတွက် အရိပ်မည်းတစ်ခု ရောက်အောင် ဟုတ်နေရင်တော့ ဘာမှ ပြောစရာမလိုဘူးပေါ့ဗျာ။ သို့သော်မဟုတ်တာကြီးနဲ့ လာပြီးတော့ အဲလိုပြောပြီးတော့ ပြောရေးဆိုခွင့်ရှိတဲ့သူက ပြောလိုက်တဲ့အတွက် ကျနော်စဉ်းစားပါတယ်။ ဒါဘာလုပ်မလဲပေါ့။ စဉ်းစားပြီးတော့ ၁ လကြာတဲ့အချိန်ပေါ့။ ၂၃ ရက် ၁၀ လ ၂၀၁၈ ရက်နေ့ကျတော့ ဒေါက်တာမျိုးညွှန့်ကို ဒီဥပဒေနဲ့ ရဲစခန်းမှာ အမှုဖွင့်တာပါ။ ဒီလိုမှမဖွင့်ဘူးဆိုရင်လည်း ကျနော်က ဒီအတိုင်းပဲငြိမ်နေရင် ဒါက မှန်လို့ ဟုတ်လို့ပဲလားဆိုပြီး ပြည်သူလူထုကော နိုင်ငံရေးပါတီရော အခုအချိန်မှာ ကျနော်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် ဒီလိုပဲ မြင်တဲ့အမြင်မျိုးနဲ့ တောက်လေ ျှာက်ကြီးအမြင်မခံနိုင်ဘူး။ ကျနော့်အတွက် အင်မတန်နစ်နာဆုံးရှုံးမှုဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့်မို့လို့ အမှုဖွင့်ခဲ့တာပါ။

မေး။ ။ နောက်ဆုံအမှုးအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်က မင်းဘူးရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်ပါတယ်ဗျ။ အမှုအခြေအနေက ရဲတပ်ဖွဲ့စခန်းက တရားစွဲအဖွဲ့အစည်းဖြစ်တဲ့စခန်းက သူတို့လုပ်ရမယ့် တာဝန်ဝတ္တရားကိုတော့ ဆောင်ရွက်မှာပေါ့။

မေး။ ။ သူတို့ပြောသလို ၂ သိန်းခွဲပေးရလို့ ပါတီတင်းကျပ်တဲ့ စည်းကမ်းတွေကြောင့် မဟုတ်ရင် ဘာကြောင့် ပါတီဝင်အဖြစ် ခံယူမှုကနေ ရပ်ဆိုင်းလိုက်တာပဲ။ ဘာကြောင့်ပါတီကနေ နုတ်ထွက်ဖို့ ဖြစ်လာရတာလဲ။

ဖြေ။ ။ အဲဒါတွေ ပြောစရာတွေအများကြီးရှိပါတယ်။ ဒါလေးနဲ့ပတ်သက်ပြီး အချိန်လေးကျလာပြီဆိုရင် ကျနော်ပြောပါ့မယ်။ ပြောရမယ့်အချိန်လေးနဲ့ ရှင်းရှင်းလေးဖြစ်သွားတဲ့အချိန်ကျရင် ကျနော်ပြောမှာပါ။ ကျနော့်မှာ ပြောစရာအကြောင်းတွေရှိပါတယ်။ အဲဒါတွေက အခုလောက်ကလေးနဲ့တော့ မလုံလောက်ပါဘူးဗျ။

မေး။ ။ ဒေါက်တာမျိုးညွှန့်ကို အမှုဖွင့်တရားစွဲတဲ့အပေါ်မှာ လူမှုကွန်ရက်နေ ဝေဖန်တဲ့ နှစ်ဦးကို ပုဒ်မ ၆၆ ဃနဲ့ အမှုဖွင့်တယ်လို့လည်းသိရပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဲဒါက ဒီလိုပါ။ မှန်ပါတယ်။ ဆက်သွယေ်ရးဥပဒေနဲ့ အမှုဖွင့်တာဟုတ်ပါတယ်။ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီးတော့ ကျနော်တစ်ချက်လေးတော့ Request လေးတော့လုပ်ချင်ပါတယ်။ သတင်းတော်တော်များများ တွေ့ရတဲ့အခါမှာ ဒေါက်တာမျိုးညွှန့်ကို တရားစွဲလို့ ဝေဖန်တဲ့သူတွေအပေါ်မှာ တရားစွဲတယ် အမှုဖွင့်တယ်ဆိုပြီး သတင်းခေါင်းစဉ်တွေ အဲလိုတပ်နေကြတယ်။ ကျနော် ဝေဖန်တဲ့သူတွေကို တရားစွဲတာမဟုတ်ဘူး။ အမှုဖွင့်တာမဟုတ်ဘူးဗျ။ သူတို့က ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ပြီးတော့ ကျနော့်ရဲ့သိက္ခာ အသရေကို ထိခိုက်အောင် ပို့စ်တင်တဲ့အတွက် Comment ရေးတဲ့အတွက် ကျနော်ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်တိုင်ကြားတာပါ။ အခု သတင်းတော်တော်များများမှာ ဒေါက်တာမျိုးညွန့်ကို တရားစွဲတာကို ဝေဖန်တဲ့သူတွေကို အမှုထပ်ဖွင့်ဆိုတော့ ဆောင်ရွက်ချက်ကို ဝေဖန်တာကို ထပ်ပြီး အမှုဖွင့်ပြီးတော့ အဝေဖန်မခံတဲ့သဘောကြီးဖြစ်နေတယ်။ အဲဒါလည်း ရေးတဲ့သတင်းမီဒီယာတွေနည်းနည်းလေး ကျနော့်ကို မေးတဲ့အခါမှာလည်း ဝေဖန်လို့ စွဲတယ်လို့မဖြေပါဘူး။ သို့သော်လည်းသတင်းခေါင်းစဉ်က တော်တော်များများက အဲလိုရေးတော့ ကျနော့်အပေါ်မှာ တစ်မျိုးဖြစ်စေတယ်လို့ မြင်ပါတယ်။ အဲဒါလေး အဖြစ်မှန်လေးကို ရှင်းပြတာကို ထည့်ပေးပါဦး။ အထင်အမြင်တွေမလွဲစေချင်ပါဘူး။ ကိုယ်ပြောတဲ့စကားကြောင့် တစ်ဦးတစ်ယောက်ထိခိုက်မှာ။ တကယ်တော့ ပါတီက သက်မဲ့ကြီးပါ။ ပါတီထဲမှာပါတဲ့ လူတွေက အဓိကပါ။ ထိခိုက်သွားမှာကို ကျနော် ဆင်ခြင်ပါတယ်။. စိုးရိမ်စိတ်လည်းရှိပါတယ်။ ပြည်သူလူထုက ဒီပါတီကို အမြင်တစ်မျိုးဖြစ်သွားမှာစိုးလို့ ကျနော်ရဲ့ ဆောင်ရွက်ချက်ကြောင့် မဖြစ်စေချင်လို့ပါ။

ကျနော်က ဒေါက်တာမျိုးညွှန့်ကို တရားစွဲခြင်းနဲ့ပတ်သက်ပြီးတော့ Nan Da ဆိုတဲ့ အကောင့်ပိုင်ရှင်ရယ်။ နောက်တစ်ခါ အဓိက Nan Da အကောင့်ပိုင်ရှင်က ဘာရေးလဲဆိုတော့ ဘာတင်လဲဆိုတော့ NLD CEC ဒေါက်တာမျိုးညွှန့်ကို တရားစွဲတယ်ဆိုတော့ ပြုံးမိတယ်ဆိုပြီး တင်ပါတယ်။ ဒါက ကျနော့်အတွက် ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ၆ မိနစ်အကြာမှာ သူက ထပ်ြ့ပီးတော့တင်တယ်။ အခုက ဖျက်သွားပြီဆိုတော့ လူတွေက မသိတော့ဘူး။ သူတင်တာက တရားစွဲတဲ့ တပြားတန်ကောင် သိဖို့ မှတ်ဖို့ နောင်ဘဝအထိအောင် မှတ်သွားဖို့ဆိုပြီး ပို့စ်တင်ပါတယ်။ အဲဒီမှာ Comment တွေမှာ Like လုပ်ကြ ရှယ်ကြတယ်။ အဲဒီဟာကို Like လုပ်ပြီးတော့ ၆၆ ဃ ပူးတွဲ ပါရမယ့် သူတွေမှာ သိပ်အံ့သြစရာကောင်းတဲ့သူတွေပါ ပါလာတယ်။ ဒါမျိုးတွေ ဖြစ်လာကျတော့ နည်းနည်းတော့များလာပြီပေါ့။ ကျနော့် အမှုဖွင့်တဲ့အထဲမှာ ထည့်တဲ့ ကိုမြတ်ကိုဆိုတဲ့ အကောင့်ပိုင်ရှင်က ဘယ်လောက်ရိုင်းသလဲဆိုရင် ခွေးနဲ့ နှိုင်းပြီးတော့ Comment ပေးပါတယ်။ ပြန်ကိုက်ပြီပေါ့ဆိုပြီးတော့ Comment ပေးပါတယ်။ ခွေးလို့ ပြောလိုက်တာပေါ့ခင်ဗျ။ Nan Da က Comment တွေမှာ ချီးပေါက်တာတို့ မိုးခြိမ်းတာတို့ စုံနေတာပါပဲ။ အဲဒါတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃမှာ ဒါတွေနဲ့ ငြိစွန်းနေလို့ အဲဒီနှစ်ဦးကို ကျနော်က ဖော်ထုတ်အရေးယူပေးပါဆိုပြီးတော့ အမှုဖွင့်ခြင်းဖြစ်ပါတယ်။

မေး။ ။ Nan Da နဲ့ ကိုမြတ်ကို ဆိုတာ ဘယ်သူမှန်းသိလို့လား။

ဖြေ။ ။ ကျနော်ကတော့ ရဲတပ်ဖွဲ့ကို စုံစမ်းဖော်ထုတ်ပေးဖို့ ဒီလိုပဲ တိုင်တန်းခဲ့တာပါခင်ဗျ။ Nan Da နဲ့ ကိုမြတ်ကိုမြတ်ကိုဆိုတာက ပါတီမှာ အဓိကတာဝန်ရှိတဲ့သူတွေဆိုတာတော့ ကျနော်တွေ့ထားပါတယ်ခင်ဗျ။

မေး။ ။ အမှုဖွင့်တဲ့ကိစ္စတွေမှာ NLD ပါတီက တာဝန်ရှိသူတွေဆိုတော့ အခုအချိန်က NLD အစိုးရ၊ NLD လွှတ်တော်အမတ်တွေ ကြီးစိုးနေတဲ့အချိန်မှာ ဒီလို တရားဥပဒေစိုးမိုးမှုက ဘယ်လိုဖြစ်နိုင်လဲ။ တကယ်အရေးယူမယ့် အလားအလာ ရှိသလား၊ မရှိဘူးလား ဘယ်လိုမြင်ရလဲ။

ဖြေ။ ။ မှန်ပါတယ်။ ကျနော်လည်း ဒီကိစ္စကို စိုးရိမ်တယ်ဆိုတာထက် သံသယဖြစ်တဲ့သူတစ်ယောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်ရေးက တရားစီရင်ရေးကို လိုသလိုခိုင်းပြီး ဒါကလည်း အာဏာရတဲ့ပါတီက လွှတ်တော်ကိုယ်စားလှယ်အသိဆုံးပါပဲ။ အဲဒီတော့ အခုအခြေအနေမျိုးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ရော နိုင်ငံသားတစ်ဦးအနေနဲ့ရော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၀၈ ဖွဲ့စည်းပုံကို မနှစ်သက်တဲ့သူထဲမှာ ကျနော်လည်း ထိပ်ဆုံးက ပါပါတယ်ခင်ဗျ။ သို့သော်လည်း ရှိနေတဲ့ ဥပဒေပေါ့။ ဒီဆက်သွယ်ရေးဥပဒေကို ပြင်တာလည်း ကျနော်တို့ လွှတ်တော်က ပြင်တာပါ။ ပြောရရင် ဆက်သွယ်ရေးဥပဒေကို အမျိုးသားလွှတ်တော်မှာ ၆၆ ဃ ကို မထည့်သင့်လို့ ကန့်ကွက်ခဲ့တာ ကျနော်ပါတယ်ခင်ဗျ။ သို့သော်လည်း မဲခွဲဆုံးဖြတ်တော့ အများစုက ထည့်ရမယ်ဆိုပြီး ဆုံးဖြတ်တော့ နည်းနည်းလေးပြင်တာလေးပဲ လုပ်ပြီး အတည်ပြုခဲ့တဲ့ ဒီအစိုးရလက်ထက်မှာ ပြင်ပြီးတော့ အတည်ပြုခဲ့တဲ့ ပုဒ်မ ၊ ပုဒ်မခွဲပါပဲ။ ခုနက ပြောတဲ့ နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဟာကလည်း ၂၀၁၇ ကမှ ဥပဒေ အမှတ် ၅ နဲ့ပြဋ္ဌာန်းတဲ့ ဥပဒေပါပဲ။ ဆိုတော့ အဲလို မျိုးနဲ့ ကိုယ့်လွှတ်တော် ကိုယ့်အစိုးရနဲ့ သဘောတူညီ ပြဋ္ဌာန်းပြီးတော့ အတည်ဖြစ်နေတဲ့ ဥပဒေတွေနဲ့ ဆောင်ရွက်တဲ့နေရာမှာ အခု အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူနဲ့ ဒီတရားစီရင်ရေးမဏ္ဍိုင်ကို သက်ရောက်မှုတို့ လွှမ်းမိုးမှုတို့ ဖိအားပေးမှုတို့ စွတ်ဖက်မှုတို့ ပါ၊ မပါဆိုတာကတော့ အမှုတွေကို စစ်ဆေးတဲ့အခါမှာ စောင့်ကြည့်ဖို့ပဲ ပြောချင်ပါတယ်ခင်ဗျ။ ကြည့်လည်းကြည့်ရမယ့်အနေအထားပါ။ အရေးကြီးပါတယ်။ အရင်တုန်းက စစ်အာဏာရှင်တုန်းက တရားစီရင်ရေးကို အုပ်ချုပ်ရေးက လွှမ်းမိုးတယ်၊ စီရင်ချက်တွေ အမိန့်တွေကို စီရင်ချက်တွေကို စာအိတ်နဲ့ပိတ်ပို့တာကို တရားသူကြီးက ဖတ်ရတယ်ဆိုတဲ့ကာလတွေလည်း ဖြတ်သန်းခဲ့ကြရတာပဲ။ အခုလိုမျိုး ဒီမိုကရေစီစနစ်ကို သွားတယ်ဆိုတဲ့ကာလမှာ အုပ်ချုပ်ရေးယန္တရားက တရားစီရင်ရေး ယန္တရားကို အဲဒီတုန်းကလိုမျိုးပဲ လုပ်ကြမှာလား၊ သို့မဟုတ်ရင်လည်း ဥပဒေကို ဥပဒေအတိုင်းပဲ လွတ်လွတ်လပ်လပ်စီရင်ပိုင်ခွင့်ပေးပြီးတော့ အများသူငှာတပြေးညီ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့ မကွေးကို သမ္မတလာတုန်းက ဒီစကား နှစ်ခွန်း သုံးခွန်းကို အလေးထားပြီးထည့်ပြောတာပါပဲ။ အဲဒီတော့ ကျနော်အနေနဲ့ကတော့ မေ ျှာ်လင့်တာကတော့ ဥပဒေက ဥပဒေအတိုင်းပဲ အထက်မှာ ဘယ်သူမရှိဘဲနဲ့ ဥပဒေအတိုင်းပဲ စစ်ဆေးစီရင်သွားမယ်လို့ ကျနော်ရဲ့ မေ ျှာ်လင့်ချက်ပေါ့။ နောက်တစ်ပိုင်းကျတော့ မျှော်လင့်ချက်ကို အဲလိုထားပေမယ့်လည်း မျှော်လင့်ချက်ကို အဲဒီလို အပြည့်တော့မထားနိုင်တော့ဘူး။ အဲဒါက လတ်တလောမှာကိုက ကျနော့်မြို့နယ်က တရားရုံးတွေမှာ အစိုးရအဖွဲ့တွေရဲ့ ပါဝင်စွတ်ဖက်မှုနဲ့ အဂတိတရားတွေ ကျနော်ကိုယ်တိုင် သက်သေအထောက်အထားတွေနဲ့ ရထားတာတွေ ရှိနေလို့ပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com