interview political news

“KNU နဲ့ RCSS အဓိကပေါ့ လက်နက်ကိုင်အင်အားရှိတဲ့အဖွဲ့ ပေါ့။ သူတို့အနေနဲ့က လွယ်လွယ်ကူကူလက်နက်စွန့်လွှတ်ဖို့က ခက်ခဲမလား။ (ငြိမ်းချမ်းရေး)က စောင့်ကြည့်ရမယ့် အခြေအနေလို့ မြင်ပါတယ်”

By ရန်ကုန်ခေတ်သစ်

လတ်တလော ငြိမ်းချမ်းရေးအခြေအနေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည်ူထူထာင်ရေးကောင်စီ (RCSS) တို့ ထုတ်ပြန်ချက်များကြောင့် အခြေအနေ မကောင်းသည့် သဘော သက်ရောက်နေသည်။ KNU က ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းလိုက်ပြီး RCSS က ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော် မူကို လက်မခံနိုင်ကြောင်း ကြေညာချက်ထုတ်သည်။ အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ KNU က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းထားမယ်ပြောတယ်။ RCSS ကလည်း ကြေညာချက်တွေမှာ ခွဲမထွက်ရနဲ့ တစ်ခုတည်းသော တပ်မတော်ကို လက်မခံဘူးဆိုနေတယ်။ ငြိမ်းချမ်းရေးက ဘယ်လို သုံးသပ်လို့ရလဲ။

အမှန်က ဒီကွဲလွဲတဲ့ပြဿနာက ၂၀၁၇ ဒုတိယအကြိမ်ညီလာခံကတည်းက အဲဒါကိုကျနော်တို့က ရှောင်လွှဲနေပြီးတော့ အဲဒါကို ထိပ်တိုက်တွေ့မှာစိုးလို့ ရှောင်လွှဲနေတဲ့အတွက်ကြောင့် အချိန် ပိုပိုကြာလာတာ။ ဒါပေမယ့်လည်း ၂၀၁၇၊ ၂၀၁၈ ထဲမှာ တတိယအကြိမ်ညီလာခံ လုပ်တော့လည်း ဒီကိစ္စကို ရှောင်လွှဲခဲ့တယ်။ ဒါပေမယ့် ရှောင်လွှဲနေလို့ ပြဿနာက ရှေ့ဆက်လို့ မရဘူးဖြစ်လာတဲ့အချိန်ကျတော့ နေပြည်တော်သီးသန့်ဆွေးနွေးပွဲဆိုတာ ခေါ်ပြီးတော့ ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ ဒီပြဿနာပေါ်လာတာပဲ။ ပေါ်လာတဲ့ ပထမဦးဆုံးတစ်ချက်ကတော့ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးနဲ့ပတ်သက်ပြီးတော့ ခွဲမထွက်ရ ကတိကဝတ်ပေးရမယ်၊ လိုအပ်တယ်။ တိုင်းရင်းသားတွေဘက်ကတော့ ဒါမလိုအပ်ဘူးဆိုတဲ့ဘက်က ရပ်တည်တယ်။ အဲဒီတော့ ကရင်ရဲ့ သဘောထားကလည်း ပြည်နယ်ဖွဲ့စည်းပုံဆိုတာ ပြည်ထောင်စုအောက်ပဲဖြစ်တယ်။ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေး ဖက်ဒရယ်ကို ခွဲမထွက်ရေးနဲ့ချိတ်ဆက်စရာမလိုဘူး။ RCSS က ကြေညာချက်ထုတ်လိုက်တာ ခွဲမထွက်ရေးဆိုတာ ရှမ်းပြည်သူလူထုရဲ့ သဘောထားကို မေးဖို့လိုတယ်။ ရှမ်းပြည်သူတွေရဲ့ သဘောထားသိမှပဲ ထုတ်လို့ရမယ်ဆိုပြီး ပြောတယ်။ RCSS က စစ်ဦးစီးချုပ်ရော ဒုစစ်ဦးစီးချုပ်ပြောတာကတော့ တစ်ခုတည်းသော တပ်မတော်ကတော့ နိုင်ငံတကာပုံစံအရတော့ ပြဿနာမရှိဘူး။ ဒါပေမယ့် ဘယ်လိုတည်ထောင်မလဲဆိုတာ ဆွေးနွေးဖို့ အများကြီးလိုတယ်ဆိုတာ ထည့်ပြောသွားတယ်။ KNU က ပိုပြီးတိတိကျကျပြောတာက အရပ်သားအစိုးရအောက်မှာ ရှိမလား။ ဖက်ဒရယ်တပ်မတော်ဖြစ်မလား ဆိုတာက တစ်ခုတည်းသော တပ်မတော်ဆိုတာလည်း မေးခွန်းမေးစရာတွေ အများကြီးရှိတယ်ဆိုတဲ့ဘက်ကနေ ပြန်ပြီးမေးခွန်းထုတ်ထားတယ်။ ဒီပြဿနာက ရှိနေတယ်။ ပြဿနာရှိနေတဲ့အတွက်ကြောင့် ဆွေးနွေးဖို့လိုတယ်။ အချက် ၂ ချက်ပေါ့။ အဓိကက RCSS နဲ့ရော KNU နဲ့ရော စစ်ရေး ပဋိပက္ခရှိတယ်။ KNU တပ်မဟာ ၅ ဧရိယာကို ဒေသဖွံ့ဖြိုးရေး နာမည်နဲ့ လမ်းဖောက်တဲ့အခါမှာ စစ်ရေးအရ တင်းမာမှုတွေဖြစ်လာတယ်။ ဒါက တစ်ခု ။ အလားတူ RCSS တပ်နေရာချထားရေးနဲ့လည်း ညှိနှိုင်းလို့ ပဋိပက္ခတွေရှိတယ်။ ကျနော်တို့က ပြဿနာရှိနေတယ်။

ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ပြဿနာတက်နေတယ်။ အဲဒါအပြင်ကို KNU ရဲ့ ကြေညာချက်( ငြိမ်းချမ်းရေးအစည်းအဝေးများ တက်ရောက်ခြင်း ယာယီ ရပ်ဆိုင်းခြင်း) က KNU အတွင်းမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆွေးနွေးညှိနှိုင်းနေဆဲလို့ ကျနော်တို့ ယူဆတယ်။ မတူကွဲလွဲမှုတွေရျိတယ်။ သူတို့အနေနဲ့ ဒါကို သူတို့အထဲမှာ ဆွေးနွေးဖြေရှင်းပြီးမှပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်ပါမယ်။ လောလောဆယ်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ တစ်သဘောာထားတည်း မဖြစ်သေးလို့ မပါသေးဘူးဆိုတဲ့သဘောပါပဲ။ ဒါကြောင့်မို့လို့ နိုဝင်ဘာ ၁ ၊ ၂ ၊ ၃ ရက်မှာ ကျင်းပမယ့် Political Frame Work ညှိနှိုင်းတဲ့ဆွေးနွေးပွဲမှာလည်း တက်မှာမဟုတ်ဘူး။ ၅ ၊ ၆ ၊ ၇ မှာ ကျင်းပမယ့် PPST ဆွေးနွေးပွဲ တက်မှာမဟုတ်ဘူးဆိုတဲ့ သတင်းရတယ်။ အဲဒီတော့ ဒါအခြေအနေကတော့ စောင့်ကြည့်ရမယ့် အခြေအနေလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်းကွဲလွဲမှုတွေ ဖော်ပြလာတဲ့အချိန်မှာ ဒါကို ဖြေရှင်းဖို့တော့ အချိန်တစ်ခုလိုအပ်မယ်လို့ထင်ပါတယ်။

မေး။ ။ ၂၀၂၀ မတိုင်မီ ဖယ်ဒရယ်မူတွေ အပြီးထွက်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာ ရှိတယ်။ အဲဒါ လက်တွေ့ ဖြစ်နိုင်ပါတော့မလား။

ဖြေ။ ။ အဲဒါက နှစ်ခုဗျ။ တပ်မတော်ဘက်က တကယ်တန်းကျတော့ အဲဒါကို စပြောတာ။ ၂၀၁၈ တတိယအကြိမ်ညီလာခံမှာ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းထဲမှာ ဘာပြောလဲဆိုရင် ၂၀၂၀ အတွင်းမှာ ဒုတိယအကြိမ် ညီလာခံအပြီးမှာ ငြိမ်းချမ်းရေးကိစ္စတွေအပြီးအပြတ်ဖြတ်ကြမယ်ပြောလာတယ်။ တစ်နှစ်ကို နှစ်ကြိမ် လုပ်တဲ့အတွက်ကြောင့်မို့လို့ ၂၀၂၀ မှာ ဒုတိယအကြိမ်ပေါ့။ အဲဒီတော့ NLD ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ Time Limiit ကို မပြောဘူးဗျ။ ၂၀၁၈ မှာ တစ်ကြိမ်၊ ၂၀၁၉ မှာ ၂ ကြိမ်လုပ်မယ်လို့ ပြောပေမယ့် ၂၀၂၀ မှာတော့ ဘာမှ မပြောဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သီးသန့်ဆွေးနွေးပွဲ အောက်တိုဘာ ၁၅ မှာလုပ်တဲ့ နေပြည်တော်မှာ လုပ်တဲ့ သီးသန့်ဆွေးနွေးပွဲမှာ ဘာပြောလဲဆိုတော့ ကျမတို့တွေက ဖက်ဒရယ်စံအိပ်မက်တွေရှိသလို တစ်ဖက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရှိတရားကို အသိအမှတ်ပြုဖို့လိုတယ်။ ဒီကြားထဲမှာ လက်နက်ကိုင် ပဋိပက္ခကို လေ ျှာ့ချနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြင်ပြီးတော့ တစ်လှမ်းချင်း တစ်လှမ်းချင်း သွားဖို့လိုတယ်ဆိုတဲ့ လမ်းကြောင်းကို ချပြတယ်။ ဆိုလိုတာကတော့ ဒီမှာတော့ တပ်မတော်နဲ့ NLD အစိုးရနဲ့က ဒီအပိုင်းမှာ သွားပြီးတော့ တူကြတာတွေ့ရတယ်။ ဆိုလိုတာကတော့ တပ်ကလည်း ၂၀၂၀ မှာ တစ်ဖြတ်ဖြတ်ချင်တယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်။ တပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ တချို့ဟာတွေ လိုက်လျောနိုင်တာတွေ ပြင်ပေးမယ်။ ပုဒ်မ ၂၆၁ အပါအဝင် ပေါ့။

ဒါကို ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းထဲမှာ လည်းတွေ့နိုင်တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကုန်မရသေးတောင် ထိုက်သင့်သလောက်ရအောင် တစ်ဆင့်ချင်းသွားရအောင်ဆိုပြီး တိုက်တွန်းတယ်။ ဒါကတော့ ၂၀၂၀ မှာ သွားမယ့် ခြေလှမ်းကိုပြောတာ။ ဒါကတော့ NLD အနေနဲ့ ၂၀၁၅ မှာ ပေးထားတဲ့ ကတိကဝတ်ကို ဖြည့်ဆည်းရာရောက်တာပေါ့။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကရော ဒါကို လက်ခံမလားဆိုတာ ဖြစ်လာတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဒါကို လက်မခံလားဆိုတဲ့ အပိုင်းမှာကတော့ နိုင်ငံရေးအရက လက်ခံရတာ လွယ်ကောင်းလွယ်ပေမယ့် လက်နက်ကိုင်ပြဿနာကို ဖြေရှင်းတဲ့အပိုင်းမှာတော့ နည်းနည်းခက်ခဲလိမ့်မယ်ထင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့လောက်ရှိတယ်။ အနည်းဆုံး လက်နက်ကိုင်အင်အားကြီးတဲ့ နှစ်ဖွဲ့ ၊ ၃ ဖွဲ့လောက်ပေါ့။ KNU နဲ့ RCSS အဓိကပေါ့ လက်နက်ကိုင်အင်အားရှိတဲ့အဖွဲ့ ပေါ့။ သူတို့အနေနဲ့က လွယ်လွယ်ကူကူလက်နက်စွန့်လွှတ်ဖို့က ခက်ခဲမလား။ နောက်နိုင်ငံရေးအရ မူဝါဒ ပြဿနာတွေ စွန့်လွှတ်ဖို့ ခက်ခဲမလား။ ဒါက အခုတွေ့နေရတဲ့အခြေအနေပေါ့။ ၂၀၂၀ ငြိမ်းချမ်းရေးကို တပ်နဲ့ NLD စဉ်းစားတာတစ်မျိုးဖြစ်တယ်။ တိုင်းရင်းသားတွေ စဉ်းစားတာ တစ်မျိုးဖြစ်နေတဲ့အတွက် ဒါကို ညှိနှိုင်းဖို့လိုအပ်မယ်ထင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts