Local News political news

သမ္မတညွှန်ကြားချက်အတိုင်း မဆောင်ရွက်၍ MPC က ရန်ကုန်တိုင်းအစိုးရတိုင်စာကို လက်ခံမစဉ်းစားဟု MPC ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၆

နိုင်ငံတော်သမ္မတက ဦးဝင်းမြင့်က ရန်ကုန်တိုင်းအစိုးရအနေဖြင့် Eleven သတင်းသမား ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားမှုကို သတင်းမီဒီယာဥပဒေဖြင့်ေ ဆာင်ရွက်ရန် ညွှန်ကြားခဲ့သော်လည်း သမ္မတညွှန်ကြားချက်အတိုင်းဆောင်ရွက်ခြင်းမရှိ၍ လတ်တလော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC) အနေဖြင့် တိုင်းအစိုးရ၏ တိုင်စာကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်း MPC ဒုတိယဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောသည်။

ယနေ့တွင် တာမွေမြို့နယ်တရားရုံးက Eleven သတင်းသမား ၃ ဦးကို အာမခံပေးလိုက်ပြီး တရားလို ရန်ကုန်တိုင်းအစိုးရကိုယ်စားလှယ် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် သွေးတိုးသည်ဟုဆိုကာ ရုံးချိန်လာရောက် ခဲ့ခြင်းမရှိပေ။

MPC ဒုတိယဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က “ဒီလုပ်လိမ့်မယ်လို့ မြင်ထားတယ်။ ဝင်ညှိပေးစရာလည်းမလိုဘူး။ သူတို့တိုင်ထားစာလည်း တို့မစဉ်းစားဘူး။ တရားရုံးရောက်နေတဲ့အမှုက တို့ဘာမှ လုပ်လို့မရဘူး။ တရားစွဲဆိုတာ တန်းလန်းကြီးပဲ။ မရုပ်သိမ်းသေးဘူး။ မရုပ်သေးရင် ကိုင်လို့မရဘူး။ တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာထဲမှာပဲရှိတယ်။ သူ့ဟာသူ ရုပ်သိမ်းမှ ဖျန်ဖြေလို့ရမှာ။ ဘာမှအကြောင်းမပြန်ဘူး။ MPC ကို အကြောင်းမပြန်ဘူး။ အမှုမရုပ်သိမ်းရင် ဘာမှ ထည့်စဉ်းစားစရာမလိုဘူး။ တင်ပြပါ။ တိုင်ပါ ။ မကျေနပ်မှ ရုံးတက်တရားစွဲလို့ သမ္မတက ပြောတာပဲ။ သမ္မတအမိန့်မှ မနာခံရင် တိုင်းပြည်ပျက်တာပဲ။ ဒီတိုင်းပြည်မှာ သမ္မတထက်ကြီးတဲ့သူမရှိဘူး။ တို့ရဲ့ အခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာရဲ့ အမြင့်မားဆုံး ပုဂ္ဂိုလ်ပဲ။ ဒါကိုမှ မလိုက်နာရင် ဘာသွားလုပ်လို့ရမလဲ။ သူက ခေါ်ညှိရင်တော့လည်း ဘာရမလဲ။ သမ္မတ အမိန့်တောင် နားမထောင်ရင် တို့အမိန့် ဘာရမလဲ။ တို့ကလည်း ဒီဥပဒေနဲ့ အကျုံးမဝင်သမ ျှကာလပတ်လုံး ဖြေရှင်းလို့မရဘူး။ သမ္မတက ပြောထားတာက ရှင်းရှင်းကြီး။ သမ္မတညွှန်ကြားတဲ့အတိုင်း မဆောင်ရွက်ဘူး။ ဘာမှ လုပ်လို့မရဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

MPC က ရန်ကုန်တိုင်းအစိုးရကို အောက်တိုဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ အမှုရုပ်သိမ်းပေးရန် ပြောဆိုခဲ့သော်လည်း အဆိုပါပြောဆိုမှုကို တိုင်းအစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခဲ့ခြင်းမရှိပေ။

Eleven သတင်းမီဒီယာ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကမူ သမ္မတညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဆိုလျှင် ယနေ့သည် ရန်ကုန်တိုင်းအစိုးရက အမှုရုပ်သိမ်းရမည့်နေ့ဖြစ်ကြောင်း ပြောဆိုသည်။

“သမ္မတရဲ့ ညွှန်ကြားလွှာပြောရမှာပေါ့။ညွှန်ကြားလွှာအရ ဒီအမှုကို သတင်းမီဒီယာဥပဒေ ၂၁၊ ၂၂၊ ၂၃ အရပဲ အရေးယူဆိုပြီးတော့ ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားခဲ့တယ်။ အဲဒီညွှန်ကြားချက်အရဆိုရင် ဒီနေ့မှာ ရန်ကုန်တိုင်းအစိုးရက အမှုကို ရုပ်သိမ်းလွှာတင်ရမယ်။ တချို့ကပြောကြတယ်။ ဟာမဟုတ်ဘူး သမ္မတ ညွှန်ကြားစာထဲမှာ အကြောင်းကြားစာထဲမှာ ရုပ်သိမ်းရန် မပါဘူးတဲ့။ တော်တော်နားဝေးတဲ့သူတွေ။ ဥပဒေကို အဲလိုပြောလို့မရဘူး။ သမ္မတက သတင်းမီဒီယာဥပဒေ ၂၁၊ ၂၂၊ ၂၃ နဲ့ပဲ အရေးယူလို့ ပြောပြီးသားဟာကို အလိုလိုနေရင်း လွှမ်းမိုးသွားပြီပေါ့။ Overrule ဖြစ်သွားပြီ ဒါကို ရုပ်လိုက်တော့လို့ပြောတာ။ သမ္မတရဲ့ ညွှန်ကြားစာမှာ ရုပ်သိမ်းဖို့ မပါလို့ မရုပ်သိမ်းဖူးလို့ပြောနေကြတာ အဲဒါမဟုတ်ဘူး။ ဒီနေ့ရုပ်သိမ်းလွှာတင်ရမယ်။ ရုပ်သိမ်းလွှာတင်ပြီးတဲ့နောက် သတင်းမီဒီယာကောင်စီကို သွားပြောရမယ်။ သတင်းမီဒီယာကောင်စီကလည်း ဒီအမှုကို ရုပ်သိမ်းပြီးမှသာလ ျှင် ဒီအမှုကို လက်ခံစဉ်းစားမယ်ပြောတယ်။ ဒါက ဥပဒေနဲ့အညီပြောတာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ကပြောသည်။

သမ္မတက ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ ညွှန်ကြားလိုက်သည့် စာသည် အောက်တိုဘာလ ၁၇ ရက်နေ့စွဲဖြင့် ညွှန်ကြားထားခြင်းဖြစ်ပြီး အချက် ၃ ချက်ပါဝင်ကာ ပထမအနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ နစ်နာသော အဖွဲ့အစည်း၊ဌာန(သို့မဟုတ်) ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ရှေးဦးစွာ တိုင်ကြားရန်၊ ဒုတိယအနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၂ အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက နှစ်ဖက်ညှိနှိုင်းတွေ့ဆုံဖြေရှင်းပေးရန်၊ တတိယအနေဖြင့် ညှိနှိုင်းမှု မပြေလည်ပါက ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် ဟု ညွှန်ကြားစာတွင် ပါရှိသည်။

Eleven သတင်းသမား ၃ ဦးကို အမြဲရံှူးနေတဲ့စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ကျောင်းကားနှင့် လူနာမည်ပေါက် ပြည်သူ့ရှယ်ယာဆောင်းပါး ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts