All News Editorial

သတိ… စစ်တပ်သစ္စာခံ အမျိုးသားရေး ဝါဒီ တပ်ပေါင်းစု ပြန်ထွက်လာပြီ၊ ဒီမိုကရေစီဘက်တော်သားတွေ ရန်ဆက်ဖြစ်ရင် တိုင်းပြည်နာလိမ့်မည်

 

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရက အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးတွေမှာ လွဲမှားမှုများစွာနဲ့ ရှိနေတာ ဝန်ခံရမှာဖြစ်ပေမယ့် မီဒီယာကို ရန်သူအဖြစ် သတ်မှတ်၊ ဝေဖန်ထောက်ပြသူ ဒီမိုကရက်တစ် အင်အားစုတွေကို ဖယ်ထုတ်နေချိန်မှာ စစ်တပ်လိုလားတဲ့ အမျိုးသားရေး ဝါဒီတွေဟာ အမျိုးသားရေးဘက်တော်သား ဒီနေ့ ရန်ကုန်မြို့မှာ အင်အားကောင်းကောင်းနဲ့ လမ်းပေါ်ထွက်လာကြပါတယ်။

တစ်ကမ္ဘာလုံးက နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့ သတ်မှတ်ထားတဲ့ ဆရာတော်ဥူးဝိစိတ္တာဘိဝံသ (မစိုးရိမ်)ဟာလည်း ဒီနေ့ပွဲမှာ လူလုံးထွက်ပြလာပါတယ်။ အင်အားကောင်းတဲ့ အမျိုးသားရေးဘက်တော်သားတွေဟာ ထောင်နဲ့ချီ ဗဟန်းရေခဲဆိုင် မှတ်တိုင်ကနေ မြို့တော်ခန်းမရှေ့အထိ အင်အားကောင်းကောင်းနဲ့ ချီတက်ပြီး ထွက်လာပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဟာ ဒီမိုကရေစီရဲ့ အခွင့်အရေးတစ်ရပ်မို့ ဝေဖန်စရာမရှိပေမယ့် များပြားလှတဲ့ အမျိုးသားရေးဘက်တော်သား တွေဟာ သူတို့မှာ ထောက်ခံသူအများအပြားနဲ့ ထပ်မံ ပေါ်ထွက်လာခြင်းဟာ တိုင်းပြည်အတွက် သတိပေးအချက်ခေါင်း လောင်းသံဖြစ်ပါတယ်။

သူတိုရဲ့ ဟောပြောမှုတွေကို နားထောင်ကြည့်ရင် ဘာသာရေးမပါတော့ဘဲ အမျိုးသားရေးသီးသန့် သက်သက် ပုံစံပြောင်းသွားပါတယ်။ ဒါပေမယ့် တပ်မတော်ကို ထောက်ခံတယ်ဆိုတဲ့ မူကိုတော့ ပေါ်ပေါ်တင်တင် ထုတ်ဖော် လာပါတယ်။ ဒီအင်အားစုတွေထဲမှာ နိုင်ငံရေးပါတီကို ကိုယ်စားပြုသူတွေပါတဲ့အပြင် အဓိကအားဖြင့်တော့ ရခိုင်အရေးကို အကြောင်းပြုလို့ အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်စိုးမိုးမှုကို ဆန့်ကျင်ပါတယ်၊ လက်ရှိ အစိုးရရဲ့ ဆောင်ရွက်မှုတွေကို မထောက်ခံပါဘူးဆိုတဲ့ မူဝါဒတွေဟာ အမျိုးသားရေး ဘက်တော်သားတွေရဲ့ ကြွေးကြော်သံတွေဖြစ်ပါတယ်။

အမျိုးသားရေး လို့ ဆိုရာမှာလည်း ကိုယ့်တိုင်းပြည် ကြီးပွားချမ်းသာရး အပြုသဘောဆောင်တဲ့ အမျိုးသားရေးဟာ လက်ခံရမှာဖြစ်ပေမယ့် စစ်တပ်ကို ထောက်ခံတဲ့ အမျိုးသားရေးဟာ မြန်မာနိုင်ငံကို အကျိုးမဖြစ်စေတဲ့အပြင် ချောက်ထဲ ဆွဲချတဲ့ အမျိုးသားရေးမူဝါလို့ ဆိုရမှာပါပဲ။ နှစ်ပေါင်း ၅၀ ကျော်ကြာ အုပ်ချုပ်တဲ့ စစ်တပ်ကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနဲ့ အစုတ်ပြတ်ဆုံးနိုင်ငံဖြစ်လာရတာပါ။

၂၀၂၀ မှာ အမျိုးသားရေး ကြွေးကြော်သံကို ရွေးကောက်ပွဲ မဲဆွယ်သံအဖြစ် အသုံးပြုမယ့် နိုင်ငံရေးပါတီ ၂၂ ပါတီဟာလည်း မဟာမိတ်ဖွဲ့ထားပြီးပြီဆိုတာလည်း NLD အစိုးရအနေနဲ့ မေ့မထားသင့်ပါဘူး။ အမျိုးသားရေးပါတီတွေဟာ တစ်နိုင်ငံလုံး အောက်ခြေအထိ လူထုကြားထဲမှာလည်း ခြေဆန့်နေပါပြီ။အခုအချိန်မှာ NLD အစိုးရအနေနဲ့ အိပ်ရာက နိုးထသင့်တဲ့အချိန်လည်းဖြစ်ပါတယ်။

အချင်းချင်းရန်ပွဲတွေကြောင့် ဒီမိုကရေစီဘက်တော်သားတွေ သွေးကွဲနေချိန်မှာ အမျိုးသားရေးဝါဒီတွေ လမ်းပေါ် အင်အားကောင်းကောင်းနဲ့ ပြန်ပြီးထွက်ပေါ်လာတာဟာ ဒီမိုကရေစီကို လိုလားသူ အားလုံးအတွက် အချက်ပေး သတိပေး ခေါင်းလောင်းသံလည်းဖြစ်ပါတယ်။ NLD အစိုးရအနေ၊ လူထုရဲ့ ရွေးကောက်ခံမှုနဲ့ တက်လာတဲ့ အစိုးရအနေနဲ့ လက်ရှိအခြေအနေမှာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဒီမိုကရေစီနဲ့ မညီတဲ့ လုပ်ရပ်တွေအားလုံးကို ပြန်လည်ပြင်ဆင်ရမယ့် အချိန်ရောက်ပါပြီ။

ဒီလိုမှမဟုတ်ဘဲ မီဒီယာကို နှိပ်ကွပ်၊ ဒီမိုကရေစီဘက်တော်သားသား အချင်းချင်း ရန်သူမွေးနေမယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲတွေဟာ တိုင်းပြည် နာမယ့် ၊ တိုင်းပြည် စစ်တပ်ဘက်ပါမယ့် အမျိုးသားရေး ပါတီတွေ အင်အား ကောင်းလာနိုင်ပါတယ်။ အဲဒီလို အမျိုးသားရေးဘက်တော်သား စစ်တပ်လိုလားတဲ့ ပါတီတွေ ရွေးကောက်ပွဲမှာ အနည်းငယ်မျှ နေရာရ အနိုင်ရလာမယ်ဆိုရင် တိုင်းပြည် ဒီမိုကရေစီ ဆိတ်သုဉ်းပြီး ပြည်သူလူထုအနေနဲ့လည်း စစ်ဖိနပ်အောက် ပြန်လည်ရောက်ရှိနိုင်တယ်ဆိုတာ သတိချပ်စေဖို့ မီးမောင်းထိုးပြလိုက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com