interview political news

“သစ်တောဝန်ကြီးဦးသိန်းအောင် အမိန့်နဲ့ သူ (ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေသား) က အင်းလေး မြေတွေယူသွားတယ်ဆိုတော့ လုံး၀ ဥပဒေနဲ့မညီဘူး”

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေသည် အာဏာမစွန့်မီ သိမ်းဆည်းသွားသော ပြည်သူပိုင်ပစ္စည်းများအနက် ၎င်း၏ သား ဦးထွန်းနိုင်ရွှေ သိမ်းယူထားသော အင်းလေးကန် မြေဧက ၉၀ ကိစ္စမှာ တစ်နိုင်ငံလုံး ဆူညံပွတ်လောရိုက်နေသည်။ အင်းလေးဒေသခံများက မခံမရပ်နိုင်ဖြစ်နေသကဲ့သို့ ပြည်သူများကလည်း စိတ်ဝင်စားနေကြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေရဲ့ သား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်တဲ့ အင်းလေးကန်ထဲက မြေဧက ၉၀ မှာ ဟိုတယ်ဆောက်မယ့် ကိစ္စ နောက်ဆုံးအခြေအနေ သိချင်ပါတယ်။

ကျနော်လည်း အခု အဲဒီအနားတစ်ဝိုင်း အင်းထဲမှာ စက်လှေစီးနေတာ။ သမ္မတရုံးကနေ ပြန်ကျလာတယ်။ ပြန်ကျလာတယ်။ ပြည်နယ်ကနေ ဆင်းစစ်ဖို့။ စစ်ရမယ်ဆိုတော့ မနက်ဖြန်စစ်မယ်။ ရှမ်းပြည်နယ်အစိုးရက လာစစ်မယ်။ ကွင်းဆင်းစစ်ဆေးမယ်။ ရှမ်းပြည်နယ်လွှတ်တော်ကတော့ စစ်သွားပြီးပြီ။ ပြည်နယ်အစိုးရက မနက်ဖြန်စစ်မယ်။

မေး။ ။ ဦးထွန်းနိုင်ရွှေ သိမ်းထားတဲ့ မြေဧက ၉၀ကို ပြည်သူပိုင် ပြန်သိမ်းဖို့ လွယ်ပါ့မလား။

ဖြေ။ ။ မလွယ်ဘူးရယ်တော့ မသိဘူးဗျ။ ကျနော်တို့ကတော့ ပြည်သူ့အစိုးရဖြစ်တော့ ပြည်သူ့အသံကို နားထောင်ရမယ်။ ဒုတိယက ဥပဒေ အရင်က ဘာရှိခဲ့လဲပေါ့နော်။ အဲဒီဥပဒေကို ကျော်လွန်ပြီး လုပ်ခဲ့လား မလုပ်ခဲ့လားပေါ့။ ဥပဒေအတိုင်းသွားရင်တော့ ကျနော်တို့ ဘာမှ လုပ်လို့မရဘူး။ ဥပဒေအထက်မှာ ဘာမှ မရှိရ။ ဥပဒေအတိုင်းသွားမှာ။ ပြည်သူတွေကတော့ ပြည်သူ့အစိုးရဆိုတော့။ နောက်တစ်ခါ ဒီ ပြဿနာအစ အဆုံးမှာ ကျနော်ကိုယ်တိုင် ရှိနေတယ်။ အစ အဆုံးလေ။ ဦးထွန်းနိုင်ရွှေရယ်လို့ကြောင့်မဟုတ်ဘူး။ ပုဂ္ဂိုလ်နဲ့မဆိုင်ဘူး။ မူဝါဒနဲ့ဆိုင်တယ်။ အင်းလေးကန်ထိန်းသိမ်းရေး မူဝါဒနဲ့ဆိုင်တယ်။ ဒီတစ်လမှ သိရတာလေ။ ဒီဥစ္စာဖြစ်တာ ဘာညာ။ အမှန်တော့ အဲဒီမြေကွက်ကြီးကို ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာလုပ်လည်း ကျနော်တို့ကတော့ ကန့်ကွက်မှာပဲ။ အင်းလေးကန်ကြီး ထိန်းသိမ်းရေး မူဝါဒ အရလုပ်တာ။ မနက်ဖြန် စစ်မယ်ဆိုတော့ ဘယ်လိုစစ်မလဲမသိဘူး။

မေး။ ။ သမ္မတရုံးက စစ်ဖို့ ညွှန်ကြားတယ်ဆိုတော့ ဘယ်လိုရလဒ်ထွက်လာနိုင်လဲ။

ဖြေ။ ။ ကြားနာပြီးတော့ ထွက်လာတဲ့ တွေ့ရှိချက်ကို နိုင်ငံတော်သမ္မတကို ပြန်တင်ရမှာပဲ။ Report တင်တာပဲ။ ပြည်သူနဲ့ တွေ့မယ်၊ ကုမ္ဗဏီနဲ့တွေ့မယ်။ ဌာနဆိုင်ရာတွေနဲ့ တွေ့မယ်။ အာဆီယံ အမွေအနှစ်ဖြစ်တယ်။ ကုသလမဂ္ဂ အသိအမှတ်ပြု ဖြစ်တယ်။ ကျနော်တို့က နိုင်ငံတကာကို ကတိကဝတ်တွေ ပျက်မှာကိုပဲ စိုးရိမ်ရတာလေ။ နိုင်ငံတကာကိုလိမ်ပြီးတော့ အင်းလေးကန်ကို လုပ်စားနေလားလို့လည်း အထင်မခံနိုင်ဘူး။

မေး။ ။ ဆိုတော့ ဒီကိစ္စက နိုင်ငံတော်သမ္မတက တိုက်ရိုက်ကိုင်တွယ်နေတယ်လို့ ပြောလို့ရတာပေါ့။

ဖြေ။ ။ အောက်ခြေက တိုင်စာတွေ တက်လာတယ်။ ကျနော်ဆိုရင် ပြည်သူ့လွှတ်တော် သယံဇာတကော်မတီကို စာတက်တယ်။ အမျိုးသား လွှတ်တော် သယံဇာတကော်မတီကိုလည်း စာတက်တယ်။ ကော်မတီကနေ ဝန်ကြီးရုံးကို ပို့တယ်။ဝန်ကြီးရုံးကနေ သမ္မတကို ပို့တယ်။ သမ္မတဆီကို တိုက်ရိုက်တိုင်တာ တစ်ခုတက်တယ်။ နောက် ကော်မတီတွေ့ရှိချက် သမ္မတဆီတက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အင်းလေးကန်ကို စိတ်ဝင်စားပြီးတော့ ဂျပန်ကနေ အကူအညီတော်တော်တောင်းထားတာလည်း ရှိတယ်လေ။ လူကြီးတွေက အင်းလေးကန်ကို ဂရုစိုက်တယ်။ သဘာ၀ ပတ်ဝန်းကျင် မပျက်စီးအောင်။ တစ်ခုခုဖြစ်ရင် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်ပဲ ညပ်မှာ။ အစိုးရကလည်း ယုံကြည်စွာ နိုင်ငံတကာကို ကတိပေးထားခဲ့တယ်။ ပြည်သူတွေတဲဆောက်ရင် မြေချဲ့ရင် တားတယ်၊ တရားစွဲတယ်။ အဲဒီလိုလုပ်ခဲ့တာကိုး။ ပြည်သူတွေ အမြင်မှာ သူတို့ တဲကျတော့ တရားစွဲတယ်။ ဟိုတယ်အကြီးကြီးတွေ လာဆောက်တော့ ဘာမှ မပြောဘူးဆိုတဲ့အမြင်။ တစ်ခါ နိုင်ငံတကာအမြင်ကျတော့လည်း အင်းလေးကန်ထိန်းသိမ်းတယ်ဆိုပြီးတော့ ပတ်ပတ်လည်မှာ အုတ်ကန်ကြီးဖြစ်အောင် အဆောက်အဦးကြီးတွေ ဆောက်လုပ်သွားမှာ နိုင်ငံတကာ အဲလိုမြင်သွားမှာပါ။

မေး။ ။ ဦးထွန်းနိုင်ရွှေရဲ့ မြန်မာနိုင်ဂရု ကုမ္ဗဏီက ဆောက်လုပ်မယ့် ဟိုတယ်ကို ထောက်ခံမယ့် သူတွေလည်းရှိနေတယ်ဆိုတော့ …..။

ဖြေ။ ။ သူတို့ဘာကြောင့် ထောက်ခံလဲမသိဘူး။ ကျနော် တည့်တည့်ပြောရရင်တော့ လမ်းလှူမယ်၊ တံတားလှူမယ်၊ ကျောင်းလှူမယ်ပြောပြီးတော့ ထောက်ခံအောင်လုပ်တာလို့ ဝေဖန်ပြောကြားရမှာပဲ။ ဒါပေမယ့် ကျနော်ပြောသလို လှူတယ်ဆိုတာ ဘာလုပ်ပေးလို့ ဘာပြန်ရဆိုတာက လှူတာမှမဟုတ်တာပဲ။ အပေးအယူလုပ်တာပဲ။ အဲလိုဖြစ်တာ။ ကျနော်တို့ အင်းလေးဒေသမှာ လမ်းတွေ တံတားတွေ ကျောင်းတွေ လာလှူစေချင်ပါတယ်။ ရိုးရိုးသားသားပေါ့။ လာလှူပြီးတော့ ကျနော်တို့ မြေတွေကို ပြန်ယူသွားမယ်ဆိုရင်တော့ လှူတာမှမဟုတ်တာ။ အပေးအယူလုပ်တာလေ။ ဒေသခံ ပြည်သူတွေက ဟိုတယ်မပေးဆောက်လို့ လမ်းတွေမရတော့ဘူး၊ ကျောင်းတွေ မရမှာစိုးတော့ ထောက်ခံရတာပေါ့။ ဒီလမ်းတွေ တံတားတွေ ကျောင်းတွေဆိုတာ နိုင်ငံတော်က ရသမျှ ဘတ်ဂျက်တွေနဲ့ ရအောင် လုပ်ပေးနေပါတယ်။

မေး။ ။ ဦးသန်းရွှေရဲ့ ဦးထွန်းနိုင်ရွှေက အဲဒီ အင်းလေးက မြေဧက ၉၀ ကိုယ် ဘယ်တုန်းက သိမ်းသွားတာလဲ။

ဖြေ။ ။ ကျနော်တို့လည်း အခုလေ့လာတွေ့ရှိတာက ၂၀၁၁ ခုနှစ် မတ်လမှာ ဦးသိန်းစိန် အရပ်သားအစိုးရကို လွှဲခါနီးလေးမှာ သဘာဝနယ်မြေအကျယ်ကြီးကို အလယ်ကနေ ဖောက်ပြီးတော့ ဧက ၉၀ ကို ယူလိုက်တာပေါ့။ အခုကျမှ အဲဒီအမှုတွဲဖတ်ရတာ။ သစ်တောဝန်ကြီး ဦးသိန်းအောက်လက်ထက်မှာ။ နောက်တော့ သူက ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်သွားတယ်။ သဘာဝနယ်မြေအကျယ်ကြီးထဲကနေ ဧက ၉၀ ကို အလယ်ဖောက်ယူလိုက်တဲ့အတွက် သဘာဝနယ်မြေ မလျှော့ပါးပါဘူးဆိုပြီး မပျက်စီးပါဘူးဆိုတာ အကြောင်းပြတယ်။ အခု မြေလွတ်မြေရိုင်းဖြစ်သွားတာပေါ့။ သဘာဝနယ်မြေအဖြစ် ပြန်သတ်မှတ်ဖို့ဆိုရင် ခုနက နှစ်ချက်ကို စိစစ်နိုင်ရမှာပေါ့။ အရင်စစ်အစိုးရနဲ့ အရပ်သား အစိုးရမလွှဲခင်ကြားထဲမှာ ယူသွားတာ။

မေး။ ။ နောက်ဆုံး မေးခွန်းပါ။ သစ်တောဝန်ကြီးဦးသိန်းအောင်က လွှဲပေးတာ၊ ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေရဲ့သားက ဧက ၉၀ ယူသွားတာက ဥပဒေနဲ့ညီရဲ့လား။

ဖြေ။ ။ အဲဒီတုန်းက ဥပဒေဆိုတာက အမိန့်နဲ့ ညွှန်ကြားချက်တွေနဲ့ သွားတာလို့ယူဆတယ်။ ကျနော့်မှာ အဲဒီစာလေးတော့ရှိတယ်။ ဝန်ကြီးအမိန့်နဲ့ယူသွားတာကို။ ကျနော်တို့ကျတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် သဘောတူလား။ ပြည်သူတွေ သဘောတူလား။ ကျနော်တို့မှာ ဌာနတွေရှိတယ်။ အစိုးရဌာနတွေပဲလေ။ နောက်စိုက်ပျိုးရေး ဌာန၊ မြေစာရင်းဌာန အောက်ခြေကို မေးရမှာ။ ကျနော်တို့က အောက်ခြေအထိ ဒါက စိုက်ပျိုးလို့ရလား၊ ဟိုတယ်ဆောက်လို့ရလား မေးတယ်။ အပေါ်က အမိန့်နဲ့မလာဘူး။ ဟိုတုန်းကတော့ သစ်တောဝန်ကြီးဦးသိန်းအောင် အမိန့်နဲ့ သူက မြေတွေယူသွားတယ်ဆိုတော့ ဒီမိုကရေစီစံနှုန်းနဲ့ ကြည့်မယ်ဆိုရင် လုံး၀ ဥပဒေနဲ့မညီဘူးလို့ ပြောချင်တယ်။ ဥပဒေနဲ့မညီဘူးဆိုတာ အရင်တုန်းက ဥပဒေနဲ့ အခု ဥပဒေ တူချင်မှ တူမှာကိုး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com