Local News political news

“သင်္ကန်းဝတ်ဖြင့် သေနတ်ကိုင်မယ်” ဆိုတဲ့ ဦးဝိစိတ္တာဘိဝံသ နဲ့ ဇတ်လမ်းရှုပ်လူထွက်သွားတဲ့ အမျိုးသားရေးဝါဒီအမည်ခံတွေကြောင့် သာသနာတော် မျက်နှာငယ်နေရဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်မြို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲမှာ သင်္ကန်းဝတ်ဖြင့် သေနတ်ကိုင်မယ်လို့ ပြောဆိုတဲ့ ဦးဝိစိတ္တာဘိဝံသနဲ့ မကြာသေးခင်က အမျိုးသမီးသမီးတစ်ဦးနဲ့ ဇတ်လမ်းရှုပ်ပြီး ဆေးကုမယ်ဆိုကာ လူထွက်သွားတဲ့ MRTV 4 ဆရာတော်လို့ အများသိကြတဲ့ အမျိုးသားဝါဒီအမည်ခံလုပ်စားသူတွေကြောင့် သာသနာတော်ကြီးဟာ မျက်နှာငယ်နေရတယ်လို့ နာမည်ကျော်ကြားတဲ့ ဆရာတော်နှစ်ပါးက မိန့်ကြားလိုက်ပါတယ်။

အာရှအလင်းရောင် ဆရာတော်ဦးစိန္တိတနဲ့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦး အရိယ ဝံသာဘိဝံသ က ထေရဝါဒ ဗုဒ္ဓသာသနာတော်မှာ မြတ်စွာဘုရားတော်ရဲ့ လမ်းညွှန်ချက်တွေနဲ့ မညီတဲ့ အပြုအမူ အပြောအဆိုတွေ လုပ်ကိုင်နေကြသူတွေကြောင့် သာသနာဟာ နိုင်ငံတကာအလယ်မှာရော ပြည်တွင်းမှာ ဂုဏ်သိက္ခာညှိးနွမ်းနေရတယ်လို့ ဆိုကြပါတယ်။

“အများကြီးထိခိုက်တယ်။ ဘဒ္ဒ န္တဝိစိတ္တာဘိဝံသရဲ့ စစ်တပ်ထောက်ခံပွဲမှာ ပြောတဲ့ဟာကပေါ့။ သူတစ်ယောက်က ထောက်ခံတာ ထောက်ခံခွင့်ရှိပါတယ်။ ဒါကတော့ ကန့်ကွက်ခွင့်လည်းရှိမှာပါပဲ။ဒါကတော့ ဘုန်းကြီးမဆိုလိုပါဘူး။ ကောင်းတယ်ဆိုးတယ်မဝေဖန်လိုပါဘူး။ သို့သော်လည်း ရဟန်းတစ်ပါးအနေနဲ့ ဒီလို စကားသံတွေ ထွက်တယ်ဆိုတဲ့ ကိစ္စတစ်ခုကတော့ သူ့အနေနဲ့ မထွက်ခင် မပြောခင်ကတည်းက စဉ်းစားချင့်ချိန်ဖို့တော့ လိုလိမ့်မယ်ထင်တယ်။ ဒါ က သာသနာအတွက်ကတော့ ပြည်တွင်းမှာကလည်း ဗုဒ္ဓဘာသာတစ်မျိုးတည်းကိုးကွယ်တာမှမဟုတ်တာအခြား ဘာသာဝင်တွေလည်းရှိတယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ ကြည့်မယ်ဆိုရင်လည်း ဘယ်လိုနည်းနဲ့ပဲ ပြောပြော ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကတော့ အရမ်းထိခိုက်သွားတယ်ဆိုတာ ငြင်းလို့မှ မရတာလေ။ ဗုဒ္ဓဘာသာသာသနာအတွက်ကတော့ အရမ်းကို နစ်နာတဲ့ အပြုအမူ အပြောအဆိုတွေလို့ သံဃာပိုင်းတော်တော်များများက ပြောဆိုတာလည်းရှိပါတယ်။ အင်မတန်ထိခိုက်ပါတယ်” လို့ အာရှအလင်းရောင် ဆရာတော် ဦးစိန္တိတက မိန့်ပါတယ်။

သိပ်မကြာသေးခင်က MRTV 4 ဆရာတော် ဆေးကုမယ်ဆိုပြီး လူထွက်သွားပြီး အမျိုးသမီးတစ်ဦးနဲ့ ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာကလည်း ပိုပြီးတော့ သာသနာတော်ကို ထိခိုက်တယ်လို့ ဆိုပါတယ်။

” MRTV ဆရာတော်နဲ့ ပုံအမျိုးမျိုးတွေကတော့ ပိုပြီးတော့ ထိခိုက်နစ်နာမှုတွေဖြစ်ရပါတယ်။ ဒါကြီးက သာသနာမှာ မလျှော်တဲ့ကိစ္စတွေပေါ့နော်။ သူလုပ်သွားတဲ့ကိစ္စတွေက လူထွက်ပြီးမှလုပ်တာလား၊ လူမထွက်ခင်လုပ်တာလား။ ဘာမှန်းကို သဲသဲကွဲကွဲမသိဘူး။ ပုံတွေက ။ လူထွက်ပြီး လုပ်တယ်ဆိုရင် ပြောစရာမလိုပေမယ့် သင်္ကန်းဝတ်နဲ့ ကာရာအိုကေသွားတာတို့ ကိစ္စတွေကျတော့ အင်မတန်သာသနာအတွက် ညစ်နွမ်းပါတယ်။ သာသနာရဲ့ ဂုဏ်သိက္ခာညှိနွမ်းပါတယ်။ ဒါလေးတွေကို ကြည့်ပြီး ပင်ပန်းနေကြတယ်။ တို့သာသနာ တော်တော်ကြီးသွားပြီလားပေါ့။ ဒါက စနစ်တကျနဲ့သာသနာကို အထင်သေး အမြင်သေးအောင် လုပ်နေကြရော့သလားလို့တောင် ထင်စရာတွေအထိ တွေးလာမိတယ်” လို့ အာရှအလင်းရောင် ဆရာတော်က မိန့်ဆိုပါတယ်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာဘိဝံသကတော့ လက်ရှိ အမျိုးသားရေးဝါဒီ အမည်ခံတွေ လုပ်နေကြတာ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်တွေကို အကြီးအကျယ် ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

“သာသနာတွေမှာ မြတ်စွာဘုရားက မကြည်ညိုသေးတဲ့သူတွေ ကြည်ညိုအောင် လုပ်ဆောင်နေထိုင်ကျင့်သုံးကြရမယ်လို့ ပြောတာ။ အများကောင်းကျိုးလုပ်ရင် ဘယ်သူတွေ မကြည်ညိုဘဲနေမလဲ။ ကြည်ညိုကုန်ကြမှာပေါ့။ ရဟန်းရဲ့အခြေခံမူပဲ။ ဒီမူနဲ့ တိုင်းကြည့်ရင် ဒီအုပ်စုတွေက တက်တက်စင် လွဲနေတယ်။ နောက်တစ်ခုကလည်း ခေတ်အပြောင်းမှာက ဒီ အုပ်စုနှစ်စုဖြစ်နေတယ်။ ဓမ္မလိုလားတဲ့ Justice အုပ်စုနဲ့ အာဏာနဲ့ငွေကြေးလိုလားတဲ့အုပ်စု နှစ်ခုကွဲနေတယ်”လို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်က ဆိုပါတယ်။

ICC နဲ့ R2P လာရင် သေနတ်ကိုင်မယ်ဆိုတဲ့ ဦးဝိစိတ္တာဘိဝံသ စကားကြောင့် နိုင်ငံတကာက ဘာသာရေး အစွန်းရောက်မှုတွေ အဖြစ် ဝေဖန်ရေးသား ပြောဆိုနေကြချိန်မှာ လူထွက်သွားတဲ့ MRTV 4 ဆရာတော်ဆိုသူနဲ့ အမျိုးသမီးတစ်ဦး ဇတ်လမ်းရှုပ်တဲ့ ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့လာတာကြောင့် ပြည်တွင်းမှာ ဝေဖန်မှုတွေ ပွတ်လောရိုက်နေပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts