All News Editorial

ရန်ကုန်တိုင်းအစိုးရ လွှတ်တော်ကို အသိမပေးဘဲ လုပ်ချင်ရာလုပ်နေတာတွေ၊ စီမံခန့်ခွဲမှု အလွဲတွေကို ပြင်ဆင်ပါ၊၊ မီဒီယာကို မမဲပါနဲ့

ရန်ကုန်တိုင်းဒေသကြီးအစိုးရက Eleven သတင်းသမား ၃ ဦးကို “အမြဲရံှူးနေတဲ့စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ကျောင်းကားနဲ့လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီးထားပါတယ်။ ဒီဖမ်းဆီးမှုတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု မမြောက်ဘဲ အချက်အလက်အမှန်တွေအပေါ် မှာ ရေးသားတာလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ဇေယျနဲ့ ဒေါ်စန္ဒာမင်းတို့က ထုတ်ဖော်ပြောဆိုလာပါပြီ။

တကယ်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ကိုယ်တိုင်စီမံခန့်ခွဲမှု အလွဲတွေ လုပ်နေတာမို့ လွှတ်တော်ထဲမှာ လုပ်ချင်ရာလုပ်နေတယ် လို့ အမတ်တွေကိုယ်တိုင် ထုတ်ဖော်ဝေဖန်ထားပြီးသားဖြစ်ပါတယ်။ ကိုယ့်စီမံခန့်ခွဲမှုတွေ အလွဲတွေကို မဖြေရှင်းဘဲ မပြင်ဆင်ဘဲ မီဒီယာကို နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး ဖမ်းဆီးတာဟာ မဖြစ်သင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေ နိုင်ငံရေးအသိုင်းအဝိုင်းမှာ သောသောညံနေပါတယ်။

ပြန်ကြည့်ရအောင်ပါ။ ရန်ကုန်တိုင်းအစိုးရ ဘယ်လို စီမံခန့်ခွဲမှုတွေ အလွဲတွေ လုပ်ဆောင်နေပါသလဲ။ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇော်ယျနဲ့ ဒေါ်စန္ဒာမင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွေမှာ တိုင်းအစိုးရဟာ စီမံခန့်ခွဲမှု လွဲနေတယ်၊ လုပ်ချင်ရာလုပ်နေတယ်ဆိုတာ ထောက်ပြပြီးသားပါ။

YBS ကိစ္စမှာ ဧရာဝတီဘဏ်ကနေ လွှတ်တော်ကို အသိမပေးဘဲ ငွေကျပ် ၈ ဘီလီယံ ချေးသွားတဲ့ကိစ္စ၊ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် သန်း ၅၅၀၀ ချေးငှားသွားတဲ့ကိစ္စ၊ ကျောင်းကား ၁၃၅ စီး ခြုံတောထဲမှာ ၁ နှစ်ကျော် ရပ်နားထားတဲ့ကိစ္စ၊ အရှုံးပြနေတဲ့ Water Bus ကိစ္စ၊ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် မြို့သစ်တွေအစား မြို့ဟောင်းတွေကို အဆင့်မြှင့်တင်ဖို့ မှာကြားထားပေမယ့် မြို့သစ်စီမံကိန်း ဆက်ရှိနေတာ၊ လွှတ်တော်ကို အသိမပေးဘဲ စီမံကိန်းတွေ လုပ်ဆောင်တာတွေပါ။ လွှတ်တော် အမတ်တွေကိုယ်တိုင်လည်း ဒီကိစ္စတွေကို အကြီးအကျယ်ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။

အခုတစ်ကြိမ် ရန်ကုန်တိုင်းလွှတ်တော်အတွင်းမှာလည်း လွှတ်တော်အမတ်တွေက တိုင်းဒေသကြီးအစိုးရကို အကြီးအကျယ် ထောက်ပြမှုတွေ လုပ်ခဲ့ကြပါတယ်။ အဓိကအားဖြင့်တော့ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကြောင့်ပါပဲ။ ဒီလို ထောက်ပြမှုတွေကို လွှတ်တော်တွင်းမှာ မဖြေရှင်းဘဲ ငြိမ်ခံခဲ့ပြီးမှ မီဒီယာတွေက ထောက်ပြ ရေးသားတဲ့အခါ နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး မီဒီယာမဲတာဟာ ကြွက်မနိုင် ကျီကို မီးနဲ့ ရှို့တဲ့လုပ်ရပ်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က ဂျပန်သွားရောက်တဲ့အချိန် မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်ရှိပါတယ်လို့ ပြောနေတဲ့အချိန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတင်းသမား ၃ ဦးကို ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ထိခိုက်စေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နုတ်ထွက်စကားကိုလည်း နိုင်ငံတကာကကဲ့ရဲ့အောင် လုပ်ဆောင်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြောနဲ့ အလုပ် မညီတဲ့ ခေါင်းဆောင် အဖြစ် နိုင်ငံတကာက နားလည်မှု လွဲမှားအောင် လုပ်လိုက်သလိုပါပဲ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းချင်တာကတော့ မီဒီယာဟာ သူ့အလုပ် သူလုပ်တာမို့ မီဒီယာတွေကို ပစ်မှတ်ထားရင် မီဒီယာတွေကို မဲနေရင် ရလဒ်မကောင်းနိုင်ဘူးဆိုတာပါပဲ။ ဒါကြောင့် ဖမ်းဆီးထားတဲ့ သတင်းသမား ၃ ဦးကို ချက်ချင်းလွှတ်ပါ။ အဓိကအားဖြင့် ကိုယ့်ရဲ့ စီမံခန့်ခွဲမှု အလွဲတွေကို လွှတ်တော်မှာ တင်ပြ ဝန်ခံ ပြင်ဆင်ဖို့ပါပဲ။ ကြည်ညိုစေချင်ရင် ကိုယ်တိုင်ကလည်း ကြည်ညိုရမယ့် ဂုဏ်ပုဒ်တွေ ရှိအောင် နေထိုင်ဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com