Local News political news

ရန်ကုန်တိုင်းအစိုးရက Eleven သတင်းသမား ၃ ဦးတရားစွဲဆိုမှု မရုပ်သိမ်းဘဲ အာမခံပေး၍ ညှိနှိုင်းမည်ဆိုပါက လုံးဝလက်မခံကြောင်း MPC ဒုတိယဥက္ကဋ္ဌ ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းအစိုးရက Eleven သတင်းသမား ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခဖြင့် တရားစွဲဆိုမှုကို မရုပ်သိမ်းဘဲ အာမခံပေး၍ ညှိနှိုင်းမည်ဆိုပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC) အနေဖြင့် လုံး၀ လက်မခံဘဲ အမှုရုပ်သိမ်းပေးမှသာ ညှိနှိုင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း MPC ဒုတိယဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်ကပြောသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရန်ကုန်တိုင်းအစိုးရကို Eleven အမှုကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဖြင့် ညှိနှိုင်းဆောင်ရွက်ရန် အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ညွှန်ကြားချက်ထုတ်ပြန်ထားခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကလည်း အောက်တိုဘာလ ၂၂ ရက် တနင်္လာနေ့ နောက်ဆုံးထား၍ အမှုရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ေကြောင်း၊ သို့ရာတွင် ရန်ကုန်တိုင်းအစိုးရက MPC ၏ တောင်းဆိုမှုကို တစ်စုံတရာ အကြောင်းပြန်ခြင်းမရှိဟု ဦးအုန်းကြိုင်က ပြောသည်။

“သမ္မတညွှန်ကြားချက် မလိုက်နာရင် သမ္မတက သူတို့ကို ချပေါ့။ အဲဒီမှာ ဟိုလူတွေက အာမခံလျှောက်ထားတယ်။ အာမခံနဲ့ ရောလွှတ်ပြီး လုပ်မယ့်ပုံရတယ်။ဒါပေမယ့် ငါတို့က လက်မခံဘူး။ ဥပဒေအရ ရုံးမှာ ရောက်တဲ့ အမှုကို ကိုင်လို့မရဘူး။ အမှုရုပ်သိမ်းပေးမှ ရမယ်။ အာမခံနဲ့ လွှတ်ပေးပြီး လာညှိနှိုင်းရင်လည်း လက်မခံဘူး။ အာမခံနဲ့ လွှတ်ပေးပြီး လုပ်မယ်ဆိုရင် ငါတို့မှာလည်း လုပ်စရာရှိတယ်။ ဒါက မြှုပ်ကွက်ပဲ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

သမ္မတက ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ ညွှန်ကြားလိုက်သည့် စာသည် အောက်တိုဘာလ ၁၇ ရက်နေ့စွဲဖြင့် ညွှန်ကြားထားခြင်းဖြစ်ပြီး အချက် ၃ ချက်ပါဝင်ကာ ပထမအနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ နစ်နာသော အဖွဲ့အစည်း၊ဌာန(သို့မဟုတ်) ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ရှေးဦးစွာ တိုင်ကြားရန်၊ ဒုတိယအနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၂ အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက နှစ်ဖက်ညှိနှိုင်းတွေ့ဆုံဖြေရှင်းပေးရန်၊ တတိယအနေဖြင့် ညှိနှိုင်းမှု မပြေလည်ပါက ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် ဟု ညွှန်ကြားစာတွင် ပါရှိသည်။

Eleven သတင်းသမား ၃ ဦးကို အမြဲရှုံးနေတဲ့စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ကျောင်းကားနှင့် လူနာမည်ပေါက် ပြည်သူ့ရှယ်ယာဆောင်းပါး ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts