All News interview

“(ရန်ကုန်တိုင်းအစိုးရက) တရားရုံးက အမှု ပြန်ပြီး Withdraw (ရုပ်သိမ်း) လုပ်ရမယ်”

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့်ဆက်သွယ်မေးမြန်းချက်

ရန်ကုန်တိုင်းအစိုးရက Weekly Eleven သတင်းသမား ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည့်အပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကိုလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းပေးရန် အောက်တိုဘာလ ၁၈ ရက်နေ့ တွင် တိုင်ကြားပြန်သည်။ အဆိုပါ တိုင်ကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သဘောထား၊ အမှုအခြေအနေတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရန်ကုန်တိုင်းအစိုးရဘက်က Eleven ကိစ္စ သတင်းမီဒီယာကောင်စီကို လာတိုင်တယ်ဆိုတော့ တရားရုံးရောက်နေတဲ့ကိစ္စကို သတင်းမီဒီယာကောင်စီက ဘာမှ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်ရှိတယ်။ အဲဒီတော့ တရားရုံးရောက်နေတဲ့ အမှုကို သတင်းမီဒီယာကောင်စီက ဘယ်လိုဝင်ညှိမလဲ။

ဖြေ။ ။ တရားရုံးကအမှု ပြန်ပြီး Withdraw လုပ်ရမယ်။ ဟုတ်တယ်လေ။ ငါပြောမယ်။ ဒီကိစ္စက စစချင်းမှာသူတို့က တရားရုံးကို ဦးတိုက်လျှောက်တာ။ ဂတ်တွေဘာတွေတိုင်တာမဟုတ်ဘူး။ တို့က ဒီက ကြေညာချက်ထုတ်တာ။ စာနယ်ဇင်းသမားတွေနဲ့ပတ်သက်ရင် တို့မီဒီယာကောင်စီဥပဒေဟာ ပြည်ထောင်စုလွှတ်တော်ကနေ ပြဋ္ဌာန်းတယ်။ မီဒီယာကောင်စီကပဲ အဆုံးအဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်တယ်လို့ ကြေညာလိုက်တယ်။ နောက်စာနယ်ဇင်းသမားတွေက ဝေဖန်နိုင်တယ်။ သတင်းရေးနိုင်တယ်။ ထောက်ပြနိုင်တယ်။ ဥပဒေပုဒ်မတွေအရ ခွင့်ပေးထားတယ်။ အဲဒါ ရေးတာကို တစ်ဖက်က မခံနိုင်ရင် မီဒီယာဥပဒေနဲ့ပဲ အရေးယူသင့်တယ်။ အရေးယူရမယ်။ အဲဒီလိုကြေညာတယ်။ အဲဒီဘောင်ထဲကို ဝင်လာတဲ့အတွက် ရန်ကုန်တိုင်းအစိုးရက တို့ဆီကို ဒါကို ဖြန်ဖျေပေးပြီးတော့ ညှိနှိုင်းဖြေရှင်းပေးပါလို့ တောင်းဆိုတယ်။

မေး။ ။ ရန်ကုန်တိုင်းအစိုးရက အမှုရုပ်ရမှာပေါ့။

ဖြေ။ ။ အေးပေါ့။ နောက်တော့ ဟိုဘက်က Eleven က အဖမ်းခံရမယ့်ဆဲဆဲမှာ တို့ဆီကို စာတစ်စောင် ပို့ထားတယ်။ ညှိနှိုင်းဖြေရှင်းပေးပါလို့ အကူအညီတောင်းထားတယ်။ သူက ပထမ ။ ရန်ကုန်တိုင်းအစိုးရက ဒီနေ့ လာပို့တာ။ ဒုတိယ။ အဲဒီတော့ နှစ်ခုစလုံးက ညှိနှိုင်းဖြေရှင်းပေးပါဆိုတဲ့ ဆန္ဒသဘောထားရှိတယ်။ အဲဒါ မီဒီယာကောင်စီက ဒါကို ကိုင်တွယ်ပြီး ဖြေရှင်းပေးမယ်။ သို့သော် မီဒီယာကောင်စီဥပဒေအရ ရုံးတော် ရောက်နေတဲ့ အမှုကို ဝင်စွတ်ဖက်လို့မရဘူး။ မရတဲ့အတွက် ရုံးက အမှုကို Withdraw လုပ်ပေးပါလို့ သူတို့ ပြန်ပြောလိုက်တယ်။ ရှင်းပြတယ်။ တို့ကဥပဒေစာအုပ်ပါ ပေးပြီး ရှင်းပြတယ်။ သူတို့ သဘောပေါက်သွားတယ်။ နောက်ထပ် တယ်လီဖုန်းနဲ့ ဆက်ပြီး တို့ကို တိုင်ဖို့ Form ပုံစံတွေရှိတယ်။ အဲဒီပုံစံဖြည့်ပြီး လာတဲ့အခါကျတော့ တိုင်ကြားသူရဲ့ အလိုဆန္ဒဆိုတာပါတယ်။ ဆန္ဒသဘောထား။ သူတို့က ဒါကို ဖြေရှင်းချက်ထည့်ပေးမယ်ဆိုရင် သူတို့ အမှု ရုပ်သိမ်းပေးပါမယ်ပေါ့။

မေး။ ။ မရှင်းလို့ ထပ်မေးချင်တယ်။ အမှုက ရုပ်မှာလား။

ဖြေ။ ။ ရုပ်ရမှာပေါ့။ ရုပ်ရမှာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com