All News interview

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှားတယ်။ အန်ကယ်တို့ ထောက်ပြနေတာ မမှားအောင်လုပ်နေတာ”

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ဇေယျနှင့်တွေ့ဆုံခြင်း အပိုင်း ၁

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပထမဦးဆုံးစတင်တာဝန်ယူသည့်အချိန်ကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကို အကဲဖြတ်သည့် ရန်ကုန်ုတိုင်းစာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်လိုက်ပြီ ဖြစ်ပြီး ယင်းအစီရင်ခံစာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ လုပ်ဆောင်ချက် အတော်များများမှာ မအောင်မြင်သည့် အခြေအနေ ဆိုက်ရောက်နေသည်။ စီမံကိန်းများမှာလည်း းမသေချာ မရေရာပဲ ရှိနေရာ ရလဒ် မကောင်းဟု အစီရင်ခံစာက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကလည်း ယင်းအစီရင်ခံစာအပေါ် မူတည်၍ တိုင်းဒေသကြီးအစိုးရကို ထောက်ပြမှုများ လုပ်ဆောင်နေပြီဖြစ်ပြီး ယင်းသို့ ထောက်ပြမှုများတွင် သေချာစွာ အချက်ကျကျ ထောက်ပြလေ့ရှိသူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ဇေယျကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ NLDက အစိုးရတာဝန်ယူလာတာ ၃ နှစ်နီးပါးရှိလာပြီ။ရန်ကုန်တိုင်းဒေသကြီးမှာလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်လာတာ ၃ နှစ်နီးပါးရှိလာပြီ။ ရန်ကုန်က ဘာတွေ ပြောင်းလဲသွားပြီလဲ။ ၃ နှစ်အတွင်းမှာ။

ဖြေ။ ။ ဝန်ကြီးချုပ်ကြီးကတော့ ပြောတယ်ပေါ့။ ရန်ကုန်မြို့ကြီးကို လူများနေချင်စဖွယ် စိမ်းလန်းစိုပြေတဲ့မြို့တော် ကြီးဖြစေ်အာင် လုပ်ဆောင်မယ်။ ဒါက တကယ်တော့ ဝန်ကြီးချုပ်ကြီးက ပြောဖို့တောင် မလိုပါဘူး။ အန်ကယ်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းထဲမှာ ပါပြီးသားပါ။ မြို့ပြအမွေအနှစ်တွေ စောင့်ရှောက်ပြီးတော့ မြို့ပြတွေ သာယာအောင် လုပ်ဖို့ဆိုတာ ပါပြီးသားပါ။ သို့သော်လည်း ပြောချင်တာက ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ မြို့ပြစီမံကိန်း ရည်ရွယ်ချက်တွေထဲမှာ ၅ ချက်ရှိပါတယ်။ အဲဒီမှာ တစ်ချက် ပါဝင်တယ်။ လက်ရှိမြို့ကို ရေမီးမိလ္လာစနစ်တွေ အမှိုက်သိမ်းစနစ်တွေ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရမယ်ဆိုတာ ပါပါတယ်။ အန်ကယ် အနှစ်သာရ ပြောချင်တာက မြို့သစ်လုပ်ဖို့မပါဘူး။ဒီနေ့ ဝန်ကြီးချုပ်ကြီးက မြို့သစ်ကို လုပ်ဖို့ စိုင်းပြင်းတယ်။

လွှတ်တော်မှာလည်း ဆွေးနွေးခွင့် မရလို့ ပြောကြဆိုကြနဲ့ ဒါတွေက ။ ဒေသန္တရစီမံကိန်းတွေမှာလည်း ဒီစီမံကိန်းတွေကို နောက်ဆက်တွဲအနေနဲ့ အတည်ပြုတဲ့အထဲမှာ ပါသွားအောင် နောက်ဆက်တွဲ ၁ ၊ ၂ ၊ ၃ ဆိုပြီး ရေးတာတွေရှိတယ်။ ဒါကြောင့်မို့ စီမံကိန်းကော်မတီက နောက်ဆက်တွဲတွေကို အတည်မပြုပါဘူး။ ဒါမျိုးတွေက ပြောဆိုပြီး ငြင်းခုန်နေရတာ။ အခု မေးတဲ့မေးခွန်းအရ ၂ နှစ်ကျော် ၃ နှစ်ထဲဝင်လာပြီဆိုတော့လည်း ဒီမြို့တော်ကြီးကို ပြန်လည်ပြုပြင်တဲ့အပိုင်း အဓိကက ရန်ကုန်မြို့ တော်စည်ပင်နဲ့ ဆိုင်တာပေါ့။ ရန်ကုန်မြို့တော်စည်ပင်က ဘယ်လောက် Upgrade မြှင့်ပေးနိုင်လဲ။ ငွေတွေတော့ သုံးတယ်။ ရန်ကုန်တိုင်းက ရငွေတွေ တော်တော်များများကို သူက သုံးတယ်။

စည်ပင်တစ်ခုတည်း ယှဉ်ကြည့်လို့ရှိရင် ရငွေနဲ့ သုံးငွေဆိုရင် သုံးငွေက ပိုများတယ်။ ထားတော့ သုံးငွေက များမှာပဲ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပဲ။ ထောက်ပြစရာမလိုပါဘူး။ များတော့များမှာပဲ။ သို့ပေမယ့် ထိရောက်လားပေါ့။ နေချင်စဖွယ် စိမ်းလန်းစိုပြေတဲ့ မြို့တော်ကြီးဖြစ်ပြီလား။ အဲဒီမေးခွန်းကို ဖြေရလို့ရှိရင် ကျနော့် ဒဂုံမြို့နယ်မှာအတိုင်းအတာနဲ့ ဖြေပါရစေ။ ဒဂုံမြို့နယ်မှာ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်ကြီးရှိတယ်။ ဒီနေ့ နာမည်အခေါ်က ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်ပေါ့။ ဒါပေမယ့် ဥယျာဉ်ဆိုတာ ပျောက်သွားပြီ။ ရင်ပြင်ထဲမှာ ဘာတွေဖြစ်လဲ။ ငှားတယ်။ ဆိုင်ခန်းတွေ ပေါ်လာတယ်။ စားသောက်ဆိုင်တွေ ပေါ်လာတယ်။ ရှော့ပင်းလ်မောကြီးတွေ ပေါ်လာတယ်။ စားသောက်ဆိုင်တွေ ပေါ်လာတော့ စားသောက်ဆိုင်က သူရောင်းကောင်းအောင် ကားပါကင်တွေ လုပ်ရတယ်လေ။ ကားပါကင်အတွက် ရှိပြီးသား သစ်ပင်ကြီးတွေ၊ နှစ်ရှည် လများ ပြုစုလာတဲ့ သစ်ပင်ကြီးတွေခုတ်လှဲပစ်တယ်။ မှတ်တမ်းတွေရှိတယ်။

ဒါတွေက ဒဂုံအတိုင်းအတာတစ်ခုနဲ့ပဲ ပြောတာပါ။ စိမ်းလန်းစိုပြေတဲ့ မြို့တော်ကြီးဖြစ်ဖို့အတွက် စိမ်းလန်းစိုပြေဖို့ အားယူနေတဲ့ သစ်ပင်ကြီးတွေတောင် ပြည်သူ့ရင်ပြင်ထဲမှာ ခုတ်လှဲပြီးတော့ စားသောက်ဆိုင်တွေ အဆောက်အအုံတွေဖြစ်နေပြီ။ ဒါလေးတွေက ဘာဖြစ်လို့ ပြောလဲဆိုတော့ ရန်ကုန်တိုင်းအစိုးရကြီးအစိုးရအဖွဲ့ရုံးနဲ့ ပြည်လမ်းတစ်ခုပဲ ခြားတယ်။ လှမ်းကြည့်ရင် မြင်နေရတဲ့ဟာကြီးကို။ တိုးတက်မှု ရှိပြီလား တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ယှဉ်ကြည့်ရမယ်။ သဘောထားဖြေရရင် နေချင်စဖွယ်မြို့တော်ကြီး ဖြစ်ပြီးလားဆိုတော့ တိုးတက်မှုက နည်းနေသေးတယ်။ နည်းနေသေးတဲ့အပြင် တချို့သော နေရာတွေမှာ ပြန်လည်ပြီးတော့တောင် ဆုတ်ယုတ်သွားတယ်လို့တောင် ဖြေချင်ပါတယ်။

မေး။ ။ သမ္မတ ဦးဝင်းမြင့်က မြို့သစ်စီမံကိန်းထက် ရှိပြီးသားမြို့တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ မှာသွားတယ်။ ဇူလိုင်လ ၂၉ ရက်နေ့တုန်းက တွေ့ဆုံပွဲမှာ။ ဆိုတော့ လက်ရှိမှာလည်း မြို့သစ်စီမံကိန်းတွေက ဆက်သွားနေတယ်ဆိုတော့ သမ္မတအမှာစကားက ဘယ်လိုဆက်ဖြစ်မလဲ။

ဖြေ။ ။ သမ္မတထက် ကျော်လွန်ပြီးတော့ ဝန်ကြီးချုပ်က မလုပ်ရဲပါဘူး။ သို့သော်လည်းပဲ သမ္မတကြီးပြောသွားတာက ရွေးကောက်ပွဲ ကြေညာစာတမ်းနဲ့ ညီညွတ်တယ်။ သူပြောသွားတဲ့အချက်ထဲမှာ။ မြို့ဟောင်းကို ပြန်ပြီးတော့ မြှင့်တင်ရမယ်။ ယနေ့ မြို့သစ်တွေ ယခင်အစိုးရလက်ထက် ဖော်ဆောင်ခဲ့တဲ့ မြို့သစ်တွေ ဒဂုံမြို့သစ်တွေပါမယ်၊ လှိုင်သာယာရွှေပြည်သာပါမယ်ပေါ့။စက်မှုဇုန်တွေလည်း ပါခဲ့တယ်ပေါ့။ အဲဒီနေရာတွေမှာ လုပ်ဖို့က သမ္မတက ပြောတာ။ ဒီနေ့ လူတွေ မနေသေးဘူး။ လူမနေတဲ့မြေကွက်တွေ အများကြီးရှိသေးတယ်။

မြို့သစ်ကြီးဖော်မယ်လို့ တင်ပြတယ်။ မြို့သစ်ဖော်ပြီး လူလာမနေရင် ဆိုတာ အန်ကယ်လည်း တင်ပြ ဆွေးနွေးပါတယ်။ အစိုးရအဖွဲ့ကတော့ မြို့သစ်ကြီးတည်တာ ငွေမကုန်ပါဘူးပေါ့။ ငွေမကုန်ပေမယ့် မြေတွေကုန်တယ်။ေ မြတွေ ပေးလိုက်ရမှာ။ ဒီနေ့ဆိုရင်ပဲ စာရင်းစစ်ချုပ်အစီရင်ခံစာထွက်လာပြီ။ ဒီအစီရင်ခံစာက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ လုပ်ဆောင်ခဲ့တဲ့ ပထမနှစ်ရဲ့ ရလဒ်ကို အစီရင်ခံစာထွက်တာ။ အဲဒီအစီရင်ခံစာက အတန်းတင်စာမေးပွဲကြီးအောင်ဖို့အတွက် ပထမအစမ်းစစ်တာ အမှတ်ထွက်လာပြီ။ နိုး အောင်မှတ်မရဘူး။ ဒီအတိုင်း ဒီအတိုင်းသာ လပတ်တွေ အမှတ်မရဘူးဆိုရင် အတန်းတင်စာမေးပွဲမှာ အောင်ဖို့မလွယ်ဘူး။

မေး။ ။ အောင်မှတ်မရတဲ့နယ်ပယ်တွေက ဘယ်ကဏ္ဍတွေလဲ။

ဖြေ။ ။ အောင်မှတ်မရဘူးဆိုတာ ရလဒ်ပေါ့။ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာမှာ ကိန်းဂဏန်းတွေနဲ့ ညာလို့မရဘူး။ ဥပမာ- စာဘယ်လောက်ကျက်ကျက်၊ သူစာကျက်တယ်ပြောမှာပေါ့။ သို့သော် စာမေးပွဲက ထွက်လာတော့ ဂုဏ်ထူးမှတ်ရတယ်ဆိုရင် စာကျက်တယ်ပြောစရာမလိုတော့ဘူး ဂုဏ်ထူးရတယ်ပဲ။ ရလဒ်နဲ့တွက်ရမှာပဲ။ ဒီထွက်လာတဲ့ ရလဒ်က ဘာရလဒ်လဲ။ရလဒ်တွေ မကောင်းဘူး။ ဘာတွေမကောင်းလဲ YBS လည်းပါတယ်။ YBS ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူပိုင်မြေတွေ အဆောက်အဦးတွေ ၊ ဆိုင်ခန်းတွေ ငှားရမ်းခတွေ နည်းနေပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အစီရင်ခံစာမှာလည်း နည်းနေတဲ့အတွက်ကြောင့် ထောက်ပြတယ်။ ကာလတန်ဖိုးထက် အများကြီးနည်းတယ်ဆိုတာ ထောက်ပြတယ်။ တိုးတော့ တိုးလာတယ်။ကာလတန်ဖိုး မမှီဘူး။ ပြည်သူ့ရင်ပြင်ငှားရမ်းခပဲ ကြည်ပါ။ ၂၀၁၅-၂၀၁၆ မှာ အရမ်းလျှော့နေတယ်။ တစ်စတုရန်းပေကို ငှားရမ်းခ ၀ ဒသမ ၈၈ ကျပ်၊ အဲဒီအချိန်မှာ ဒဂုံမြို့နယ်မှာ တစ်စတုရန်ပေးကို ၇၀၀ ကျပ်ပေါက်တယ်။ အများကြီးနည်းနေတယ်။ အများကြီးနေလို့ တိုးကောက်ပါ။ တိုးပါတယ်။ ဒီနေ့ တိုးကောက်တယ်။ အခု တိုးကောက်တာတောင် တစ်စတုရန်းပေကို ၁၇၇ ကျပ်တိုးတယ်။ အစူိုးရက တစ်စတုရန်းပေကို ၁၇၇ ကျပ် တိုးကောက်ချိန်မှာ အပြင်မှာက တစ်စတုရန်းပေကို ၁၀၀၀ ကျပ်ပေါက်နေတယ်။ အနည်းနဲ့သတ်မှတ်တာနော်။ စာရင်းစစ်ချုပ်ကလည်း အစီရင်ခံထားတယ်။ ပြည်သူဥယျာဉ်ထဲမှာ မြေဧက ၇၆ ဒသမ ၃၆ ဧက ငှားရမ်းထားတာ သဘာ၀ ဥယျာဉ်ကမ္ဘာကို ငှားရမ်းထားတာ အများကြီး နစ်နာနတယ်။ တစ်လ တစ်လ ကျပ်သန်း ၁၀၀၀ နစ်နာတယ်။ အဲဒီတော့ မြန်မာငွေကျပ် ၁၄ ဘီလီယံ နစ်နာတယ်။

တစ်လ ကို ကျပ်သန်း ၁၀၀၀ ကျော်နစ်နာတယ်။ အများကြီးနစ်နာတယ်။ ကြယ်ပွင့်ပြ မေးခွန်းမေးတယ်။ ရုပ်ရှင်ရုံတွေငှားရမ်းခ။ အဲဒီရုပ်ရှင်ရုံတွေ မြန်မာရုပ်ရှင်မြှင့်တင်ရေး(ရန်ကုန်) ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အောက်ကို တိုက်ရိုက် ရောက်သွားတာ။ သူ့ရဲ့ဝင်ငွေ ရအောင်ပေါ့။ လူကြီးတွေက ရန်ကုန်အတွက် ငွေအများကြီးသုံးရမယ်။ ရန်ကုန်ကလူတွေက ရန်ကုန်အတွက် ခံစားဆိုပြီးပေးလိုက်တာပဲ။ အဲဒီကအခွင့်အရေးကို အန်ကယ်တို့ယူရမယ်။ ဒီနေ့ သမ္မတရုပ်ရှင်ရုံ တစ်လကို ၁၇ သိန်းငှားထားတာ။ ထောက်ပြတယ် နည်းပါတယ်။ ကြယ်ပွင့်ပြ မေးခွန်းမေးတော့မှပဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အစည်းအဝေး ခေါ်တယ်။ ခေါ်ပြီးတော့ ရုပ်ရှင်တွေ နည်းနေတယ်ပြောတယ် လွှတ်တော်က ပြောတယ်ပေါ့။ လုပ်ငန်းရှင်တွေကို ဆွေးနွေးကြရအောင်ပေါ့။ အဲဒီတော့ ဒဂုံမြို့နယ်မှာ သမ္မတရုပ်ရှင်ရုံရှိတယ်။ ပထမက ရုပ်ရှင်ရုံ ငှားရမ်းခ ၁ လကို ၁၇ သိန်း။ အခု ထပ်တိုးလိုက်တာ တစ်လကို ၅၂ သိန်း။ ၃ ဆဖြစ်လာတာပေါ့။ သို့သော်လည်း အဲဒီ ၅၂ သိန်းဆိုတာလည်း နည်းသေးတယ်။ အန်ကယ်ရဲ့ ဒဂုံမြို့နယ်မှာ လက်ဘက်ရည်ဆိုင်တောင် သိန်း ၅၀ ပေးနေရတာ။ လက်ဖက်ရည်ဆိုင်လေးနော်။ ရောင်းကေင်းတယ်။ ဆိုင်ခန်းလေး သိန်း ၅၀ ပေးရတယ်။ အခု သမ္မတရကြီး ငှားထားတယ်။ သမ္မတရုံကြီးကို အခုငှားထားတာက သိန်း ၅၀ ပဲပေးရတယ်။ အဲဒီတော့ ဒီစာရင်းစစ်ချုပ် အစီရင်ခံစာမှာ အများကြီးနည်းနေတယ်ထောက်ပြတယ်။ နောက်ဆုံးပိတ် အနှစ်သာရအနေနဲ့ ပြောပြလို့ရှိရင် တချို့ပြည်သူတွေ သိလိမ့်မယ်။ ယခင်အစိုးရလက်ထက် မြောက်ဥက္ကလာနဲ့ ပါရမီက ခုံးကျော်တံတားကြီး ၂ စင်းကို ခေါင်းစဉ်ပြောင်းလိုက်တယ်။ ၃၂ ဘီလီယံ ။

ပြောင်းပြီးတော့ ဘာလုပ်မလဲ။ ပြင်ပ ၁၁ မြို့နယ်ကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်။ လုပ်တယ်။ လုပ်ကြတယ် ပြင်ပမြို့နယ်တွေ။ မြို့နယ်တွေမှာ လုပ်ငန်းတွေရှိတယ်။ ခွဲပြီးတော့လည်း စည်ပင်ပြင်ပ ဆိုတော့ ကိုကိုးကျွန်းမပါဘူး။ ၁၁ မြို့နယ်ရှိတယ်။ ငွေတွေ ခွဲသုံးတယ်။ကောင်းကောင်းမှတ်ထားတယ်။ ဆွေးနွေးဖို့။ ၃၂ ဘီလီယံမှာ လှည်းကူးမြို့နယ်က ကျပ်သန်းပေါင်း ၃၇၇၁ ဒသမ ၁၅၄ ကျပ်သန်း သုံးတယ် အများဆုံးသုံးတယ်။ ငွေသုံးပါ။ မြို့နယ်အတွက် ပဲ သုံးပါ။ အနည်းဆုံးမြို့နယ်က သုံးခွမြို့နယ်။ ကျပ်သန်းပေါင်း ၂၂၀၀ ကျော်ပဲ သုံးတယ်။ သို့သော် ဒီလိုသုံးတာက ဘာကို အခြေခံသုံးတာလဲ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီးလုပ်စရာရှိတယ်။ မြို့တိုင်းမြို့တိုင်းမှာ မြို့နယ် အကျယ်အဝန်းကို တွက်ပြီးပေးတာလား၊ လူဦးရေကို တွက်ပြီးပေးတာလား။ Location ကို တွက်ပေးတာလား။ လိုတယ်။ ဘာမှ မတွက်ဘူး။ လှည်းကူးမြို့နယ် အများဆုံးပေးတယ်။ စီမံခန့်ခွဲတယ်ပေါ့။ သို့သော်လည်း လုပ်ငန်းပေါင်းက ၁၇၂ ခုရှိတယ်။ ကျန်တဲ့လုပ်ငန်းဟာကို တင်ဒါလုပ်ပြီးတော့ ကျန်တဲ့ ၄၄ ခုကို တင်ဒါစွဲမယ့်သူမရှိဘူးဆိုပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောထားနဲ့ တင်ဒါခေါ်ပြီး ကုမ္ဗဏီတွေချပေးလိုက်တယ်။ ပွင့်လင်းမှုမရှိဘူး။ အဲဒါတွေက ဘာလဲဆိုတော့ စာရင်းစစ်ချုပ်ရုံးမှာ အစီရင်ခံထားတယ်။ တိတိကျကျ။ အားနည်းချက်တွေလည်းေ ထာက်ပြထားတယ်။ ဒါကြောင့် လပတ်စာမေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက အောင်မှတ်မရဘူးလို့ပြောတာပါ။

မေး။ ။ ခုနက စကားပြန်ကောက်ရင် သမ္မတစကားကို ဦးဖြိုးမင်းသိန်းက နားမထောင်ဘူးလို့ပြောလို့ရမလား။

ဖြေ။ ။ တကယ်တမ်း မြို့သစ်ကိုသူ အာရုံရောက်နေတယ်။ မြို့သစ်ကြီးကို တည်ဆောက်ဖို့ တရုတ်CCCC ကုမ္မဏီနဲ့ လေ့လာနေတယ်။ အန်ကယ်ထင်တယ် သူလုပ်မှာပဲ။မြို့သစ်မှာလည်း ဒီအတိုင်းပဲ သမ္မတစကားကို နားထောင်လား၊ မနားထောင်လားထက် သူ သမ္မတရဲ့ လိုလားချက်ကိုတော့ ဖြည့်ဆည်းရမယ့်သဘောတော့ရှိတယ်။ ဒါကို လုပ်မယ်ဆိုရင် သမ္မတစကားနားမထောင်ရာကျတယ်။ အခု ၁၆-၁၇ (၂၀၁၆-၂၀၁၇) အစီရင်ခံစာမှာ ဘာထွက်လာလဲဆိုတော့ အန်ကယ်တို့က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ဖြည့်စွက်ရန်ပုံငွေ ခွင့်ပြုလိုက်တာရှိတယ်။

အများပြည်သူ သယ်ယူ ပို့ဆောင်ရေးအတွက် ၇၀ ဘီလီယံ၊ နောက်တစ်ခါ ရန်ကုန်မြို့တော် စည်ပင်ဘဏ်မှာ ထည့်ဖို့ ၆၄ ဘီလီယံ ဘဏ်ကြီးဖွံ့ဖြိုးဖို့ လုပ်ငန်းတွေလုပ်ဖို့လို့ အန်ကယ်တို့က ထင်လိုက်တာပေါ့။ အားလုံးပေါင်း ၁၃၄ ဘီလီယံ ခွင့်ပြုလိုက်တယ်။ သို့သော်လည်းပဲ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ ထွက်လာတဲ့အခါမှာ အဆိုပါ ၆၄ ဘီလီယံကို ရန်ကုန်မြို့တော်စည်ပင်ဘဏ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မထည့်ဘူး။ ဘာလုပ်တုန်းဟေ့ဆိုတော့ မြို့သစ်အတွက်။ Yangon Metropoliton Development Public Co.,Ltd(YMD) အတွက် ငွေကျပ် ၅၄ ဘီလီယံ အသုံးပြုနေပြီး မြို့သစ်စီမံကိန်းတွေဖြစ်တဲ့ မရမ်းကုန်းအဆင့်မြင့်ဗီလာ အိမ်ရာစီမံကိန်း၊ ပါရမီအိမ်ရာစီမံကိန်း၊ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ၊ အရောင်းအိမ်ရာနဲ့ Mixed Use စီမံကိန်း၊ ငွေပယ်လယ် Dry Port စီမံကိန်း၊ ပြည်သူ့ဘဝမြှင့်တင်ရေး အိမ်ရာ တွံ့တေး (Project X) ၊ဒဂုံအရှေ့ခေတ်မီစက်မှုဇုန်နဲ့ စက်မှုဇုန်အထောက်အကူပြု အိမ်ရာစီမံကိန်း (မြောက်ပိုင်း) တို့ကို ဆောင်ရွက်နေပါတယ်။

လုပ်ငန်းမစတင်နိုင်သေးတဲ့အတွက် စီမံခန့်ခွဲမှုစရိတ် ၁၁ ဒသမ ၄၆၀ သန်း အရှုံးပေါ်နေပြီး ကျန်ငွေတွေကို ဘဏ်အပ်ထားတာကြောင့် ဘဏ်တိုးငွေ ၂၂၈၉ ဒသမ ၀၂၈ သန်း ရရှိထားတယ်။ New Yangon Development Co.,Ltd မှာလည်း ရန်ကုန်တိုင်းအစိုးရက ထည့်ဝင်ငွေ ၁၀ ဘီလံယံနဲ့ ကြည့်မြင်တိုင် တစ်ဘက်ကမ်းမှာ ရန်ကုန်မြို့သစ်စီမံကိန်း ဆောင်ရွက်နေတယ်။ ဝင်ငွေမရှိပေမယ့် စီမံခန့်ခွဲမှုစရိတ်တွေ စတင်အသုံးပြုနေပြီလို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရုံးအစီရင်ခံစာမှာ ဖော်ပြပါတယ်။ စီမံခန့်ခွဲမှုစရိတ် ၉၂ ဒသမ ၆၁၁ သန်းကို သုံးစွဲပြီး ကျန်ငွေ ၉၉၀၆ ဒသမ ၅၃၉ သန်းကို ဧရာဝတီဘဏ်မှာ ၅၉၈၈ ဒသမ ၅၇၄ သန်း နဲ့ ကမ္ဘောဇဘဏ်မှာ ကျပ်ငွေ ၃၉၀၆ ဒသမ ၈၄၄ သန်း အပ်နှံထားတယ်။

ဒါတွေက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ ညီပါရဲ့လား။ စီမံခန့်ခွဲမှုစရိတ်တွေကုန်နေတယ်။ရလဒ်မထွက်သေးဘူး။ မြို့သစ်စီမံကိန်း အတွက် ထပ်ကုန်ဦးမယ်။ ဘယ်လိုကုန်မလဲ။ မြို့သစ်မစခင် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို အားသန်နေတာ။ အမှန်က မြို့သစ်စီမံကိန်းအတွက် ပညာရှင်တွေက ဧက ၂၀၀၀လောက် လေးဒေါင့်ကန်ဘက်မှာ ရှိထားပြီးသား။ အဆင်သင့် ရှိတယ်။ သို့သော်လည်း ဟိုဘက်ကမ်းမှာ သွားလုပ်တယ်။ ရေခြား မြေခြား တံတားထိုးရမယ်။ တံတား ၂ စင်း ထိုးရမယ်။ တံတားထိုးဖို့ ကုန်ဦးမယ်။ သွားလာဖို့ စည်ကားဖို့အတွက် လွယ်ကူဖို့အတွက် ကုန်ဦးမယ်။ တံတား ၂ စင်းထိုးဖို့ ငွေကုန်ဦးမယ်။ ဒါတွေက သူဆက်ပြီးရင်လုပ်ရင် အန်ကယ်တို့ကတော့ ဆွေးနွေးသွားမှာပါပဲ။

ဆွေးနွေးပေမယ့်လည်း မင်းတို့လည်း ကြိုက်သလို ဆွေးနွေး ငါလည်း လုပ်ချင်သလို လုပ်မယ်ကွဆိုပြီး လုပ်ရင်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှားတယ်။ အန်ကယ်တို့ ထောက်ပြနေတာ မမှားအောင်လုပ်နေတာ။ ကိုယ်တင်မြှောက်လိုက်တဲ့ အစိုးရ ကိုယ်အောင်မှတ်ပေးချင်တယ်။ တကယ့် အစိုးရကောင်းတစ်ရပ်လည်းဖြစ်စေချင်တယ်။ ရွဲ့နေတာမဟုတ်ဘူး။ အပြန်အလှန် Check and Balance အန်ကယ်တို့မှာ တာဝန်ရှိတယ်။ ပြည်သူ့ကိုယ်စားပြောနေတာ။ ဒါတွေက အခုဆိုရင် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာထွက်လာပြီ။ အရင်တုန်းက ကြားနေရတယ်။ ပြောလို့မကောင်းဘူး။ အခုတော့ အစီရင်ခံစာထွက်လာပြီ။ ဒီရလဒ်ထွက်လာတဲ့အတွက် ၆၄ ဘီလီယံထဲက ငွေ တွေသုံးပစ်သလဲ။ YBS ၇၀ ဘီလီယံ မကဘူး။ ဧရာဝတီဘဏ်က ၈ ဘီလီယံ ထပ်ချေးတယ်။ ဧရာဝတီဘဏ်ကနေ လွှတ်တော်ကို အတည်မပြုဘဲနဲ့ ၈ ဘီလီယံ ချေးလိုက်တဲ့ငွေသည် ဘယ်လိုအပေးအယူနဲ့ချေးထားတာလဲ။ ဒီငွေတွေ အခု YBS က ရှုံးတယ်လို့ ပြောနေပြီ။ ရှုံးဖို့ဖြစ်နေတယ်ပေါ့။ တကယ်လို့ ပျောက်သွားရင် အဲဒီ ၈ ဘီလီယံက ဘယ်လိုလုပ်မှာလဲ။ အန်ကယ်ကတော့ လက်မခံဘူး။

စာရင်းစစ်ချုပ်အစီရင်ခံစာထဲမှာ ရေးထားတယ်။ ငွေကြေးအမြတ်မရပေမယ့်လည်း Social Profit တွေ ဝန်ဆောင်မှုတွေ မြတ်ပါတယ်ပေါ့။ ဒီနေ့ ဝန်ဆောင်မှုက ကောင်းနေပြီလား။ YBS မှာ ထိုက်ထိုက်တန်တန်ဖြစ်နေပြီလား။ ပြည်သူတွေ တကယ်ပဲ ခံစားရပြီလား။ အန်ကယ့်အမြင်တော့ နည်းသေးတယ်။ မှန်းထားတာက စင်ကာပူ Standard လေ။ ဖြစ်ပြီလား။ ရည်မှန်းချက်တော့ ရှိရမှာပေါ့။ ဖြစ်ပြီလားလို့ ဘာလို့ မေးလဲဆိုတော့ အစိုးရအဖွဲ့ကိုယ်တိုင် ပြောတယ်။ တစ်နှစ်ပြည့်လို့ရှိရင် ကျနော်တို့ YBS အချိန်မှန် တိကျမှု၊ ဝန်ဆောင်မှု ကောင်းမွန်မှုတို့ကြောင့် ရန်ကုန်မြို့ပေါ်မှာ ရှိသော ကားပိုင်ရှင် သူဌေးများသည် သူတို့၏ ကားများကို ကားဂိုဒေါင်ထဲမှာ ထားခဲ့ပြီးတော့ YBS ကို အားပေးပါလိမ့်မယ်တဲ့။ အန်ကယ် သေသေချာချာ မှတ်ထားတာ။ လွှတ်တော်ထဲမှာလည်း ခဏခဏ ပြောတယ်။ ဝန်ကြီးချုပ် မျှော်မှန်းခဲ့တာ ကောင်းပါတယ်။ အဲဒါ ဖြစ်နေပြီလား။ ယနေ့ ဝန်ဆောင်မှု ကောင်းရင် သူဌေးကြီးများ စီးမှာပေါ့။ စီးနေပြီလား သူဌေးကြီးတွေ။ ဒီနေ့ ကြားကားတောင် မပျောက်သေးပါဘူး။ ကြားကားတောင် မပျောက်သေးပါဘူး။ ကြားကားမပျောက်သေးလို့ အဝေးပြေးဝင်းကနေ မြို့ထဲ အထိ အန်ကယ်ကိုယ်တိုင် ၁၀၀၀ ကားပဲ စီးနေရတယ်။ YBS ကျပ်တယ်လေ။ မရဘူးလေ။နှစ်ရာတော့ နှစ်ရာပဲ။ ဝန်ဆောင်မှု မကောင်းတော့ ချောင်ချောင်ချိချိစီးရရင်တော့ နှစ်ရာပေးပြီး စီးတာပေါ့။ မရဘူး။ အဲဒီတော့ ၁၀၀၀ ပေးပြီး ကြားကားစီးရတယ်။ ကြားကားတွေသည် ၂၄ နာရီ ှရိတယ်။ ၁၀၀၀ ကားလေးနဲ့ကျတော့ ဝန်ဆောင်မှုက တော်သေးတယ်။ အဲဒါလေးတွေပါ။ ဒါတွေကလည်း ပြောစရာ အများကြီးပါ။

မေး။ ။ အခုက မြို့သစ်စီမံကိန်းအတွက်လည်းငွေက လက်လွန်နေပြီဆိုတော့ ရပ်မယ့် သဘောမရှိတဲ့ သဘောလား။

ဖြေ။ ။ ရပ်လိုက်ရင်တောင် ဒီငွေတွေ ဘယ်လိုဖြစ်မလဲ။ ဒီငွေတွေက ကုန်နေပြီလေ။ CCCC တရုတ်ကုမ္ဗဏီဆိုတာ တရုတ်အစိုးရနဲ့ ပတ်သက်တာလေ။ နောက်ဆက်တွဲ ထပ်ပြောလိုက်ဦးမယ်။ အခုပြောပြော နေတဲ့ Control Center ကြီး ခေတ်မီ မီးပွိုင့် ဗဟိုထိန်းချုပ်ရေးစနစ်၊ မှန်တယ်။ အရင်အစိုးရလက်ထက် ကတည်းက စာချုပ်ချုပ်ခဲ့တာ အခုအချိန်အထိ မပြီးသေးဘူး။ သို့သော်လည်းပဲ တာဝန်ခံမှု၊ တာဝန်ယူမှု အပိုင်းမရှိဘူး။ အရင်အစိုးရက လွှဲပေးလိုက်ပြီ အခုအစိုးရက တာဝန်ယူရပြီ။ သူ အစိုးရဖြစ်လာပြီ တာဝန်ယူပြီဆိုရင် အဲဒါ မြန်မြန်ပြီးအောင်လုပ်ရမယ်။

သို့သော်လည်းပဲစီမံခန့်ခွဲမှု စိတ်ဝင်စားမှု တွန်အားပေးမှု နည်းတော့ ဒါကြီးက မပြီးဘူး။ မပြီးသာမပြီးတာ YRTA ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ ရေး အဖွဲ့က ပြောနေတုန်းပဲ။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်းပြောနေတယ်။ YBS ဘရိတ် ဘယ်နှစ်ချက်တော့တာက သိတယ်ဟေ့ဆိုပြီး ပြောနေတယ်။ ဒီနေ့ အဲဒါကြီးက သဲထဲရေသွန်သလိုဖြစ်နေပြီ။ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာလည်းပါတယ်။ မပြီးရင် သတ်မှတ်ထားတဲ့ရက်ကျော်ရင် ဒဏ်ကြေး ၁ သိန်း။ ဆောင်တော့ဆောင်တယ်။ ရက်ပေါင်း ၂၁၀ ပဲဆောင်ခဲ့တယ်။ ဒီနေ့ မပြီးတာ ၂ နှစ်ကျော်နေပြီ။ တကယ်တမ်းပေးရမယ်ဆိုရင် သိန်း ၇၀၀ လောက်ဖြစ်နေပြီ။ အဲဒီပရောဂျက်က ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ဘီလီယံ ၃၀ ။ ဘီလီယံ ၃၀ အနက်မှာ ဘီလီယံ ၂၀ ကို အဲဒီပရောဂျက်အတွက် သုံးတယ်။ ၁၀ ဘီလီယံကို BRT စနစ် အတွက် သုံးတယ်။ အဲဒီပရောဂျက်က ၂၀ ဘီလီယံကုန်တဲ့ဟာ။ စာချုပ်ချုပ်ပြီး လုပ်ခဲ့တာ။ ဒီနေ့ မပြီးဘူး။ မပြီးတော့ ဆက်ပြီးလုပ်မှ ရမယ်။ ဒီကောင်ကြီးသာ ပြီးလို့ရှိရင် ယာဉ်ကြောကျပ်တည်းမှုကို လေ ျှာ့နိုင်မယ်။ တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုမယ်။ အများကြီးကောင်းပါတယ်။ သို့သော်လည်းပဲ မပြီးဘူး။ မပြီးတော့ ထပ်ပြီးလုပ်ရမယ်။ ဝန်ကြီးချုပ်ကြီးကတော့ ပြောတယ်။ Third Party ဖွဲ့မယ်ပေါ့။ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာလည်းပါနေပြီ။ ဒဏ်ကြေးလည်း မပေးနိုင်တော့ဘူး။ ဟိုကောင်တွေက။ နောက်တစ်ခါ BRT ၁၀ ဘီလီယံ စာရင်းတွေ ပြန်ကြည့်တဲ့အခါ ထပ်နေတယ် စာရင်းတွေ။ အန်ကယ်လည်း ဆွေးနွေးရဦးမယ်။ အဲဒါကို နောက်ပိုင်းမှာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com