Local News political news

ရခိုင်တွင် ပဋိပက္ခ ပြင်းပြင်းထန်ထန် ကြီးကြီးမားမားဖြစ်စေရန် အမေရိကန်၊ ဗြိတိန်နှင့်OIC တို့က စီမံနေဟု လွှတ်တော်အမတ်ဦးဘရှိန် ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ်တွင် တရုတ်အကျိုးစီးပွားများ ရှိနေခြင်း၊ အိန္ဒိယက ရေနက်ဆိပ်ကမ်းတစ်ခု ဆောင်ရွက်နေခြင်း တို့ကြောင့် အမေရိကန်နှင့် ဗြိတိန် နိုင်ငံတို့က ရခိုင်ဒေသ မတည်မငြိမ်ဖြစ်အောင် လုပ်ခြင်းဖြင့် အဆိုပါ တရုတ်နှင့် အိန္ဒိယအကျိုးစီးပွားများ ပျက်စီးစေရန် စီမံနေကြကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် လွှတ်တော်အမတ် ဦးဘရှိန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အမေရိကန်၊ ဗြိတိန်နှင့် OIC ခေါ် မွတ်စလင်နိုင်ငံများသည် တစ်သားတည်း ရပ်တည်နေသည်ဟု ၎င်းက စွပ်စွဲပြောဆိုလိုက်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ သြဇာအောက်သို့ အလိုလို ကျရောက်နေပြီး ကဏ္ဍပေါင်းစုံတွင် တရုတ်၏ လွှမ်းမိုးမှုကြီးမားလာနေကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ရခိုင်ပြည်နယ်တွင် အကျိုးစီးပွားများရရှိနေကြကြောင်း၊ အမေရိကန်နှင့် ဗြိတိန်တို့သည် ယင်းသို့ တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားများကို သဘောမကျသည့်အတွက် ရခိုင်ဒေသတွင် ပဋိပက္ဋကြီးမားအောင် ဆောင်ရွက်နေကြသည်ဟု လွှတ်တော်အမတ် ဦးဘရှိန်က ဆိုသည်။

“ဒီမှာ တရုတ်ရဲ့ သြဇာအောက်ကို အလိုလိုနေရင်း ရောက်သွားတာ။ ငြိမ်းချမ်းရေးမှာကြည့်မလား။ လက်နက်ကိုင်အင်အားစုတွေ အကုန်လုံး တရုတ်နဲ့ မကင်းရာ မကင်းကြောင်းတွေချည်းပဲ။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ တရုတ်တွေ ဘယ်လောက် သြဇာရှိလဲ။ တရုတ်လည်း သိတယ်။ မြန်မာလည်း သိတယ်။ ကမ္ဘာကလည်း သိတယ်။ အဲဒီတော့ ဒီလောက်အင်အားကြီး နိုင်ငံတစ်နိုင်ငံက ကုလသမဂ္ဂမှာလည်း ဗီတိုအာဏာပိုင်ထားတဲ့ နိုင်ငံ။ ဗီတိုအာဏာ ပိုင်တဲ့အပြင် စီးပွားရေး စစ်ရေးမှာ အမေရိကန်ကို ယှဉ်နိုင်တဲ့နိုင်ငံ။ ဒီနိုင်ငံက။ နောက်တစ်ခုက အမေရိကန်အစိုးရ ဗြိတိသျှ အစိုးရ OIC ကမ္ဘာရဲ့ လုပ်ဆောင်ချက်တွေကို အန်ကယ်တို့ ထူးထူးခြားခြားတွေ့ရတာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် တရုတ်က တင်ဒါရထားတယ်။ လုပ်မယ်။ စစ်တွေမြို့မှာ အိန္ဒိယကဆိပ်ကမ်းတစ်ခုလုပ်နေတယ်။ ပြီးတဲ့အဆင့်ရောက်နေပြီ ။ တရုတ်နဲ့ အိန္ဒိယက အဆင်မပြေဘူး။ အိန္ဒိယနဲ့ ရုရှက အဆင်ပြေတယ်။ ရုရှနဲ့ အိန္ဒိယ အဆင်ပြေတာ အကြောင်းပြုပြီးတော့ အမေရိကန်၊ အိန္ဒိယအဆင်မပြေဘူး။ အမေရိကန်နဲ့ အဆင်မပြေတဲ့ အိန္ဒိယက စစ်တွေမြို့ ဆိပ်ကမ်း ရေကြောင်းလမ်းကို လွှမ်းမိုးခြယ်လှယ်ခွင့်ရထားပြီ။ ဒီမှာ ကျောက်ဖြူစီးပွားရေးဇုန်မှာ တရုတ်က ခြယ်လှယ်ခွင့်ကို ရထားပြီဆိုရင် ဒီအကျိုးစီးပွားတွေကို အမေရိကန်တို့ အင်္ဂလိပ်တို့ ဘယ်လိုမှ သဘောကျမှမဟုတ်ဘူးလေ။ အဲဒီတော့ သဘောမကျတဲ့အတွက်ကြောင့် ဒီလုပ်ငန်းတွေကို မအောင်မြင်စေချင်ဘူး။ သေချာတယ်။ မအောင်မြင်စေချင်ပေမယ့်လည်း ဒီလုပ်ငန်းတွေက အောင်မြင်လာမှာပဲ ။ လုပ်လာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တို့မှာ ရွေးစရာမရှိဘူး။ အဲဒီတော့ ဒီလုပ်ငန်းတွေကို ပျက်အောင်အတွက် မွတ်စလင်ကမ္ဘာရဲ့ မက်လုံးပေးနိုင်တဲ့ အမေရိကန်၊ အင်္ဂလိပ်တို့ဟာ ဘူးသီးတောင်၊ မောင်တော နယ်မှာ မွတ်စလင်နဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန်ဖြစ်အောင် ကြီးကြီးမားမားလုပ်ဖို့ စီစဉ်ကြတယ်၊ စီမံကြတယ်လို့ အန်ကယ် အဲဒီလိုပဲ နားလည်ထားတယ်” ဟု ဦးဘရှိန်က ဆိုသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများကို အကြီးအကျယ် ရင်ဆိုင်နေရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com