Local News political news

ရခိုင်တိုင်းရင်းသားများအပေါ် ဒေါ်အောင်ဆန်းစုကြည် အလွန် အငြိုးအတေးကြီးဟု ကျောက်ဖြူအမတ်ဦးဘရှိန်ပြောဆို

 

ရန်ကုန်၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများကို အစိုးရက ကိုယ်တွယ်ဖြေရှင်းရာတွင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက်မှုများရှိနေလင့်ကစား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့က ကန့်ကွက်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေသည့်အတွက် ရခိုင်တိုင်းရင်းသား များအပေါ် အငြိုးအတေးကြီးသည်ဟု ဆိုနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်။ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သူ ဦးဘရှိန်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် လွှတ်တော်အမတ် ဦးဘရှိန်က အထက်ပါ အတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“သူ့အစိုးရက ဘယ်လိုစိတ်ကူးစိတ်သန်းနဲ့ လုပ်နေတယ်ဆိုတာတော့ အန်ကယ်မသိနိုင်ဘူးလေ။ ဒီဘင်္ဂါလီပြဿနာတွေကို ကိုင်တွယ်တဲ့အခါ သူ့မှာ စိတ်ကူးစိတ်သန်း အသစ်အဆန်းတစ်ရပ်အနေနဲ့ နိုင်ငံတကာပုဂ္ဂိုလ်တွေနဲ့ အစီအစဉ်ချပြီးတော့ အစီအမံကို လုပ်တာပဲ။ အန်ကယ်တို့က ဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့အပေါ်မှာ သူလုပ်တဲ့လုပ်ငန်းစဉ်တွေကို သဘောမတူလို့ ကန့်ကွက်ခဲ့တယ်။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူလုပ်ချင်ရာ လုပ်တာပဲ။ အန်ကယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်လူမျိုးတွေအပေါ်မှာ အငြိုးအတေးတော်တော်လေးကြီးတဲ့ ခေါင်းဆောင်တစ်ယောက်လို့ ထင်တယ်” ဟု ဦးဘရှိန်က ဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကြောင့် ရခိုင်တိုင်းရင်းသားတစ်ဦးအနေဖြင့် ယင်းကဲ့သို့ ခံစားနေရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အငြိုးအတေးကြီးတယ်ဆိုတာကတော့ သူ့မှာ အငြိုးအတေးမှတ်သားထားတာတွေ ရှိကောင်းရှိမှာပေါ့။ သူက ကျန်တဲ့လူမျိုးတွေအပေါ်မှာ မတွေ့ဘူးလေ။အဲဒါကြောင့် သူ အငြိုးအတေး ကြီးတဲ့အတွက်ကြောင့်သာ သူ ဒီလို ဆက်ဆံတယ်လို့ အန်ကယ် တွက်ရမယ်။ သူလုပ်ရပ်ကိုကြည့်ပြီးတော့ အန်ကယ်တို့က အဲလိုပြောနေတာ။ အန်ကယ်သုံးသပ်ချက်က မှန်ချင်မှလည်း မှန်မယ်။ ဒါပေမယ့် အဲလိုခံစားနေရတယ်” ဟု ဦးဘရှိန်က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက NLD နှင့်ဒေါ်အောင်ဆန်းစုကြည်အပေါ် ရခိုင်တိုင်းရင်းသားများက မျှော်လင့်ချက်ရှိခဲ့သော်လည်း လက်တွေ့အာဏာရလာသောအခါ မျှော်လင့်ချက်များ ပျက်ပြယ်သွားကြောင်း ၎င်းက ဆိုသည်။

“ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်ကို အဲဒီပြည်နယ်တွေမှာ အများဆုံးအနိုင်ရပါတီကို ဝန်ကြီးချုပ်ရာထူးပေးဖို့အထိ သူတို့ပြောဆိုခဲ့တယ်။ ဆွေးနွေးခဲ့ကြတယ်။ အဲဒီဟာကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ ပြည်နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့အာဏာရလို့ရှိရင် သက်ဆိုင်ရာပြည်နယ်တွေမှာ လွှတ်တော်က ထိန်းချုပ်နိုင်တဲ့ ပါတီဟာ အစိုးရအဖွဲ့ကိုလည်း ဦးဆောင်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပေါ့။ ဒါပေမယ့် တကယ်အာဏာရတဲ့အခါ ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းထားတဲ့ ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့အတိုင်း လုပ်ရတာပါဆိုပြီး ဆင်ခြေပေးသွားတယ်။ အဲဒါက သိပ်ရုပ်ဆိုးတယ်” ဟု ဦးဘရှိန်က ရှင်းပြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts